(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို

 

ရန်ကုန်   မေ   ၁၇


၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့်   (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ည ၇ နာရီ မိနစ် ၂၀  တွင်    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် 8M – 402  ဖြင့် ပြန်လည်ရောက်ရှိလာရာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားကစားနှင့်  ကာယပညာဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊  အားကစားနှင့် ကာယပညာသိပ္ပံ  (ရန်ကုန်)   ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး  ဦးအောင်နိုင်ဆွေ၊   ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်   ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ် များ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  တာဝန်ရှိသူ များနှင့်   မိဘပြည်သူများက    ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြသည်။

 


အဆိုပါ ပြန်လည်ရောက်ရှိလာသည့်  မြန်မာ အားကစားအဖွဲ့တွင် ပိုက်ကျော်ခြင်းအားကစားနည်း Men's Team Doubles  ပြိုင်ပွဲနှင့်    Women's Doubles ပြိုင်ပွဲတို့တွင်   ငွေတံဆိပ်ရရှိခဲ့သူများနှင့် Men's Doubles ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူများ၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် အမျိုးသမီးဘောလုံးအသင်း၊ တိုက်ကွမ်ဒိုအားကစားနည်း အမျိုးသမီး တစ်ဦးချင်း Free Style Poomsae ပြိုင်ပွဲ၊ အမျိုးသား တစ်ဦးချင်း Recognized Poomsae ပြိုင်ပွဲ၊ အမျိုးသား(-74)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး (+73) ကီလိုပြိုင်ပွဲတို့တွင်  ကြေးတံဆိပ်ရရှိသူများနှင့်    အမျိုးသားဘောလုံး  အသင်းတို့    ပြန်လည်လိုက်ပါလာကြောင်း   သိရ သည်။


သတင်းစဉ်