
ဗီယက်နမ် မေ ၁၅
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစား နည်း Nangun (နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ် ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြု ချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကိုယ်စား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး မွန်းလွဲပိုင်း ပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ များကို ဆက်လက်ကျင်းပရာ (60 kg) ပြိုင်ပွဲတွင် မစုလှိုင်ဝင်းမှ ငွေတံဆိပ်တစ်ခု၊ (52 kg) ပြိုင်ပွဲတွင် မချယ်ရီသန်းနှင့် (70 kg) ပြိုင်ပွဲ တွင် မောင်မျိုးမင်းထက်တို့မှ ကြေးတံဆိပ်တစ်ခုစီကို လည်းကောင်း ဆုများအသီးသီး ရရှိခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် Phu Tho မြို့ရှိ Viet Tri ဘောလုံးအားကစားကွင်း၌ အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ အင်ဒိုနီးရှား အသင်းကို တစ်ဂိုး သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း၊ Cam Pha ဘောလုံးအားကစားကွင်း၌ အမျိုးသမီးဘောလုံး အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက် သွားသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ မြားပစ်၊ ဘိလိယက်၊ စစ်တုရင်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီးရိုက်၊ ဘော်လီဘော၊ ဝူရှူးနှင့် ကာယဗလ ကာယအလှ အားကစားပြိုင်ပွဲများကို ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေးသည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ငါးခု နှင့် ကြေးတံဆိပ် ကိုးခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၁၈ ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်