
စစ်တွေ ဒီဇင်ဘာ ၁၁
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဂေါက်သီး ရိုက်ပြိုင်ပွဲနှင့် ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ဓညဝတီဂေါက်ကလပ်၌ ကျင်းပသည်။
ရှေးဦးစွာ ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းဖွင့်ပွဲကို အဆိုပါ လေ့ကျင့်ရေး ကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အားကစား နှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမောင်တို့က လေ့ကျင့်ရေးကွင်းအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်ပေါင်းစုံ မှ ဂေါက်သီးရိုက်ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး လေ့ကျင့်ရေးကွင်းအဆောက် အုံအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူး တို့က Smoke ball ရိုက်ပြီး ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ် နေရာအသီးသီးမှစတင်ကာ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါပြိုင်ပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်း၊ ကစားသမား ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)