
နေပြည်တော် ဇွန် ၉
၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းမှ အောင်ပွဲရအားကစား သမားများနှင့် နည်းပြများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစား ဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ အောင်ပွဲရ အားကစားသမားများနှင့် နည်းပြ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က မန္တလေးမြို့ ဗထူးအားကစား ကွင်းမှ မြို့တော်ခန်းမသို့ ချီတက် လာသည့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများကို ဂုဏ်ပြု ပန်းကုံးများဖြင့် ကြိုဆိုကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရ အားကစားသမားများ နှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ကြရာ အားကစားသမားများ ကိုယ်စား ရွှေတံဆိပ်ဆုရှင် အားကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အောင်ပွဲရ အားကစားသမားများ၊ နည်းပြများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
(၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးမှ အောင်ပွဲရ အားကစားသမား ၃၃ ဦး၊ နည်းပြခြောက်ဦး စုစုပေါင်း ၃၉ ဦးသည် အားကစားနည်း ၁၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်းအလိုက် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် လေးခု၊ ကြေး တံဆိပ် သုံးခု စုစုပေါင်း ၁၁ ခုရရှိခဲ့ ကြောင်းနှင့် အောင်ပွဲရ အားကစား သမားများနှင့် နည်းပြများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၈၉ သိန်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်