
ရန်ကုန် မတ် ၅
ပြန်ကြားရေးဝန်ကြီးဌာန ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ”ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဓာတ်ပုံပြိုင်ပွဲ ဆုရွေးချယ်စိစစ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓာတ်ပုံပြိုင်ပွဲဆုရရှိ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။
အမှာစကားပြောကြား
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုနှစ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များနှင့် ဝါသနာ ရှင် ၁၄၀ က ဓာတ်ပုံပေါင်း ၃၃၈ ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ယနေ့ ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ငါးဆု ပေါင်း ရှစ်ဆုအတွက် ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း။
တိုးတက်ပြောင်းလဲနေသည့် နည်းပညာခေတ်ကြီးတွင် မီဒီယာ လုပ်ငန်းသည် အရေးပါသည့် လုပ်ငန်းအဖြစ် နေရာယူလာပါ ကြောင်း၊ ဓာတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင်၊ ဂီတ စသည်တို့သည် အိုင်တီနည်း ပညာများမှတစ်ဆင့် ကမ္ဘာကြီးကို စက္ကန့်၊ နာရီမခြား ပျံ့နှံ့စေသည့် အတွက် ယဉ်ကျေးမှုများသည် အတားအဆီးမရှိ ထိုးဖောက် ဝင်ရောက်လာနေသည်ကို မြင်တွေ့ ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ကာလတွင် ကမ္ဘာ့နိုင်ငံအများစု သည် မီဒီယာကဏ္ဍမှ ယဉ်ကျေးမှု ထိုးဖောက်သည့်ဒဏ်ကို ခံစားနေ ကြရပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းသာယာ ရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာ၏ အခန်းကဏ္ဍသည် အဓိက ထောက်တိုင်ကြီးသဖွယ် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ဆုရွေးချယ်စိစစ် ရေးဥက္ကဋ္ဌ ဒါရိုက်တာ ပန်းချီ စိုးမိုးက ဓာတ်ပုံပြိုင်ပွဲ ဆုများ ရွေးချယ်ဆောင်ရွက်မှုနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆု ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသူ ဦးဇော်မင်းလွင်၊ ဒုတိယဆုရရှိသူ ဦးဝင်းတိုး၊ တတိယဆုရရှိသူ ဦးသန်းနိုင်ဦး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အထူး ဆု(၁)ရရှိသူ ဦးကောင်းဆက်ဝေ၊ အထူးဆု(၂)ရရှိသူ ဦးအောင်ကျော် မိုး၊ အထူးဆု(၃)ရရှိသူ ဦးသန်း နိုင်ဦးတို့အား ဆုများပေးအပ် ချီးမြှင့်ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ဌေးက အထူးဆု(၄)ရရှိသူ ဦးချမ်းသာနှင့် အထူးဆု(၅)ရရှိသူ ဦးသန်းနိုင်ဦးတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စား ပထမဆုရရှိသူ ဦးဇော် မင်းလွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တက်ရောက်လာ ကြသူများက ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများနှင့် ဆုရဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ကြည့်ရှုအားပေး
ယမန်နေ့ညပိုင်းက ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းတို့သည် ရန်ကုန် မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို( A) ၌ ပြုလုပ်သည့် Friday Night Live Show “ချစ်သည်းစွဲ MRTV ORCHESTRA” တေးဂီတဖျော်ဖြေ ပွဲ ရိုက်ကူးရေးဆောင်ရွက်မှုကို ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေပွဲမစတင်မီ ပြည် ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့က ဖျော်ဖြေပွဲ သို့ တက်ရောက်လာသည့် အနု ပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
သီဆိုဖျော်ဖြေ
ထို့နောက် ဖျော်ဖြေပွဲကို ကြည့်ရှုအားပေးရာ MRTV Orchestra အဖွဲ့မှ MRTV Overture ကို Greeting Instru-mental အဖွင့်တေးသွားဖြင့် လည်းကောင်း၊ တေးသံရှင်များ ဖြစ်ကြသည့် ရဲရင့်ဝေလွင်၊ သီရိစံ၊ မေထူးကျော်၊ ရဲထိုက်၊ နန်းစန္ဒီ၊ မြတ်နိုးစံ၊ စောဒန်နီရယ်နှင့် သဒ္ဒါဖြူတို့က တေးသီချင်းများဖြင့် လည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့က MRTV Orchestra အဖွဲ့အား ဂုဏ်ပြု ပန်းခြင်းနှင့် ဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။
သတင်းစဉ်