
နေပြည်တော် စက်တင်ဘာ ၁၅
(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (39th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးများသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ပါဝင်တက်ရောက်သည်။
ဆွေးနွေးအတည်ပြု
(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သန့်စင်သော စွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်ခြိုးခြံချွေတာသုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှု ဆိုင်ရာစံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025)) အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေး နည်းပညာဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံ လျှပ်စစ်စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိ ထိရောက် စွာအသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်း စွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒ ချမှတ်သူများ အဖွဲ့အစည်းကွန်ရက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေး အတည်ပြုခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံစွမ်းအင် ဝန်ကြီးများနှင့် အမေရိကန်နိုင်ငံစွမ်းအင်ဝန်ကြီးတို့၏တွေ့ဆုံဆွေးနွေးပွဲကို ထည့်သွင်းကျင်းပခဲ့ပြီး အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများ ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (Interna-tional Energy Agency) အစည်းအဝေး (AMEM-IEA) ကို ဆက်လက်ကျင်းပ၍ အာဆီယံနှင့် အပြည်ပြည် ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) တို့အကြား စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးကြသည်။
ကာဗွန်လျှော့ချရေးမူဝါဒများ ပြောင်းလဲ
ထို့ပြင် (၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင် ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်၍ (၄) ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ စွမ်းအင်ဖိုရမ် 4th East Asia Energy Forum (4th EAS Energy Forum) ကို “A Low-Carbon Energy Transition in the ASEAN Region” ခေါင်းစဉ်ဖြင့် Economic Research Institute for ASEAN and East Asia (ERIA) က ကြီးမှူးကျင်းပရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ တိုးမြှင့်ရှာဖွေ သုံးစွဲ၍ ကာဗွန်လျှော့ချရေးမူဝါဒများ ပြောင်းလဲ ချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝ ဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင်ပြောင်းလဲသုံးစွဲမှု နည်းပညာများ၊ ဟိုက်ဒရိုဂျင်၊ အမိုးနီးယားနှင့် ကာဗွန်ဖမ်းယူအသုံးချရေးနည်းပညာများ၊ အာဆီယံ နိုင်ငံများ၏ ကာဗွန်လျှော့ချရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး များအဖြစ် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီး များအစည်းအဝေး (East Asia Submit Energy Ministers Meeting - EAS-EMM)၊ အာဆီယံနှင့် ဆွေးနွေးဖက် ၃ နိုင်ငံဖြစ်သော ဂျပန်၊ တောင်ကိုရီး ယား၊ တရုတ်တို့နှင့် (AMEM+3) အစည်းအဝေးများကို စက်တင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Low Carbon Tran-sition ၊ Carbon Neutrality ၊ Hydrogen Techno-logy ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရေးအစီအမံများကို ဆွေးနွေးကြမည် ဖြစ်သည်။
ကိုယ်စားလှယ်များ တက်ရောက်
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစွမ်းအင်ဗဟိုဌာန (ASEAN Centre for Energy – ACE) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Interna-tional Energy Agency – IEA ၊ Economic Research Institute for ASEAN and East Asia - ERIA၊ International Atomic Energy Agency - IAEA ၊ International Renewable Energy Agency - IRENA စသည့် နိုင်ငံတကာအဖွဲ့အစည်းများတို့မှ ကိုယ်စားလှယ်များ၊ Energy Specialized Bodies နှင့် Sub-sector Networks တို့မှ တာဝန်ရှိသူများ နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။
ပူးတွဲကြေညာချက်များကို အတည်ပြု
(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၏ အကြိုညှိနှိုင်းအစည်းအဝေးကိုလည်း စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော် ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး ယနေ့ကျင်းပသော အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ သည်။ အစည်းအဝေးအသီးသီးမှ ထုတ်ပြန်မည့် စွမ်းအင်ဆိုင်ရာ ပူးတွဲကြေညာချက်များကို အာဆီယံ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများက အတည်ပြုခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်