
နေပြည်တော် ဧပြီ ၂၆
(၅၇)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲအမှတ်(၁) မှ (၇၀၀)အထိ အတွဲပေါင်း(၇၀၀) အတွက် ရတနာကုန်သည်များက တင်သွင်း ထားသည့် ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက တင်ဒါဖွင့်ဖောက် စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၅၂၃ တွဲကို ရောင်းချရကြောင်း ကြေညာသည်။
ယခင်ရက် ပြပွဲများတွင် ပုလဲအတွဲအမှတ်(၁) မှ (၃၃၀) အထိ ပုလဲအတွဲပေါင်း ၃၃၀ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက် အတွဲအမှတ်(၁) မှ (၁၂၀) အထိ အတွဲပေါင်း ၁၂၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲ ကို လည်းကောင်း ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များ အား ရောင်းချပေးနိုင်ခဲ့သည်။
ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲအမှတ် (၇၀၁)မှ (၁၄၀၀)အထိနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆက်လက်ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် ပြပွဲ ဗဟိုကော်မတီဝင်များသည် မဏိ ရတနာ ကျောက်စိမ်းခန်းမ အတွင်းရှိ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးနေမှုကို ကြည့်ရှုအားပေးသည်။
နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများ အတွက် စီးပွားရေးအကျိုးဖြစ် ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော် ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက် မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ် သည့် (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် လည်း ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအနေဖြင့် ပုလဲ အတွဲများနှင့် ကျောက်စိမ်း၊ ကျောက်မျက် အတွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုဝယ်ယူလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်