“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော်   ဩဂုတ်   ၁၀


လူငယ်လူရွယ်များနှင့်  ကလေးငယ်များ ယဉ်ကျေး လိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန် အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘ ပြည်သူများအတွက်   “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို   မေ ၂၁ ရက်မှစတင်၍ အပတ်စဉ်   စနေနေ့တိုင်း  မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ 

 


အဆိုပါ (၃၈) ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် ကာလေန ဓမ္မဿဝနံ (သင့်လျော်သောအခါ တရားတော် နာကြားခြင်း) အစီအစဉ်ကို ဩဂုတ် ၁၃ ရက် (စနေနေ့) ည  ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင် ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန် ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ရွှေဘုန်းကံ၊ ရန်ရှင်းမောင်၊ ထက်မြတ်အောင်၊ ပန်းကဗျာ၊ ဖူးပွင့် ရွှေရည်လှိုင်၊ ဓာတ်လင်း၊    ဒိုးဇက်နှင့်  သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

 


ထို့အပြင် ဩဂုတ် ၁၇ ရက်  (ဗုဒ္ဓဟူးနေ့)   ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်ကို ပြန်လည် ပြသမည်ဖြစ်ကြောင်း သိရသည်။
                                                                                    

သတင်းစဉ်