
ကျောက်တော် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနားနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီ ခန်းမအတွင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနား တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွန့် က ဖတ်ကြားသည်။ ဆက်လက် ပြီး (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်ရာ ပထမဆုရရှိသော မြို့နယ် မီးသတ်ဦးစီးဌာနအသင်း အား မြို့မိမြို့ဖ ဒေါက်တာ ဦးထွန်းအေးက လည်းကောင်း၊ ဒုတိယဆုရရှိသော ကျန်းမာရေး ဦးစီးဌာနအသင်းအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမောင်ဝင်းက လည်းကောင်း၊ တတိယဆုရရှိသော မွေးကုညွန့် ပေါင်းအသင်းအား မြို့နယ် အားကစားမှူး ဦးတင်လှိုင်က လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက် ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)