
ရန်ကုန် မေ ၂၃
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပပြီးစီးခဲ့ပြီး မြန်မာအားကစားအဖွဲ့က ရွှေကိုးခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု ဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် ၇ နေရာ၌ ရပ်တည်ခဲ့သည်။
ယင်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းကျင်းပခြင်းဖြစ်ပြီး မေ ၁၂ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့ကာ အားကစားနည်းအချို့ကို မေ ၆ ရက်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၂၁ မျိုး (အပြည်ပြည်ဆိုင်ရာလှေနှင့် ကနူး/ကယက် ကို သီးခြားစီကျင်းပ) ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစားနည်း ၁၆ မျိုးက ဆုတံဆိပ်ရယူနိုင်ခဲ့ပြီး အားကစားနည်းငါးမျိုးသာ ဆုတံဆိပ်နှင့် လွဲချော် ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ကိုးခုကို အားကစားအဖွဲ့ ခုနစ်ခုက ရယူ နိုင်ခဲ့ပြီး ဗိုဗီနမ်အားကစားအဖွဲ့မှာမူ ရွှေသုံးခု၊ ငွေသုံးခု၊ ကြေး ခြောက်ခုဖြင့် အအောင်မြင်ဆုံး အားကစားအဖွဲ့ဖြစ်ခဲ့သည်။ မြန်မာအားကစားအဖွဲ့ အတွက် ဆုတံဆိပ်များကို ဗိုဗီနမ်အဖွဲ့က ရွှေသုံးခု၊ ငွေသုံးခု၊ ကြေးခြောက်ခု၊ ဝူရှူးအဖွဲ့က ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု၊ ကာယဗလအဖွဲ့က ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးတစ်ခု၊ Kurash အဖွဲ့က ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု၊ ဘိလိယက်အဖွဲ့က ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု၊ ပိုက်ကျော်ခြင်းအဖွဲ့က ရွှေတစ်ခု၊ ကြေးသုံးခု၊ ပီတန်းအဖွဲ့က ရွှေတစ်ခု၊ ကြေးနှစ်ခု၊ ဂျူဒိုအဖွဲ့က ငွေနှစ်ခု၊ ကြေးနှစ်ခု၊ ပြေးခုန် ပစ်နှင့် သေနတ်ပစ်အဖွဲ့က ငွေနှစ်ခုစီ၊ ကနူး/ကယက် အဖွဲ့က ငွေတစ်ခု၊ ကြေးခြောက်ခု၊ တိုက်ကွမ်ဒိုအဖွဲ့က ငွေတစ်ခု၊ ကြေးသုံးခု၊ လက်ဝှေ့အဖွဲ့က ငွေတစ်ခု၊ ကြေးနှစ်ခု၊ အပြည်ပြည်ဆိုင်ရာလှေအဖွဲ့က ကြေး သုံးခု၊ မြားပစ်နှင့် အလေးမအဖွဲ့က ကြေးတစ်ခုစီ ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များ အနက် ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ စစ်တုရင်၊ ဘော်လီဘောနှင့် E-sports အားကစားနည်းများတွင် ဆုတံဆိပ်ရယူနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတို့ထက် ရွှေတံဆိပ်အရေအတွက် ပိုမို ရယူနိုင်ခဲ့သည်။ အားကစားနည်းများမှာ မေ ၂၂ ရက် ကတည်းက ပြီးဆုံးသွားခဲ့ပြီး မေ ၂၃ ရက်တွင် ပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ပြိုင်ပွဲအပြီးတွင် အိမ်ရှင်ဗီယက်နမ်နိုင်ငံက ရွှေ ၂၀၅ ခု၊ ငွေ ၁၂၅ ခု၊ ကြေး ၁၁၆ ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် ၁ နေရာ ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ထိုင်းနိုင်ငံထက် ရွှေတံဆိပ်အရေ အတွက် ၁၀၀ ကျော် ပိုမိုရရှိခဲ့သည်။
ရဲရင့်လွင်