(၇၃)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ)အပါအဝင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၂၄

 

 

တပ်မတော်(ရေ)၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ရှေးဦးစွာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာ အချက် အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အိန္ဒိယ တပ်မတော်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာန ချုပ်မှူး Vice Admiral Atul Kumar Jain က ရေငုပ် သင်္ဘောလွှဲပြောင်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။

 

 

လှည့်လည်ကြည့်ရှု

ယင်းနောက် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ)အပါအဝင် ၆၃ မီတာ ရေငုပ် သင်္ဘောတိုက်ဖျက်ရေးရေယာဉ် နှစ်စင်း၊ ၄၉ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် တစ်စင်း၊ ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် တစ်စင်းနှင့် ၂၆ မီတာ ပင်လယ်သွားတွဲဆွဲရေယာဉ် နှစ်စင်းတို့အား လှည့်လည် ကြည့်ရှုကြသည်။

အလေးပြုခြင်းကို ခံယူ

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင် ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ် ချီးမြှင့်သည်။

 

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်