(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ရွှေ တစ်ခု၊ ကြေး သုံးခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ငွေ သုံးခု၊ အလေးမအားကစားနည်းမှ ကြေး တစ်ခု ထပ်မံဆွတ်ခူးရရှိ

 

နေပြည်တော်   မေ   ၁၇


ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ     အားကစားပြိုင်ပွဲများ ကို    မြို့အသီးသီးရှိ       အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပရာ ယမန်နေ့   ဒေသစံတော်ချိန်   မွန်းလွဲ ၂ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို   မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊   အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမျိုးလှိုင် သွားရောက်ကြည့်ရှုအားပေး သည်။

 


အမျိုးသားအလွတ်တန်း စွမ်းရည်ပြအသင်းလိုက်ပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ မောင်အောင်ဇော်သက်၊ မောင်ရဲဇော်မိုး၊ မောင်ရဲထွန်းအံ့တို့အတွဲက    ပထမ (ရွှေတံဆိပ်ဆု) ၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံ၊   ပူးတွဲတတိယ (ကြေးတံဆိပ်ဆု)ကို ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က  လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း   အလွတ်တန်း စွမ်းရည်ပြပြိုင်ပွဲတွင်   မြန်မာနိုင်ငံမှ မောင်ထက်ဝေလှိုင်၊ အမျိုးသမီးတစ်ဦး ချင်း အလွတ်တန်း စွမ်းရည်ပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မခင်ခင်ခန့်နှင့်  အမျိုးသမီး အသင်းလိုက်စွမ်းရည်ပြ ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မခိုင်ကျော့ကျော့ဝေ၊ မကေ ခိုင်ကျော်၊  မလှိုင်ဖူးဝေတို့    အတွဲက တတိယ(ကြေးတံဆိပ်ဆု) တစ်ခုစီရရှိကြ သည်။

 


Perk  Kampot,   Kampot   City, Kampot Province   ၌   ကျင်းပသည့် ရိုးရာလှေလှော် အားကစားပြိုင်ပွဲများတွင် (ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အသက် ၂၄ နှစ်အောက် (အမျိုးသား) မီတာ(၈၀၀) ၁၂ ယောက်လှော်ပြိုင်ပွဲ၊ အလွတ်တန်း (အမျိုးသား) မီတာ(၈၀၀) ၁၂ ယောက်လှော် ပြိုင်ပွဲနှင့်  အသက် ၂၄  နှစ်အောက် (အမျိုးသား)မီတာ(၈၀၀) ငါးယောက်လှော် ပြိုင်ပွဲများတွင်  မြန်မာနိုင်ငံမှ    ဒုတိယ (ငွေတံဆိပ် ဆု) တစ်ခုစီကိုလည်းကောင်း၊ Table Tennis Hall, Olympic Complex ၌ အလေးမအားကစားနည်း အမျိုးသား (၈၉)ကီလိုအထက်ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်း)နိုင်ငံ တို့ ယှဉ်ပြိုင်ကစားခဲ့ရာ  မြန်မာနိုင်ငံမှ မောင်ရန်မျိုးကျော်က  တတိယ  (ကြေး တံဆိပ်ဆု)ကိုလည်းကောင်း ရရှိကြသည်။

 


မေ ၁၆ ရက်ပြိုင်ပွဲ   ပွဲစဉ်များအဖြစ် ရိုးရာလှေလှော်၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ် (အားနစ်)နှင့်  ဘောလုံး   (အမျိုးသား) အားကစားပြိုင်ပွဲများတွင်   ဝင်ရောက် ယှဉ်ပြိုင်ကစားရာ      မြန်မာနိုင်ငံမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် လေးခု ထပ်မံရရှိကြသည်။

 


(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်    မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခုနှင့် ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆု တံဆိပ် ၁၁၄ ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။    

                  
 သတင်းစဉ်