(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ကျင်းပ အာဆီယံထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ယှဉ်ပြိုင်မှုဆိုင်ရာဆန်းစစ်ချက် အစီရင်ခံစာထုတ်ပြန်

 

နေပြည်တော်   စက်တင်ဘာ   ၉ 


(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး  ဒုတိယနေ့ကို  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ   ပါဝင် တက်ရောက်သည်။


အစည်းအဝေးတွင်    ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်    ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး     H.E. Dato Dr. Amin Liew Abdullah က  သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ   စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၊  အာဆီယံ အတွင်းရေးမှူးချုပ်နှင့်    တာဝန်ရှိသူများ    ပါဝင် တက်ရောက်ခဲ့ကြသည်။  


အစည်းအဝေးတွင် ဝန်ကြီးများက   ဘရူနိုင်းဒါရု ဆလမ်နိုင်ငံ   အာဆီယံအလှည့်ကျဥက္ကဋ္ဌ   တာဝန် ထမ်းဆောင်နေစဉ်အတွင်း   ဦးစားပေးဆောင်ရွက် လျက်ရှိသည့်   စီးပွားရေးလုပ်ငန်းစဉ်များ   ဖြစ်ပေါ် တိုးတက်မှုအခြေအနေနှင့် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်  အကောင်အထည်ဖော် ပြီးစီး မှုအခြေအနေတို့အပေါ်  မှတ်တမ်းတင်ပြီး ဆက်လက် ဆောင်ရွက်ဆဲလုပ်ငန်းများ   အရှိန်မြှင့်တင်ဆောင် ရွက်ရန်    ကဏ္ဍဆိုင်ရာ  လုပ်ငန်းအဖွဲ့များအား   တိုက်တွန်းခဲ့ကြသည်။  ထို့နောက် ဝန်ကြီးများက ကိုဗစ်-၁၉  အလွန်  ပြန်လည်ထူထောင်ရေးအတွက် ရေရှည်တည်တံ့သည့်    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည့်   စီးပွားရေးမူဝါဒများဖော်ဆောင်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ဆောင်ရွက်ရေးတို့အပေါ်  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်း များ  ပြန်လည်ဦးမော့စေရေးနှင့် ဒစ်ဂျစ်တယ်စီးပွား ရေး ပေါင်းစည်းမှု အရှိန်မြှင့်တင်လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့်      ဘန်ဒါဆီရီဘီဂါဝန် လမ်းပြမြေပုံကို အတည်ပြုခဲ့ကြသည်။  ထို့အပြင် အာဆီယံစီးပွား‌ရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့မှ    တင်ပြသည့်     အကြံပြုချက်များ၊ အဆင့်မြင့်   စီးပွားရေးအရာရှိများက    တင်ပြသည့် အစီရင်ခံစာနှင့် အနာဂတ်တွင် ချုပ်ဆိုမည့်  အာဆီယံ စီးပွားရေးသဘောတူစာချုပ်များ၏      အကောင် အထည်ဖော်မှု   နှောင့်နှေးမှုမရှိစေရန်  အဖွဲ့ဝင်နိုင်ငံ အသီးသီး၏    ပြည်တွင်း  လုပ်ထုံးလုပ်နည်းများ အပေါ်  သုံးသပ်မည့်  လုပ်ငန်းအဖွဲ့၏  အစီရင်ခံစာတို့ အပေါ်  ဝန်ကြီးများက  ဆွေးနွေးလမ်းညွှန်ခဲ့ကြသည်။ 


ထို့နောက်   ဝန်ကြီးများသည်   စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့်  တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာ လန်၊  အမေရိကန်၊  ဟောင်ကောင် (တရုတ်)၊  အိန္ဒိယ၊ အီးယူ၊   ရုရှား၊   ဩစတြေးလျ၊   နယူးဇီလန်၊  ဂျပန်၊ အပေါင်းသုံး (တရုတ်၊ ကိုရီးယား၊ ဂျပန်) ၊   အရှေ့အာရှ နှင့်   ယူကေနိုင်ငံတို့မှ   စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေးများ၌  ဆွေးနွေးမည့် ကိစ္စရပ်များအပေါ် ကြိုတင်ညှိနှိုင်းခဲ့ကြသည်။ 


အစည်းအဝေး၏     နံနက်ပိုင်းအစီအစဉ်များ တွင်     ဒုတိယဝန်ကြီး   ဦးသန်းအောင်ကျော်သည် ပြည်ထောင်စုဝန်ကြီးကိုယ်စား  တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးက  ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဦးစားပေး   ဆောင်ရွက်လျက်ရှိသည့်     စီးပွားရေး လုပ်ငန်းစဉ်များ     ပြီးမြောက်မှုကို   ကြိုဆိုခဲ့ပါသည်။  ထို့ပြင်    ဒုတိယဝန်ကြီးက     ဒစ်ဂျစ်တယ်စီးပွားရေး ပေါင်းစည်းမှု     အရှိန်မြှင့်တင်လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့်      ဘန်ဒါဆီရီဘီဂါဝန် လမ်းပြမြေပုံချမှတ်နိုင်ခြင်းကို     ထောက်ခံခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏   ဖွံ့ဖြိုးမှုအခြေအနေ   ကွာခြား ချက်အရ   အဆိုပါလမ်းပြမြေပုံ  အကောင်အထည် ဖော်ရာတွင်   စွမ်းဆောင်ရည်မြှင့်တင်မှု   အစီအစဉ် များကို ထည့်သွင်းရန် အကြံပြုခဲ့ပါသည်။
အစည်းအဝေး၌     ဝန်ကြီးများက     (၅၃)  ကြိမ် မြောက်    အာဆီယံစီးပွားရေးဝန်ကြီးများ    ပူးတွဲ ထုတ်ပြန်ချက်ကို အတည်ပြုခဲ့ပါသည်။


မွန်းလွဲပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်   ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာအဖွဲ့အစည်း (အိုအီးစီဒီ) နှင့်   အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့  ပူးပေါင်းဆောင်ရွက်သည့် အာဆီယံထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏  ယှဉ်ပြိုင်မှု ဆိုင်ရာ    ဆန်းစစ်ချက်အစီရင်ခံစာ    ထုတ်ပြန်သည့် အခမ်းအနားသို့     ပါဝင်တက်ရောက်သည်။    အခမ်း အနားသို့    အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ   စီးပွားရေး ဝန်ကြီးများ၊ ဗြိတိန်နိုင်ငံ၊ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ဝန်ကြီး၊    အိုအီးစီဒီအတွင်းရေးမှူးချုပ်၊   အာဆီယံ အတွင်းရေးမှူးချုပ်နှင့်   တာဝန်ရှိသူများ    ပါဝင် တက်ရောက်ခဲ့ကြသည်။     အဆိုပါ    အခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ်    H.E. Dato Lim Jock Hoi က အဖွင့်အမှာ  စကားပြောကြားပြီး  ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ   ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်    ဘဏ္ဍာ ရေးနှင့်   စီးပွားရေးဝန်ကြီးဌာနဝန်ကြီး  H.E. Dato Dr. Amin Liew Abdullah ၊  အိုအီးစီဒီ အတွင်းရေး မှူးချုပ် Mr. Mathias Cormann ၊     ဗြိတိန်နိုင်ငံ ကုန်သွယ်ရေး မူဝါဒဆိုင်ရာဝန်ကြီး    Rt Hon Greg Hands MP  တို့က   မိန့်ခွန်းများ   ပြောကြားခဲ့သည်။ ထို့နောက် အိုအီးစီဒီက အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ အာဆီယံထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ၏ ယှဉ်ပြိုင်မှုဆိုင်ရာ ဆန်းစစ်ချက်  အစီရင်ခံစာများကို လွှဲပြောင်း‌ပေးအပ်သည့်       မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးမြောက်ခဲ့သည်။ 


သတင်းစဉ်