
နေပြည်တော် ဇန်နဝါရီ ၂၁
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံအကြို ‘‘COVID-19 နှင့် ပတ်သက်သော ပြည်သူ့ကျန်းမာကာကွယ်ရေးဆိုင်ရာများ ဆွေးနွေးပွဲ’’ (‘‘67th Myanmar Medical Conference Pre-Conference Symposium on COVID-19’’) ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့ နိုင်ငံ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု၊ ကုသမှု၊ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေး ပွဲများ၊ ညီလာခံများ၊ စားပွဲဝိုင်း လေ့ကျင့်ခန်းများ၊ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ အစည်းအဝေးများ ပြုလုပ် ခြင်းသည် ယခုကျင့်သုံးလျက်ရှိသော ကုသရေးကုထုံးများ ပိုမိုကောင်းမွန် စေရေး၊ လူနာပြုစုမှုပိုမိုစနစ်ကျစေရေး၊ ပြည်သူ့ကျန်းမာရေး နည်းဗျူဟာများ ပိုမိုထိရောက်စေရေး၊ ရောဂါရှာဖွေ စစ်ဆေးမှုနည်းစနစ်များ ပိုမိုလျင်မြန် တိကျ၍ ကောင်းမွန်တိုးတက်စေရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း များ ဝယ်ယူဖြန့်ဖြူးမှုစနစ် ပိုမို ကောင်းမွန်စေရေးတို့အတွက် များစွာ အကျိုးရှိသည့်အတွက် မိမိတို့ ပြုလုပ် လျက်ရှိပါကြောင်း။
နည်းဗျူဟာများ မွမ်းမံပြင်ဆင်
မျိုးဗီဇပြောင်းလဲလျက်ရှိသည့် ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွား သော ကိုဗစ်-၁၉ ရောဂါသည် ရောဂါ သစ်ဖြစ်ပြီး ရောဂါ၏ သဘောသဘာဝ ဖြစ်စဉ် (natural history of disease) ကို အလုံးစုံသိရှိခြင်း မရှိသေးသဖြင့် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကုသရေးကိစ္စရပ်များ၌ လည်းကောင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးကိစ္စရပ် များ၌လည်းကောင်း ယခုကဲ့သို့သော ဆွေးနွေးပွဲများ၊ ညီလာခံများ၊ စားပွဲ ဝိုင်း လေ့ကျင့်ခန်းများမှ ထွက်ပေါ်လာ သော အကြံပြုချက်များနှင့် ပြောင်းလဲ လာသော ကပ်ရောဂါဗေဒအခြေအနေ အရပ်ရပ်တို့နှင့်အညီ နည်းဗျူဟာ များ မွမ်းမံပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း။
နိုင်ငံတကာနှင့် ပြည်တွင်းတွင် ရောဂါကူးစက်ပျံ့နှံမှု ပုံသဏ္ဌာန်နှင့် အတိုင်းအတာများ၊ ရောဂါပိုး၏ မျိုးဗီဇ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ် လာသော အခြေအနေများအပေါ် မူတည်၍ ရောဂါကာကွယ်ထိန်းချုပ်မှု နည်းဗျူဟာများကို မိမိတို့ မွမ်းမံ ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာတွင် ကုသမှု နည်းစနစ်များနှင့် ကုထုံးများသည် လည်း အသစ်အသစ်များ ပေါ်ပေါက် ပြောင်းလဲလျက်ရှိသဖြင့် မိမိတို့သည် မျက်ခြည်မပြတ်ဘဲလေ့လာ၍ လိုအပ် သလို မွမ်းမံပြောင်းလဲဆောင်ရွက် လျက်ရှိပါကြောင်း၊ အလားတူ ဓာတ်ခွဲ မှုနည်းစနစ်များ၊ ဓာတ်ခွဲကိရိယာများ သည်လည်း ပြောင်းလဲပေါ်ပေါက်လျက် ရှိသဖြင့် ဓာတ်ခွဲမှုနည်းလမ်းနှင့် နည်း စနစ်များကိုလည်း အချိန်နှင့်တစ်ပြေး ညီ မွမ်းမံဆောင်ရွက်ရပါကြောင်း။
ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ အဖြစ် အဆုတ်၊ နှလုံး၊ သွေး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် ပတ်သက်သော နောက်ဆက်တွဲ ပြဿနာများကို လေ့လာဆန်းစစ်ရန် ဆေးရုံမှဆင်းပြီး သည့် ကိုဗစ်-၁၉ လူနာဟောင်းများ ထံမှ အချက်အလက်များရယူကာ အသုံးချသုတေသနပုံစံဖြင့် အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံနှင့် အခြားနိုင်ငံသည် ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ၊ နိုင်ငံနေ ပြည်သူများ၏ အခြေခံကျန်းမာရေး အခြေအနေ၊ နိုင်ငံတွင်ရှိသော အရင်း အမြစ်အခြေအနေ၊ ပတ်ဝန်းကျင်နိုင်ငံ များ၏ ရောဂါကူးစက်ပျံ့နှံ့မှုအခြေ အနေစသည်ဖြင့် အခြေအနေအရပ်ရပ် သည် တူညီမှုမရှိသဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း နည်းဗျူဟာများသည်လည်း တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ထပ်တူကျတူညီ၍ မရပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေအနေ အရပ်ရပ်နှင့်ကိုက်ညီသည့် နည်း ဗျူဟာများဖြင့်သာ ဆောင်ရွက်ရသည် ဆိုသည့်အချက်ကို နောက်ခံထားကာ မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ ဆွေးနွေးပွဲတွင် ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးရှုထောင့် တို့မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အတွေ့အကြုံများနှင့် တွေ့ရှိချက်သစ်များကို ဆွေးနွေး တင်ပြကြကာ တက်ရောက်လာသူများ က မေးမြန်းမှုများအပေါ် လက်တွေ့ မြေပြင်အခြေအနေကို ထင်ဟပ်မည့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သဖြင့် များစွာအကျိုးရှိမည်ဖြစ်ပါ ကြောင်း၊ ပါဝင်ဆွေးနွေးမည့် ပညာရှင် များသည် အတွေ့အကြုံမြင့်မားသည့် အငြိမ်းစားဆေးပညာရှင်များ၊ ဆေး ပညာဘာသာရပ်အသီးသီးမှ ပညာရှင် များပါဝင်သည်ဖြစ်သဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စုံလင်စွာဆွေးနွေး နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် ဗဟို ကော်မတီ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လမ်းညွှန်မှု၊ အကြံပြုမှုတို့အပေါ် မူတည်၍ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိန်းချုပ် မှု လုပ်ငန်းများကို ပြောင်းလဲလာသော ရောဂါကူးစက်မှု၊ ဖြစ်ပွားမှုအခြေအနေ အပေါ်မူတည်ပြီး မိမိတို့ အတတ်နိုင် ဆုံး အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်သော စာရင်းဇယားများရရှိမှ သာလျှင် မိမိတို့သည် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေသည် ယခင်လများထက် ကျဆင်းလာသည်ဆိုပြီး ပြည်သူများ အနေဖြင့် (လုံးဝ)ပေါ့ဆ၍ မရပါ ကြောင်း၊ ပေါ့ဆပါက ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝအရ ကူးစက်မှုများ ရုတ်ခြည်းမြင့်တက်နိုင် သည် ဆိုသည့်အချက်ကို ပြည်သူများ အားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ယခုပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ပိုးသည် ကူးစက်မြန်သည့် မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိကို မိမိတို့ အမြဲတမ်း ဓာတ်ခွဲလေ့လာသုံးသပ် လျက်ရှိပြီး ယခုအချိန်အထိ ပြောင်းလဲ မှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း။
ဗိုင်းရပ်စ်ပိုး၏ ပုံမှန်သဘော သဘာဝအရ ပွားများအခါတိုင်း မျိုးဗီဇ လက္ခဏာ ပြောင်းလဲနိုင်သည်ဆိုသည့် အချက်ကို နှလုံးမူ၍ အချိန်တိုအတွင်း ကူးစက်မှုပမာဏ များပြားသည့် မြို့နယ်များမှ ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ နမူနာများရယူ၍ မိမိတို့ အစဉ်မပြတ် လေ့လာသုံးသပ်လျက် ရှိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မှုအချိန်ကာလ တိုတောင်း မည် (သို့မဟုတ်) ကြာရှည်မည်နှင့် ကူးစက်ပျံ့နှံ့မှုအတိုင်းအတာ နည်းပါး မည်(သို့မဟုတ်) များပြားလာမည် ဆိုသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း များ လိုက်နာမှုအတိုင်းအတာအပေါ်မူတည်နေပါကြောင်း။
အထူးစီမံချက် ရက်ပိုင်းအတွင်းစမည်
ထိုသို့ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ပိုမို သိရှိလိုက်နာစေရန်အတွက် ဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ‘‘ပါးစပ်နှင့်နှာခေါင်း စည်း (mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက်’’ ကို (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာ (၁၅) ရက်တွင် လည်းကောင်း၊ ‘‘ကိုဗစ်-၁၉ ရပ်တန့် ရေး အဝါရောင်လှုပ်ရှားမှု’’ကို (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာ (၂၅) ရက်တွင် လည်းကောင်း၊ တစ်နိုင်ငံလုံးတွင် ‘‘တစ်ဦးကိုတစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်း မိသားစုစီမံချက်’’ ကို ယခုနှစ် ဇန်နဝါရီလတွင် စတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ရောဂါအခံရှိသူများ ဖြစ်သဖြင့် ၎င်းတို့ ကိုဗစ်-၁၉ ရောဂါ မရရှိစေရေးအတွက် အထူးစီမံချက်ကို ရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်ပါကြောင်း။
ဤရောဂါ၏ ကူးစက်ပျံ့နှံ့မှုကို ဖြတ်တောက်နိုင်ရန် ပြည်သူ့ကျန်းမာ ရေးကဏ္ဍမှ ဆောင်ရွက်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့သော ဆွေးနွေးပွဲ များတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ ဌာနများမှ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးအကြံပြုမှုများကို ပြုလုပ်ရမည် ဖြစ်သည့်အပြင် ပြည်သူ့ကျန်းမာရေး နှင့်ဆိုင်သည့် အသုံးချသုတေသနများ ကို အချိန်နှင့် တစ်ပြေးညီပြုလုပ်ကာ တွေ့ရှိချက်များကို ဝန်ကြီးဌာနမှ ဤရောဂါထိန်းချုပ်မည့် ကိစ္စရပ်များ၌ အသုံးချမည်ဖြစ်ပါကြောင်း။
ယခု ကိုဗစ်-၁၉ မတိုင်မီက ဆားစ်ရောဂါ (Severe Acute Respi-ratory Syndrome (SARS))၊ မားစ် ရောဂါ (Middle East Respiratory Syndrome (MERS))၊ အီဘိုလာရောဂါ (Ebola virus disease (EVD)) တို့ ကဲ့သို့သော ကူးစက်ရောဂါအသစ်များ ပေါ်ပေါက်ခဲ့ပါကြောင်း၊ လာမည့် ကာလများတွင်လည်း ထိုသို့သော ကူးစက်ရောဂါအသစ်များ ပေါ်ပေါက် လာဦးမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင် မှုများဖြစ်သော ကျန်းမာရေးစနစ် အခြေခံအဆောက်အအုံစနစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှုစနစ်များ ပိုမိုခိုင်မာ အားကောင်းရေး၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းများ အဆင့်မြင့်မားရေး၊ နှင့် ဓာတ်ခွဲခန်းများအကြား ကွန်ရက် ချိတ်ဆက်ကာ သတင်းအချက်အလက် များ အပြန်အလှန်ပေးပို့မှု အားကောင်း ရေး၊ စွမ်းဆောင်ရည်မြှင့်သင်တန်း များနှင့် အသုံးချသုတေသနများ ပိုမို လုပ်ကိုင်ရေးတို့ကို ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ၏ ဖြစ်ပွားမှု ပုံသဏ္ဌာန်၊ ပျံ့နှံ့မှုအတိုင်းအတာအပြင် ရောဂါလက္ခဏာတို့သည်လည်း အမြဲ ပြောင်းလဲလျက် ရှိခြင်းရှိသဖြင့် ထိန်းချုပ်ကုသမှုသည် သိမ်မွေ့နက်နဲ ခြင်းကြောင့် ကပ်ရောဂါဗေဒပညာရှင် များ၊ ပြည်သူ့ကျန်းမာရေးပညာရှင် များ၊ အဏုဇီဝနှင့် ဗိုင်းရပ်စ်ပိုးပညာရှင် များ၊ ဓာတ်ခွဲပညာရှင်များ၊ ဆေးရုံ အုပ်ကြီးများနှင့် အမျိုးမျိုးသော ဆေးပညာဘာသာရပ်များမှ ပညာရှင် များအတွက် စိန်ခေါ်မှုများစွာရှိပါ ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရောဂါထိန်းချုပ်မှုဆိုင်ရာ အဟန့် အတားများကို ချက်ချင်းမလျှော့ချဘဲ တဖြည်းဖြည်းချင်းစီသာ အဆင့်လိုက်၊ အဆင့်လိုက်သာ လျှော့ချလျက်ရှိပါ ကြောင်း။
ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ သက်ဆိုင်ပတ်သက်သူ များဖြစ်သည့် ဆေးနှင့်ဆေးပညာ နှီးနွှယ်ဘာသာရပ်ပေါင်းစုံ၊ ဝန်ကြီး ဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ အဖွဲ့ အစည်းပေါင်းစုံ ပါဝင်နေသဖြင့် သာမန်ပေါင်းစပ်ညှိနှိုင်းမှုဖြင့်မရဘဲ ဟန်ချက်ညီ ချိန်သားကိုက် ပူးပေါင်း လက်တွဲ၍ ဆောင်ရွက်ရပါကြောင်း၊ ရေရှည်တွင် ကျန်းမာရေးစနစ်ကြီး တစ်ခုလုံး ပိုမိုကောင်းမွန်တိုးတက် စေရန်အတွက် ဆေးနှင့်ဆေးပညာ နှီးနွှယ်ပညာရှင်အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာ တိုးသီရိအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်၊ မြန်မာနိုင်ငံဆရာဝန် အသင်းဥက္ကဋ္ဌ ဒေါက်တာထင်အောင် စော၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း၊ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက် ခင်၊ ဆေးတက္ကသိုလ် (၂) အပူပိုင်း နှင့် ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူးပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ အပူပိုင်းနှင့်ကူးစက်ရောဂါ ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးမိုးစမ်းနှင့် ယခင်က မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သူ ပါမောက္ခ ဒေါက်တာရဲမြတို့က ဘာသာရပ်နယ်ပယ်အလိုက် ဆွေးနွေး တင်ပြကြရာ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်လာကြသူများက မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်