
ဘားအံ နိုဝင်ဘာ ၁
(၆၈)နှစ်မြောက် ကရင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘားအံမြို့နယ် ကော့တရုတ်ရ ကျေးရွာအုပ်စု မူးရာ-ရန်းသော်ခီး- တောကြီးရွာနိုင် ကျေးရွာချင်း ဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီ ခန့်က ရန်းသော်ခီးကျေးရွာရှိ အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကိုယ့်အားကိုယ်ကိုးပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် အချိန်တို အတွင်း ယခုကဲ့သို့ ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းကြီး ပေါ်ထွန်းလာပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထား၍ အကျိုးရှိရှိ အသုံးပြုကြရန် နှင့် ရေရှည်အသုံးပြုနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ကော့တရုတ်ရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က မူးရာ-ရန်းသော်ခီး - တောကြီးရွာနိုင် ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူ လူထုထည့်ဝင်ငွေကျပ်သန်း ၅၀ ဖြင့် ပေ ၂၇၀၀ ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး(ကလဖ) ရန်ပုံငွေမှ ဘိလပ်မြေအိတ် ၃၀၀ အတွက် ငွေကျပ် ၃ ဒသမ ၃ သန်း၊ ပြည်သူ လူထုထည့်ဝင်ငွေကျပ် ၅၆ ဒသမ ၇ သန်းဖြင့် ပေ ၂၆၀၀ စုစုပေါင်း လမ်းအရှည်ပေ ၅၃၀၀ အတွက် ကုန်ကျငွေပေါင်း ကျပ်သန်း ၁၂၀ ဖြင့် ဆောင်ရွက်ပြီးစီး၍ ယနေ့ လမ်းဖွင့်ပွဲကို ကျင်းပရခြင်းဖြစ် ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ လမ်းကို ဖြတ်သန်းကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက် သီးနှံဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲ ခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် ပြည်နယ်အတွင်း ဆောင်းနေကြာသီးနှံ စုစုပေါင်း ဧက ၃၈၁၄ ကျော်ခန့် စိုက်ပျိုး မည်ဖြစ်ပြီး ဆီဖူလုံမှုပြည့်မီ ကျော်လွန်ရေးအတွက် တောင်သူ များက ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဘားအံ မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စုများမှ တောင်သူ များအတွက် ယူရီးယားဓာတ် မြေဩဇာ အိတ် ၁၅၀ ၊ သဘာဝ မြေဩဇာ အိတ် ၁၅၀ နှင့် စိုက်ဧက ၁၅၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များကို ထောက်ပံ့ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)