
ရန်ကုန် ဇူလိုင် ၁၉
ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည် နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသမှုဖြင့် အများပြည်သူနှင့် လူမှုရေး အသင်းအဖွဲ့များ လာရောက်ဂါရဝပြုခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်သို့ ပြည်သူများတစ်ဖွဲ့ပြီးတစ်ဖွဲ့လာရောက် ဂါရဝပြုလျက်ရှိရာ အသက် ၈၉ နှစ်ရှိ တပ်မတော်အငြိမ်းစား အဘ စိုးညွန့်က “ ဗိုလ်ချုပ်ကျဆုံးချိန်မှာ အဘကအသက် ၁၄ နှစ်ကျော်ပြီ။ ဒါနဲ့တပ်ထဲဝင်ခဲ့တယ်။ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကို အာဇာနည်နေ့တိုင်း အဘလာပြီး ဂါရဝပြုတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်၊ ဗိုလ်ချုပ်နေဝင်းဟာ တပ်မတော် ရဲ့မိခင်ဆိုပြီး အဘ ခံယူထားတယ်။ အခုလိုနှစ်စဉ် အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုရတာကို ဂုဏ်လည်းယူတယ်” ဟု ပြောကြား သည်။
နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးလေပြီးသော အာဇာနည်ကိုးဦးအား လွမ်းဆွတ်တသ အမှတ်ရမှုဖြင့် သွားလာနေကြသော ယာဉ်နှင့် ပြည်သူများရပ်တန့် ကြပြီး ဥဩဆွဲ၍ ပြည်သူများက ဦးညွတ်အလေးပြု ကြကာ နိုင်ငံတစ်ဝန်း၌ အလံများကို တိုင်တစ်ဝက် လွှင့်ထူခဲ့ကြသည်။
ယနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် အများပြည်သူတို့သည် ရွှေတိဂုံစေတီတော်မြတ် အရှေ့ဘက်မုခ်မှ ဗဟန်းမြို့နယ် နတ်မောက်လမ်း နှင့် ဗိုလ်ချုပ်ပြတိုက် လမ်းဆုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူ၍ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော ဗိုလ်ချုပ်နေအိမ် ကို ကြည့်ရှုလေ့လာပြီး နတ်မောက်လမ်း ဗိုလ်ချုပ် ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို ရည်မှန်း လျက် အလေးအမြတ် ဦးညွတ်ဂါရဝပြုခဲ့ကြသည်။
ရန်ကုန်မြို့ ကန်တော်ကြီး မြောက်ဘက် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအား တစ်ချိန်က အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီ ကို ဂုဏ်ပြု၍ ဒါလဟိုဇီပန်းခြံ ဟု ခေါ်တွင်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းပန်းခြံဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုထားရှိရန် ရှမ်းပြည်နယ် တောင်ကြီးမြိုမှ ပန်းချီ၊ ပန်းပုပညာရှင် ဦးစံဖေ ထုဆစ်သော ပုံစံငယ်ရုပ်တုကို ၁၉၅၅-ခုနှစ်တွင် လန်ဒန်မြို့ အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ် ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကြေးသွန်းပညာရှင် မစ္စတာ ကော့ပနယ် (Bainbridge Copnell) က ဗိုလ်ချုပ်ကြေးရုပ်ကို သွန်းလောင်းခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုသည် အမြင့် ၈ ပေ ၄ လက်မ ရှိပြီး ရုပ်တုအောက် ကမ္ပည်းစာသားကို ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဝန်ကြီးချုပ်ဦးနု၊ ဦးသန့်နှင့် ဗိုလ်မှူးကြီး ဘရှင်တို့က စိစစ်ရွေးချယ်ခဲ့ကြသည်။
ဗိုလ်ချုပ်ကြေးရုပ်တု အောက်ခံခုံအရှေ့ဘက် တွင် “ပြည်ထောင်စု၏ ရှေ့ဆောင်လမ်းပြကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁၂၇၆-ခု တပေါင်း လဆန်း ၁ ရက်၊ ကျဆုံးနေ့ ၁၃၀၉-ခု ဝါခေါင်လဆန်း ၂ ရက်” ဟု ရေးထိုးထားပြီး အောက်ခံခုံအနောက် ဘက်၌ “တတိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတမျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း တို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကောင်း သိနိုင်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ရေးထိုးထားသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲကို ၁၉၅၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အနှစ် ၄၀ ပြည့် မွေးနေ့တွင် ဖွင့်လှစ်ခဲ့သည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး