(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုပွဲတွင် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေဆင်နွှဲကြတော့မည့် တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၏ စကားသံများ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၉


(၇၅)   နှစ်မြောက်    စိန်ရတုပြည်ထောင်စုနေ့   အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ   ယဉ်ကျေးမှုအကအလှများဖြင့်    ကပြဖျော်ဖြေ တင်ဆက်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်း သား ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီလ ၃ ရက်နေ့  တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

 


စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြဖျော်ဖြေကြမည့် ရိုးရာအက အလှတေးသီချင်းအကြောင်းအရာများကို ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်     တွေ့ဆုံမေးမြန်းထား၍     ရေးသားဖော်ပြလိုက် ရပါသည်။


နန်းဖြိုးဖြိုးစံ၊ အုပ်ချုပ်သူ၊ 
ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့


ကျွန်မတို့ ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦး  စုစုပေါင်း  ၄၀ တက်ရောက်လာ ပါတယ်။ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာ  ဖွံ့ဖြိုးဝေစည်ဒို့ဌာနေ သီချင်းကို ရိုးရာဒုံးအကနဲ့ တင်ဆက်ကပြသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဒီသီချင်းနဲ့ ရိုးရာဒုံးအကကို အဆင် ပြေပြေ  တင်ဆက်ကပြဖျော်ဖြေနိုင်ဖို့အတွက်  တစ်လနီးပါးအချိန်ယူ  ပြင်ဆင်ခဲ့ရပါတယ်။   ညီညီညာညာ  တက်တက်ကြွကြွတင်ဆက် ကပြ နိုင်ဖို့အတွက်     အချိန်ယူပြင်ဆင်ခဲ့ကြပါတယ်။    ကျွန်မတို့     စိန်ရတု ပြည်ထောင်စုနေ့ကြီးကို ဆင်နွှဲကြရတော့မှာဖြစ်တဲ့အတွက် အတိုင်း မသိဝမ်းသာပါတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့လည်း တွေ့ဆုံရမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ပျော်ရွှင်မိပါတယ်။ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ဆင်နွှဲရမှာဖြစ်တဲ့အတွက် အတိုင်းမသိ  ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။

 


စောကျော်လွင်ထူး၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်တော်တို့က  ဖွံ့ဖြိုးဝေစည်ဒို့ဌာနေ သီချင်းနဲ့ ကပြဖျော်ဖြေ သွားမှာ ဖြစ်ပါတယ်။   ကျွန်တော်တို့   ဒီအကကို  အဆင်ပြေပြေကပြ ဖျော်ဖြေနိုင်ဖို့  တစ်လလောက်ထိ  အချိန်ယူ လေ့ကျင့်ခဲ့ကြပါတယ်။ စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ     ပါဝင်ကပြဖျော်ဖြေကြရတော့မယ်  ဆိုတော့   အတိုင်းမသိဝမ်းသာတာပေါ့။   အနယ်နယ်အရပ်ရပ်မှာရှိတဲ့  တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံရတယ်။ ရင်းနှီးခွင့်ရတယ်ဆိုတော့ တကယ်ကိုပဲ ဝမ်းသာမိပါတယ်။ နောင်နှစ် တွေမှာလည်း ထပ်ဆုံရဦးမယ်လို့ မျှော်လင့်မိပါတယ်။

 


ဒေါ်ဆာဆု၊ အုပ်ချုပ်သူ၊ ချင်းပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်မတို့ ချင်းပြည်နယ်အကအဖွဲ့အနေနဲ့ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ပါတယ်။ ကျွန်မတို့က ချင်း ပြည်နယ်ကိုယ်စားပြု ချင်းယဉ်ကျေးမှု အကနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါ တယ်။   ကျွန်မတို့က  ပလက်ဝမြို့က   ချင်းရိုးရာ  ယဉ်ကျေးမှုအကနဲ့ တင်ဆက်ကပြဖျော်ဖြေသွားမှာ    ဖြစ်ပါတယ်။     သီချင်းနာမည်က ပြည်ထောင်စုကြီး   ထာဝရငြိမ်းချမ်းပါစေ ဆိုတဲ့  သီချင်းနဲ့  ဖျော်ဖြေ သွားမှာဖြစ်ပါတယ်။ကျွန်မတို့ ပလက်ဝမြို့က နိုင်ငံတော်အဆင့်ပွဲတွေ မသွားရတာလည်းကြာပြီ။    ဒီတစ်နှစ်တော့    အခြေအနေအကြောင်း ကြောင်းကြောင့်  ကျွန်မတို့  ပလက်ဝမြို့က  လာရောက်ဖျော်ဖြေပါ တယ်။ ကျွန်မတို့ကလည်း (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကို ကြုံတောင့်ကြုံခဲ ဆင်နွှဲရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။

 


မောင်ရှာမွေလ၊ ချင်းယဉ်ကျေးမှုအကအဖွဲ့


ကျွန်တော်တို့အဖွဲ့အနေနဲ့    ချင်းယဉ်ကျေးမှုအကနဲ့   ဖျော်ဖြေဖို့  တစ်လကျော်ကျော်လောက် အချိန်ယူ လေ့ကျင့်ခဲ့ကြပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလိုအခမ်းအနားမျိုးနဲ့ ပြည်ထောင်စုပွဲမျိုးကို တစ်ခါမှ မပါဝင် ခဲ့ဖူးပါဘူး။   ဒီပွဲက   ကျွန်တော့်အတွက်    နိုင်ငံတော်အဆင့်အနေနဲ့ ပထမဆုံးအကြိမ် ဖျော်ဖြေရတဲ့ပွဲလည်း ဖြစ်ပါတယ်။အခုလို ပါဝင် ဖျော်ဖြေရမှာဖြစ်တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ပီတိလည်း ဖြစ်မိပါတယ်။

 


ဒေါ်ခင်အေးချို၊ အကနည်းပြ၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်မတို့က  ၁၉၈၁ ခုနှစ်က  တင်ဆက်သွားတဲ့ ယိမ်းအကပါ။ ဒီဂန္ထဝင်ဆန်တဲ့သီချင်းကို အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်ပြီးတော့  တင်ဆက်သွားမှာပါ။  သီချင်းရဲ့နာမည်ကတော့   ဆီမီးတစ်ထောင်  ကြာသွပ်ပွဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ကပြဖျော်ဖြေမယ့်သူက ၂၄ ဦးပါ။ အတီးပိုင်း ပံ့ပိုးမယ့်သူက ခြောက်ဦး  ဖြစ်ပါတယ်။  အဆိုရှင်က နှစ်ဦး ဆိုတော့ စင်ပေါ်တက်ရောက်ဖျော်ဖြေမယ့်သူက ၃၂ ဦး ဖြစ်ပါတယ်။ ဒီနှစ်က အရင်နှစ်တွေ၊ နှစ်တွေကနဲ့မတူတဲ့ စိန်ရတု ပြည်ထောင်စုနေ့ လည်းဖြစ်တယ်။    အရင်နှစ်ကဆိုရင်လည်း     ကိုဗစ်ရောဂါကြောင့် တိုင်းရင်းသားတွေ  မဆုံခဲ့ကြရဘူး။  အခုကျတော့ ဒီတစ်နှစ်မှာတော့ ဗိုလ်ရှုခံလည်းပါတယ်။ အလှပြယာဉ်တွေလည်းပါတယ်ဆိုတော့  ကျွန်မ တို့အတွက် ကြုံတောင့်ကြုံခဲပေါ့။

 


မဝင်းသန္တာလှိုင်၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့ဝင်


သမီးတို့အကအဖွဲ့က ရခိုင်ရိုးရာဓလေ့ကို ဖော်ပြထားတဲ့ ဆီမီး တစ်ထောင်    ကြာသွပ်ပွဲ  ဆိုတဲ့   သီချင်းနဲ့   ကပြဖျော်ဖြေသွားမှာဖြစ် ပါတယ်။ ဒီအကကို သမီးတို့အဖွဲ့အနေနဲ့ အချိန်ယူပြီး သေချာပြင်ဆင် လေ့ကျင့်ခဲ့ပါတယ်။  စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပါဝင်ဆင်နွှဲရတော့ မယ်ဆိုတော့ ပျော်ရွှင်မိပါတယ်။

 


ဒေါ်မိမြသန်း၊ အကနည်းပြ၊ မွန်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်မတို့ မွန်ယဉ်ကျေးမှုအကအဖွဲ့က လူဦးရေ ၂၆ ယောက်နဲ့  ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကတဲ့  အကက ဟင်္သာတို့ ပျော်စံရာမြေ   ဆိုတဲ့  သီချင်းနဲ့ဖျော်ဖြေသွားမှာဖြစ်ပါတယ်။အခုလို ကျွန်မတို့အဖွဲ့ရဲ့  ကျန်းမာရေးကအစ  လိုလေသေးမရှိအောင်  ကူညီ ဆောင်ရွက်ပေးတဲ့အတွက် သက်ဆိုင်ရာအသီးသီးကို ကျေးဇူးတင် ပါတယ်။ နောက်ပြီးတော့ ပြည်ထောင်စုပွဲအတွက် လာရောက်ကြတဲ့ တိုင်းရင်းသားတွေနဲ့တွေ့ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။

 


မစန္ဒာလင်း၊ မွန်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


မွန်ပြည်နယ်အကအဖွဲ့အနေနဲ့   ဟင်္သာတို့  ပျော်စံရာမြေ  ဆိုတဲ့ သီချင်းနဲ့ဖျော်ဖြေမှာပါ။ ကျွန်မတို့ အကအဖွဲ့ဆရာမကလည်း အခြေခံ ကအစ သေချာသင်ကြားပေးပါတယ်။ စိန်ရတု ပြည်ထောင်စုပွဲကြီးကို  ဆင်နွှဲရတော့မယ်ဆိုတော့      အလွန်ပျော်ပါတယ်။    တစ်ခါမှလည်း နေပြည်တော်ကို မရောက်ဖူးဘူး။ အခုမှ ရောက်ဖူးတာပါ။ ပြည်ထောင်စု ပွဲကြီးကိုလည်း အခုမှ ပါဝင်ဆင်နွှဲဖူးတာပါ။ကျွန်မတို့အတွက် အတွေ့ အကြုံသစ်တွေလည်း  ရတယ်။  နယ်မြေသစ်ကို ရောက်ဖူးတဲ့အတွက်  ဗဟုသုတတွေလည်းရတယ်။ နေပြည်တော်မှာရှိတဲ့ အထင်ကရ နေရာ တွေကိုလည်း သွားရောက်လေ့လာရတဲ့အတွက် ဗဟုသုတတွေလည်း ရပါတယ်။

 


ဒေါ်နီနီမင်းသိန်း၊ အုပ်ချုပ်သူ၊ ကယားပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်မတို့ ကယားပြည်နယ်အကအဖွဲ့အနေနဲ့ လူဦးရေ ၂၅ ဦးနဲ့  ကပြဖျော်ဖြေသွားမှာပါ။    ကမယ့်သီချင်းက    ကယားကိုးမျိုးအကနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ကယား ကိုးမျိုးဆိုတာကတော့ ကယား မျိုးနွယ်စုကိုးမျိုးရဲ့  ရိုးရာအကတွေ  ပေါင်းစပ်ပြီး ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။    စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ   ကယားပြည်နယ် ကိုယ်စားပြု ဖျော်ဖြေရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်မတို့ အခက် အခဲတွေကြားထဲက    စုစည်းပြီးတော့မှ   လာရောက်ရတဲ့အတွက်  လည်း ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

 


ဦးအောင်သူလတ်၊ အကနည်းပြ၊ ကယားပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်တော်တို့ ကယားပြည်နယ်အကအဖွဲ့အနေနဲ့ ကယားမျိုးနွယ်စု ကိုးမျိုးရဲ့    ရိုးရာတောင်ယာလုပ်ငန်းတွေ    ယဉ်ကျေးမှုဓလေ့ထုံးစံ တွေကို ဖော်ကျူးထားတဲ့ တေးသီချင်းနဲ့ သရုပ်ဖော်  တင်ဆက်ကပြ သွားမှာဖြစ်ပါတယ်။    ကျွန်တော်တို့  အကကို   လေ့ကျင့်လာခဲ့တာ တစ်လလောက် ရှိနေပါပြီ။ တစ်လဆိုပေမယ့်လို့ အခက်အခဲတွေကြား ထဲကနေ ကျွန်တော်တို့ လေ့ကျင့်ကြရတာပါ။ စိန်ရတုပြည်ထောင်စုပွဲ ကြီးကို ဆင်နွှဲရတော့မယ်ဆိုတော့ အလွန်ပျော်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့   ပြည်ထောင်စုဆိုတဲ့  အနှစ်သာရကြီးကို   ဖော်ကျူးရမယ် ဆိုတော့ ပျော်တာပေါ့။

 


ဒေါရွယ်ဆိုင်း၊ အုပ်ချုပ်သူ၊ ကချင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့


ကျွန်မတို့        ကချင်ပြည်နယ်    ယဉ်ကျေးမှုအကအဖွဲ့အနေနဲ့ ပြည်ထောင်စုရဲ့  မြောက်ဘက်ဆီသို့    အလည်လာပါ  တေးသီချင်းနဲ့ သီဆိုကပြဖျော်ဖြေ  တင်ဆက်သွားမှာ  ဖြစ်ပါတယ်။  ကျွန်မတို့  အက အဖွဲ့မှာ အမျိုးသမီး  အမျိုးသား ၂၈ ဦးနဲ့ တင်ဆက်ဖျော်ဖြေသွားမှာ  ဖြစ်ပါတယ်။ကျွန်မတို့ စိန်ရတုပြည်ထောင်စုနေ့ကို ပါဝင်ဆင်နွှဲရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။

 


ပြည်နယ်နှင့်  တိုင်းဒေသကြီးများမှ  တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့များသည် နေပြည်တော်သို့ ရောက်ရှိစဉ်ကာလ အတွင်း  ဖေဖော်ဝါရီ  ၆ ရက်တွင် အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၊   တပ်မတော်  စစ်သမိုင်းပြတိုက်  (နေပြည်တော်)၊  အမျိုးသားပြတိုက်၊တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး     ထုဆစ်ခြင်းနှင့်  တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများ ဖေဖော်ဝါရီ ၇ ရက်တွင် ဥပ္ပါတသန္တိစေတီတော်၊    လွှတ်တော်အဆောက်အအုံ၊ ကျောက်မျက်ရတနာ ပြတိုက်၊ နေပြည် တော်  ဗုဒ္ဓဂယာဘုရား၊  ရေပန်းဥယျာဉ်၊  Junction  Centre  တို့ကို သွားရောက်လေ့လာကြကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ - စိုင်းထွန်းနေလှိုင် (ဒက္ခိဏ)