(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် “(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်”အဖြစ် ဆောင်းပါး ပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ (၇၅) နှစ် စိန်ရတုတိုင် ဖြတ်သန်း ခဲ့သည့် လွတ်လပ်ရေး၏ အနှစ်သာရများ၊ သမိုင်းမှတ်တမ်းတစ်လျှောက် အစဉ်အလာကြီးမားခဲ့သည့်    လွတ်လပ်ရေးနေ့၏   ပုံရိပ်များနှင့် လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်ရမည့် မွန်မြတ်သောရည်ရွယ် ချက်များ အစရှိသည်တို့ကို ဖော်ညွှန်းရေးသားထားသော ဆောင်းပါး များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်။

 


ဆောင်းပါးပြိုင်ပွဲကို မည်သူမဆို ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပုံနှိပ်ဖော်ပြခြင်းမရှိသေးသည့် စာမူများအား Pyidaungsu Font Size 13 ဖြင့်  စာမျက်နှာ ငါး မျက်နှာမှ ခုနစ် မျက်နှာအထိ ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ပါ သည်။ ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်စာမူနှစ်စောင်နှင့် Softcopy CD တစ်ခွေကို ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံချက်ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ရ မည်။ ပြိုင်ပွဲဝင်ဆောင်းပါးများကို အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်း စာပို့ချမှုများတွင် အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။

 


ပြိုင်ပွဲဝင်စာမူများကို   ဒီဇင်ဘာ  ၂၈  ရက်  ညနေ ၄ နာရီ နောက်ဆုံးထား၍    စာမူစိစစ်ရွေးချယ်ရေးအဖွဲ့     အတွင်းရေးမှူး ညွှန်ကြားရေးမှူး (ထုတ်လုပ်) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန  ရုံးအမှတ် (၂၂၈)  သိမ်ဖြူလမ်း   ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့သို့ ဆက်သွယ် ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက် ကျော်လွန်၍ပေးပို့လာသော  စာမူများကို    ပြိုင်ပွဲဆောင်းပါးအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။ 


သတင်းစဉ်