
နေပြည်တော် ဇန်နဝါရီ ၂၃
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်း ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual Online Conference စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားဖွင့်ပွဲတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံ ဆရာဝန်အသင်း သည် စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေး ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်စေရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ဆေးပညာရှင် များ ကျင့်ဝတ်ဂုဏ်သိက္ခာများနှင့် အညီ ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံ ဆေးပညာလောကကို အကျိုးပြုလျက် ရှိသည့် ဆရာဝန်ထုကြီး၏ အားထား ရာ အဓိကအသင်းကြီးဖြစ်ပါကြောင်း၊ အသင်းတွင် ဆေးပညာဘာသာရပ် အဖွဲ့ ၄၆ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းခွဲများရှိကာ အင်အားတောင့်တင်း၍ လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ COVID-19 Call Center ၊ ကိုဗစ်-၁၉ ဆေးကုသရေးဌာနများနှင့် အခြား ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိ သည့်အပေါ် ကျေးဇူးတင်ရှိ အသိ အမှတ်ပြုပါကြောင်း။
အကြံပြုချက်များ ကောက်ယူ
မိမိအနေဖြင့် နိုင်ငံတွင်းရှိ ဆရာဝန်တိုင်းအား မြန်မာနိုင်ငံ ဆရာဝန်အသင်းသို့ ဝင်ရောက်စေလို ပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းအနေဖြင့် အသင်း၏ လုပ်ငန်း များ ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် အကြံပြုချက်များရရှိစေရန် နိုင်ငံတစ်ဝန်းရှိ ဆရာဝန်များထံမှ စစ်တမ်းပုံစံဖြင့် အကြံပြုချက်များ ကောက်ယူစေလိုပါကြောင်း၊ ထိုသို့ ကောက်ယူရာတွင် ကိုဗစ်-၁၉ ကာလ ၌ လျင်မြန်စွာ အဖြေများရရှိစေရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ အင်တာနက်စာမျက်နှာပေါ်မှ တစ်ဆင့် အွန်လိုင်းစစ်တမ်းပုံစံဖြင့် ကောက်ယူ စေလိုပါကြောင်း၊ ပညာရှင်ကြီးများ၏ အကြံပြုချက်များ၊ စစ်တမ်းတွေ့ရှိချက် များအပေါ်မူတည်၍ အသင်းတွင် ရှိသော အရင်းအမြစ်အခြေအနေများ နှင့် ကိုက်ညီချိန်ဆကာ လက်တွေ့ ကျသောလမ်းပြမြေပုံနှင့် လုပ်ငန်းစဉ် များချမှတ်ကာ ရေရှည်တွင် အသင်း ကြီး ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆက်လက် ဆောင်ရွက်သွားစေလို ပါကြောင်း။
ကုထုံးအသစ်များ ပေါ်ပေါက်
ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်း များနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲ ပြုစုရာတွင် အသင်းကြီးရှိ ဆေးပညာ ဘာသာရပ်အဖွဲ့ (society) များ၏ အကြံဉာဏ်များကို ဆက်လက်ရယူ ရန် လိုအပ်သဖြင့် သက်ဆိုင်ရာအဖွဲ့ များက ပါဝင်ဆောင်ရွက်စေလိုပါ ကြောင်း၊ ဆေးပညာရပ်သည် အမြဲ မပြတ်တိုးတက်မှုများရှိနေကာ တွေ့ရှိ ချက်အသစ်များနှင့် ကုထုံးအသစ် များ အမြဲတမ်းပေါ်ပေါက်လျက်ရှိ သဖြင့် ဆေးပညာရှင်များအနေဖြင့် နောက်ဆုံးပေါ်ကုထုံးနှင့် တွေ့ရှိချက် များအား မျက်ခြည်မပြတ် သိရှိ လေ့လာနေရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ၏ အင်တာနက်စာမျက်နှာ၌လည်း ထုတ်လွှင့်ထားရန် အရေးကြီးပါ ကြောင်း။
အသင်းကြီးမှ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး အစီအစဉ် များဖြင့် မွမ်းမံသင်တန်းအမျိုးမျိုး ကို ပြုလုပ်လျက်ရှိရာ ထိုသို့သော သင်တန်းတက်ရောက်သူ ဆရာဝန် များအား လေ့လာသင်ယူမှုအမှတ်/ အဆင့်(credit) များ သတ်မှတ်ပေးအပ် ရမည် ဖြစ်ပါကြောင်း၊ ဆရာဝန်များ “ဆေးကုသခွင့်လိုင်စင်” သက်တမ်း တိုးရာတွင် အဆိုပါ အမှတ်/ အဆင့် (credit) များအား ထည့်သွင်းစဉ်းစား ပြီးမှသာ သက်တမ်းတိုးပေးခြင်းဖြင့် ဆေးပညာရှင်များ၏ အရည်အသွေး သည် အမြဲတမ်းမြင့်မားနေမည်ဖြစ် ပါကြောင်း၊ ထိုသို့သော စနစ်မျိုး (၂၀၂၁) ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် (၂၀၂၂) ခုနှစ်၊ နှစ်ဦးပိုင်းခန့်တွင် စတင်နိုင် ရန် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ ဆေးတက္ကသိုလ်များရှိ ပါမောက္ခ/ဌာနမှူးများနှင့် ဆက်လက် တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။
အရည်အသွေး မြင့်မားလာစေရေး
ကုသမှုပညာနှင့် စွမ်းဆောင်ရည် တို့ကို အခြေပြုအကဲဖြတ်၍ သက်ဆိုင် ရာ ဆေးပညာဘာသာရပ်အလိုက် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော ဘုတ်အဖွဲ့များမှ ဆေးပညာဘာသာ ရပ်အလိုက် အသိအမှတ်ပြုဆရာဝန် များအဖြစ် သတ်မှတ်နိုင်ရေးကို လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ရှိ ဆေးပညာဘာသာရပ်အဖွဲ့များက ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဝိုင်းဝန်း ဆွေးနွေးပြီး ဦးစားပေး ဆောင်ရွက်စေ လိုပါကြောင်း၊ ဆေးပညာဘာသာရပ် အဖွဲ့များအနက် အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့သည် အဖွဲ့ဝင် အများဆုံးဖြစ်ပြီး အထွေထွေရောဂါကု ဆရာဝန်များသည် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုပေးအပ်နေသဖြင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ပန်းတိုင်များ ရရှိစေရေးအတွက် များစွာ အထောက်အကူပြုပါကြောင်း၊ အထွေထွေရောဂါကုဆရာဝန်များ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရေး ကို ဤအသင်းကြီးက စဉ်းစားဆောင် ရွက်ပေးရန် လိုပါကြောင်း။
မြန်မာနိုင်ငံ ဆရာဝန်အသင်း အနေဖြင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ ကျန်းမာ ရေးမှူးအသင်း၊ မြန်မာနိုင်ငံဆေးဝါး ပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင် များအသင်းစသည့် ဆေးပညာနှီးနွှယ် အသင်းများနှင့် ပိုမိုပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပါက နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် လုပ်ငန်း များ ပိုမိုကောင်းမွန်တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ရှေ့အနာဂတ်ကို မျှော်တွေးကာ အသင်းကြီးအနေဖြင့် ခေတ်မီအင်တာနက်ကွန်ရက် အသုံးပြု သင်တန်းများ၊ ဒစ်ဂျစ်တယ်ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမို တွင် ကျယ်လာစေရေး စဉ်းစားကြံဆ ကာ ဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ညီလာခံတွင် ဆွေးနွေးတင်ပြသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာများ နှင့် စာတမ်းများသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်တိုးတက်လာ သည်ကို တွေ့ရှိရသဖြင့် တာဝန်ရှိ သူများအားလုံးနှင့် ဆွေးနွေးတင်ပြ သူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊ အသင်းကြီးအနေဖြင့် ဆရာဝန်ကျင့်ဝတ် ထိန်းသိမ်းစောင့် ရှောက်ရေး၊ နိုင်ငံတကာအသင်းအဖွဲ့ များနှင့် ဆက်သွယ်ပြီး ဆေးပညာ အဆင့်အတန်း မြင့်မားရေးကိစ္စများ ဆောင်ရွက်နေသည်များကို ပိုမိုအရှိန် အဟုန်မြှင့်ကာ ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ယခုထက် အသင်းဝင်များ ပိုမိုများပြားကာ ဆရာဝန်ထုတစ်ရပ်လုံးက ပိုမိုအားကိုး ရသော အသင်းကြီးတစ်ခုဖြစ်လာပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးကို ဆက်လက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်စေရေး ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း ပြောကြားသည်။
ရှင်းလင်းမှု ပြုလုပ်
ထို့နောက် မြန်မာနိုင်ငံဆရာဝန် အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ထင်အောင်စောက ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ညီလာခံတွင် နှီးနှော ဆွေးနွေးဖလှယ်မှု အစီအစဉ် များ၊ စာတမ်းဖတ်ကြား ရှင်းလင်းမှု အစီအစဉ်များကို ဆက်လက်ပြုလုပ် သည်။
ညီလာခံကို Virtual Online Conference စနစ်ဖြင့် ဇန်နဝါရီ ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်