(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ပုလဲအတွဲပေါင်း ၁၄၇ တွဲ ရောင်းချနိုင်ခဲ့

 

နေပြည်တော်    မတ်     ၁၈


(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပ ရာ   ပြည်တွင်း၊   ပြည်ပ   ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။ 

 


နံနက်ပိုင်းမှစတင်၍  ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း  ခင်းကျင်းပြသထားသည့်  ပုလဲအတွဲများ၊ ကျောက်စိမ်း၊   ကျောက်မျက်အတွဲများနှင့်   ခန်းမ အပြင်ဘက်  သတ်မှတ်နေရာများအလိုက်   ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ 

 


ယနေ့ပြပွဲတွင်   ရောင်းချမည့်  ပုလဲအတွဲအမှတ် (၁) မှ  အတွဲအမှတ် (၁၅၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက     ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို  သက်ဆိုင်ရာ  တင်ဒါ ပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ 

 


ထို့နောက်  ပုလဲအတွဲအမှတ်   (၁) မှ   အတွဲအမှတ် (၁၅၀)အထိ  တင်သွင်းထားသော    ဈေးနှုန်း တင်သွင်းလွှာများကို  တာဝန်ရှိသူ များက      ဖွင့်ဖောက်စစ်ဆေးကာ    ပုလဲအတွဲပေါင်း ၁၄၇ တွဲ  ရောင်းချ  ရကြောင်း ကြေညာသည်။ 
ယနေ့ရောင်းချခဲ့ရသည့်  ပုလဲ အတွဲများကို  အမေရိကန်ဒေါ်လာ ဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုး ငွေပေးချေရာတွင်       ပြည်ပ ကုန်သည်များသည်   အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်  ငွေတို့ဖြင့်       လည်းကောင်း၊ ပြည်တွင်း      ကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။ 

 


ပြပွဲ   တတိယနေ့တွင်   ပုလဲ အတွဲပေါင်း    (၂၉၅)တွဲအနက်မှ ကျန်ရှိသည့်    ပုလဲအတွဲ   အမှတ် (၁၅၁)မှ   အတွဲအမှတ်   (၂၉၅)အထိကို    အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊    ပြည်ပ    ရတနာ ကုန်သည်များကို     ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း  သိရသည်။ 

 


ထို့ပြင် မဏိရတနာ  ကျောက် စိမ်းခန်းမအတွင်း၌ ကျောက်မျက် နှင့်   လက်ဝတ်ရတနာအရောင်း ဆိုင်များကိုလည်း  ဖွင့်လှစ်ထားရှိ ရာ    လာရောက်လေ့လာ  ဝယ်ယူ သူများဖြင့် စည်ကားလျက်ရှိသည်။ 

 


ယခုကျင်းပသည့် (၅၈)ကြိမ် မြောက်     မြန်မာ့ကျောက်မျက် ရတနာပြပွဲကို       မဏိရတနာ ကျောက်စိမ်းခန်းမ၌ မတ် ၁၇ ရက်မှ   မတ် ၂၃   ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး    ပြပွဲတွင် ပုလဲ    အတွဲပေါင်း      ၂၉၅ တွဲ၊ ကျောက်မျက်  အတွဲပေါင်း    ၁၂၀ နှင့်    ကျောက်စိမ်း   အတွဲပေါင်း ၂၁၅၀ တို့ကို   ပြည်တွင်း၊  ပြည်ပ ရတနာ        ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း     သိရသည်။                  

 

 အေးအေးသန့်
ဓာတ်ပုံ - ကိုကိုအေး