(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

လူ့အခွင့်အရေးကို ကျင့်သုံးကြရာတွင် မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့
သူတစ်ပါး၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး
လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လျစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လို

 

နေပြည်တော်  ဒီဇင်ဘာ  ၁၀


(၇၄) နှစ်မြောက်   အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို   ယနေ့   နံနက်ပိုင်းတွင်   နေပြည်တော်ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌    ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင်       တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်း ရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ် ကြီး   မိုးမြင့်ထွန်း၊   မန်းငြိမ်းမောင်၊  ဒေါ်အေးနုစိန်၊ Jeng Phang   နော်တောင်၊  ဒုတိယဗိုလ်ချုပ်ကြီး    စိုးထွဋ်နှင့်   ဒုတိယဗိုလ်ချုပ်ကြီး     ရာပြည့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊     နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ  တာဝန်ရှိသူများ၊   ဖိတ်ကြားထားသူများနှင့်   ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကားပြောကြား ရာတွင်  ယနေ့   ၂၀၂၂   ခုနှစ် ဒီဇင်ဘာ   ၁၀  ရက် သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်း အမှတ်အခါသမယဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက လူသားအားလုံးအတွက် လူ့အခွင့်အရေးစံများပါဝင် သည့်     ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့သည်မှာ  ယနေ့ဆိုလျှင်  (၇၄)  နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။

 


နှစ်စဉ် ကျင်းပပြုလုပ်


မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးမကြာမီ ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင်  ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံဖြစ်ခဲ့ပြီး   ၁၉၄၈   ခုနှစ်  ဒီဇင်ဘာ  ၁၀ ရက်     ကုလသမဂ္ဂအထွေထွေညီလာခံ၌  ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းအတည်ပြု ထုတ်ပြန်နိုင်ရေး အတွက်    မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို   အတည်ပြုထုတ်ပြန်ခဲ့ သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ဂုဏ်ပြုသည့်အနေ ဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ  နိုင်ငံအသီးသီး၌  လူ့အခွင့် အရေးနေ့အထိမ်းအမှတ်     အခမ်းအနားများကို     နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြပါကြောင်း။

 


အရေးပါသည့်အနှစ်သာရများ


ကမ္ဘာ့လူ့အခွင့်အရေး‌      ကြေညာစာတမ်း၌ “လူသားအားလုံးသည်    လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူ ရှိကြသည်” ဟု ဖော်ပြပါရှိသကဲ့သို့ လူသားအားလုံးအနေဖြင့် မိမိတို့၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့်    အခွင့်အရေးကို    အသိအမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူ ညီမျှရှိစေခြင်းတို့သည်လည်း     လူ့အခွင့်အရေး၏ အရေးပါသည့်အနှစ်သာရများပင် ဖြစ်ပါကြောင်း။

 


ထို့ပြင် လူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြ ရာတွင်လည်း လူ့အဖွဲ့အစည်းအတွက်  တရားမျှတ သည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရားများ၊ အများပြည်သူ    အေးချမ်းသာယာရေးနှင့်   အကျိုး စီးပွားဖြစ်ထွန်းရေးတို့ကို    ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ် ချက်များအတိုင်းသာ  ကျင့်သုံးရမည်ဟုလည်း  ယင်း ကြေညာစာတမ်း၌ အထင်အရှားဖော်ပြပါရှိပြီးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြ ရာတွင် မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့် အရေးများကို ရယူသကဲ့သို့   သူတစ်ပါး၏လွတ်လပ်ခွင့်နှင့်  အခွင့် အရေးကိုလည်း  လေးစားတန်ဖိုးထားပြီး   လိုက်နာ ဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လျစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်း။

 


ကာကွယ်စောင့်ရှောက်


ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပါရှိ သည့် လူ့အခွင့်အရေးစံများကို လေးစားသည့်အနေ ဖြင့် ကမ္ဘာ့နိုင်ငံအများစုသည်  ၎င်းတို့၏  ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် အဆိုပါစံများကို ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းထားသည်ကို      တွေ့ရပါကြောင်း၊ အလားတူ  မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)  တွင် လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များကို အခန်းတစ်ခန်းအဖြစ် ထည့်သွင်း ရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊   ထို့ပြင်   ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး များကို   ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ”ကို ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်း ထားရှိကာ       လူ့အခွင့်အရေး     ချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့်     အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ်     စစ်ဆေးဆောင်ရွက်လျက်ရှိပါ ကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့်      လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး   ကျင့်သုံးလိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်         အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဓိကသဘောတူစာချုပ်များဖြစ်ကြ သည့်        ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံ ဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ   သဘောတူ စာချုပ်နှင့်  စီးပွားရေး၊  လူမှုရေးနှင့်   ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ     အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့တွင်    စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပါကြောင်း၊   အဆိုပါစာချုပ်များနှင့် ဆက်စပ်နေသည့် နောက်ဆက်တွဲ သဘောတူစာချုပ် တချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း။

 


ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နေ


နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေ ရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိရေးတွင်လည်း   အဓိကကျပါကြောင်း၊  ထို့ကြောင့် လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့်   အမျိုးသားစည်းလုံးညီညွတ် ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင်  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို    ဖိတ်ခေါ် တွေ့ဆုံပြီး  ငြိမ်းချမ်းရေးဆွေးနွေးမှုများကို  အလေး ပေးဆောင်ရွက်နေသည်ကို   အားလုံးအသိပင်ဖြစ်ပါ ကြောင်း။

 


လူ့အခွင့်အရေးကို တန်ဖိုးထား


မိမိတို့နိုင်ငံ၏  တိုင်းရင်းသားများသည်  ဘာသာ တရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုး၏ ပင်ကို စရိုက်လက္ခဏာများအရလည်း လူသားအချင်းချင်း လေးစားမှုနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားမှုရှိသည့် နိုင်ငံနှင့် လူမျိုးများလည်းဖြစ်ပါကြောင်း၊ လူသားများ ၏ကောင်းကျိုးအတွက်    လူတို့   လိုက်နာအပ်သည့် အကြောင်းတရား၊ အမူအကျင့်၊ အပြောအဆို၊ အနေ အထိုင် စသည့်လမ်းညွှန်ဆုံးမစကားများ၊ တစ်နည်း အားဖြင့် နီတိတို့သည်လည်းကောင်း၊ လူမှုရေးရာနှင့် ပတ်သက်သည့် သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊   ဆရာကျင့်ဝတ်၊   လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊  မိတ်ဆွေကျင့်ဝတ်၊  အကြီးအကဲ ကျင့်ဝတ်၊ နာယကဂုဏ်အစရှိသည့် ပေါင်းသင်းဆက်ဆံ မှု နယ်ပယ်အလိုက် လိုက်နာစောင့်ထိန်းအပ်သည့် ဝတ္တရားများ၊ တစ်နည်းအားဖြင့်  ကျင့်ဝတ်တို့သည် လည်းကောင်း၊  လူသားများ၏ကောင်းကျိုးပွားရာ ဆောင်ကြဉ်းအပ်သည့်၊ လိုက်နာအပ်သည့် မင်္ဂလာ တရားများဖြစ်သော ၃၈ ဖြာ မင်္ဂလာ၊ ပေါင်းသင်း ဆက်ဆံရေးမင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ သင်ကြား ရေးမင်္ဂလာ၊    ပြုစုလုပ်ကျွေးရေးမင်္ဂလာ၊   ကူညီ ဆောင်ရွက်ရေးမင်္ဂလာ၊   ရှောင်ကြဉ်လိုက်နာရေး မင်္ဂလာ၊ စိတ်ထားဖြူစင် မြင့်မားရေးမင်္ဂလာ၊ သည်းခံ ခြင်းမင်္ဂလာ၊ ခြိုးခြံခြင်းမင်္ဂလာ၊ စိတ်ထားခိုင်မာရေး မင်္ဂလာ စသည့်မြတ်မင်္ဂလာတို့သည်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ခံကျင့်သုံးကြသည့် ဓလေ့ထုံးတမ်းဥပဒေအဖြစ် လူအများစုက လက်ခံ လိုက်နာလုပ်ဆောင်နေကြသော ကောင်းကျိုးတရား များဆိုသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း။

 


ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည် ပြုထုတ်ပြန်ခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ်တွင်(၇၅)နှစ်ပြည့်မြောက်မည်ဖြစ်သည့်အတွက် ယနေ့ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှစပြီး လာမည့်နှစ် အပြည်ပြည်ဆိုင်ရာ   လူ့အခွင့် အရေးနေ့အထိ      တစ်နှစ်တာကာလပတ်လုံးကို လူသားအားလုံးအတွက် အရေးပါသည့် အမွေအနှစ် ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးပေး ထင်ဟပ်ဖော်ညွှန်းဂုဏ်ပြုသည့် လှုပ်ရှား ဆောင်ရွက်ချက်များဖြင့် လေးစားလိုက်နာဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

 


ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ပြည်သူ အားလုံးက     ပိုမိုသိရှိနားလည်သဘောပေါက်ပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ်ပတ်သက်သည့် အပြု သဘောဆောင်သော သဘောထားအမြင်များ၊ ခံယူ လိုက်နာကျင့်သုံးမှုများ ပိုမိုဖြစ်ထွန်းလာရေးအတွက် အသိပညာပေးလှုပ်ရှားမှုများနှင့်အတူ    လူ့အခွင့် အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့ အစည်းတစ်ရပ်   ဖြစ်ထွန်းလာစေရေး   သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေး အနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 


ထို့နောက်    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်   ဥက္ကဋ္ဌ   ဦးလှမြင့်က   လုပ်ငန်း အကောင်အထည်ဖော်     ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း က   ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Message ကို ဖတ်ကြားသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည်   လူ့အခွင့်အရေး နှင့်စပ်လျဉ်းသော   Video Clip   ကို    ကြည့်ရှု ကြသည်။

 


ဆက်လက်၍     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌက     (၇၄)     နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့     အထိမ်း အမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်     Myanmar National Human Rights Commission (MNHRC) Application ကို မိတ်ဆက်ပြီး  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊  အနုပညာဦးစီးဌာနမှ   အနုပညာရှင်များက အားလုံးအတွက်    လူ့အခွင့်အရေးသီချင်းဖြင့်    ကပြ ဖျော်ဖြေကြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏   လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်