
ကိုဌေး (ကနောင်)
ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ နှစ်နှစ် တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိသည့် ဒေသတွင်းအားကစားပြိုင်ပွဲကြီးတွင် ထိုက်သင့်သည့်အောင်မြင်မှုများ ရရှိစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းပြီး တစ်နှစ်ကျော်ခန့် ကြိုတင်ပြင်ဆင်စခန်းသွင်း လေ့ကျင့်ခဲ့ကြသည်။
ဝန်ကြီးဌာနအနေဖြင့် ပြိုင်ပွဲမတိုင်မီကတည်းက ဆုတံဆိပ် ရရှိနိုင်မှု မျှော်မှန်းချက်အဖြစ် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၀ စုစုပေါင်း ဆုတံဆိပ် ၆၀ ရရှိရန် မျှော်မှန်းထားကြောင်း ကြိုတင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ပြိုင်ပွဲအပြီး တွင် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေး တံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခု ရရှိခဲ့သည့် အတွက် ဝန်ကြီးဌာနမှ ကြိုတင်မျှော်မှန်းထားသည့် ဆုတံဆိပ်အတိုင်း ရယူနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ရရှိခဲ့သည့် ဆုတံဆိပ်များအနက် ရွှေတံဆိပ်အရေ အတွက်သာ အနည်းငယ်လျော့နည်းခဲ့သော်လည်း ငွေ၊ ကြေး ဆုတံဆိပ်ရရှိမှုအနေဖြင့် မျှော်မှန်းချက် အတိုင်း ပြည့်မီစွာ ရရှိခဲ့ပါသည်။ ပြိုင်ပွဲထုံးစံအတိုင်း ရွှေမျှော်မှန်း အားကစားနည်းများ ငွေတံဆိပ်ဖြစ် သွားခြင်း၊ ငွေမျှော်မှန်းအားကစားနည်းများ ကြေး တံဆိပ်ဖြစ်သွားခြင်းများကြောင့် မျှော်မှန်းဆုတံဆိပ် အနည်းငယ်အပြောင်းအလဲ ဖြစ်သွားခြင်းများ ဖြစ်နိုင်ပါသည်။ မည်သို့ဆိုစေ မျှော်မှန်းထားသည့် ဆုတံဆိပ်အရေအတွက်အတိုင်း ရယူနိုင်ခဲ့ကြသည် ဖြစ်၍ အားလုံးတာဝန်ကျေခဲ့ကြပါသည်။
ယခုနှစ် SEA Games ပြိုင်ပွဲ၏ ထူးခြားချက်
ယခုနှစ် SEA Games ပြိုင်ပွဲကြီး၏ ထူးခြားချက် တစ်ခုမှာ ပုံမှန် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ သည့် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ယခင် က အစဉ်အလာမရှိခဲ့သည့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းအား ရှုံးနိမ့်ပြီး တတိယနေရာကို လက်လွတ်ခဲ့ရသည့်အတွက် ဘောလုံးချစ်ပရိသတ် များ၏ မကျေမနပ်ရင်ဖွင့်သံများကိုလည်း ကြားသိ မြင်တွေ့ခဲ့ရပါသည်။ ထို့ပြင် ပြိုင်ပွဲတွင် ဘောလုံး (ကျား၊ မ)၊ ဖူဆယ် (ကျား၊ မ)၊ စစ်တုရင်၊ ဂေါက်သီး၊ ဘော်လီဘောနှင့် E-Sports အားကစားနည်းများ အနေဖြင့် ဆုတံဆိပ်များနှင့် ဝေးကွာခဲ့ရပါသည်။
အားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှု ရလဒ်
ပြိုင်ပွဲကြီးတစ်ခုလုံးအား သုံးသပ်ရလျှင် အားကစားဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၏ အုပ်ချုပ်စီမံမှု၊ တွန်းအားပေး ကြပ်မတ်ဆောင်ရွက် မှု၊ ပံ့ပိုးဖြည့်ဆည်းမှုကောင်းမွန်ခြင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်မှုများကြောင့် အားကစားနည်း ၂၀ မှ ပြိုင်ပွဲဝင်အားကစား သမား ၂၉၃ ဦးအနက် အားကစားသမား ၁၁၆ ဦးက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အတွက် ပျမ်းမျှအားဖြင့် ပြိုင်ပွဲဝင်အားကစားသမား သုံးဦးလျှင် တစ်ဦးက နိုင်ငံအတွက် ဆုတံဆိပ် တစ်ခု ရယူပေးနိုင်ခဲ့ခြင်းဖြစ်၍ ယခုနှစ် SEA Games ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင်အားကစားသမားများ တာဝန်ကျေ ခဲ့ကြပါသည်။
နည်းလမ်းပေါင်းစုံ ဝိုင်းဝန်းကြိုးပမ်းအဖြေရှာ
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင် မှုရအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သလို လာမည့် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးတွင် ယခုထက် ဆုတံဆိပ် များ ပိုမိုရရှိနိုင်ရေးနှင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် (၇)နေရာမှ အထက်သို့ တက်လှမ်းနိုင်ရေး အတွက် အားကစားဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူ များအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်း ကြိုးပမ်းအဖြေရှာကြဖို့ လိုအပ်နေပြီဟုလည်း ဆိုချင် ပါသည်။ မည်သည့်ပြိုင်ပွဲအမျိုးအစားတွင်မဆို ပြိုင်ပွဲပြီးဆုံးပါက အားနည်းချက်၊ အားသာချက် များကို အပြုသဘောခြုံငုံသုံးသပ်၍ လာမည့်ပြိုင်ပွဲ များအတွက် ပြန်လည်ပြင်ဆင်ရခြင်းမှာလည်း လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို မမေ့သင့်ပါ။
ပြိုင်ပွဲတွင် ဆုတံဆိပ်လျော့နည်းရခြင်း အကြောင်းရင်းများ
မြန်မာနိုင်ငံအနေဖြင့် SEA Games ပြိုင်ပွဲတိုင်း တွင် အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု လျော့နည်းခြင်းနှင့် နိုင်ငံအလိုက် ရပ်တည်မှုအဆင့် ပုံမှန်ရပ်တည်နေခြင်း အကြောင်းရင်းများကို ဆန်းစစ်ပါက အောက်ပါအချက်များအပေါ် သုံးသပ် အဖြေရှာ၍ ရေတို/ရေရှည်အစီအမံများဖြင့် ပြုပြင် ဆောင်ရွက်သွားရန် လိုအပ်မည်ဟုလည်း မြင်မိပါသည်-
(၁) အားကစားနည်းအလိုက် မျိုးဆက်သစ် ပေါ်ထွက်မှု အားနည်းခြင်း
လွန်ခဲ့သည့် ဆယ်စုနှစ် (၃/၄) ခုလောက်မှစ၍ မြန်မာ့အားကစား တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ကျဆင်းလာရသည့် အကြောင်းရင်း များစွာရှိသည့် အနက် အားကစားနည်းအလိုက် မျိုးဆက်သစ် များ ပေါ်ထွက်မှု အားနည်းလာရခြင်းမှာ အဓိက အကြောင်းရင်းဖြစ်ပါသည်။ အထူးသဖြင့် မြန်မာ နိုင်ငံအနေဖြင့် ပြေးခုန်ပစ်နှင့် ရေကူးအားကစား သမား မျိုးဆက်သစ်ပေါ်ထွက်မှု သိသာစွာနည်းပါး ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါသည်။ ယခု ကျင်းပ ပြီးစီးခဲ့သည့် SEA Games ပြိုင်ပွဲတွင် ရေကူး အားကစားနည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင် ခဲ့ခြင်းမှာ သိသာလှသည့် သာဓကဖြစ်ပြီး ပြေးခုန်ပစ် အားကစားနည်းအနေဖြင့် အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခြင်းကြောင့် နိုင်ငံ အလိုက် အဆင့် (၇) နေရာမှ အထက်သို့ မတက်နိုင် ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ပြေးခုန်ပစ်ပြိုင်ပွဲမှ (ကျား+မ) ပြိုင်ပွဲ နှစ်ရပ်ပေါင်း ရွှေတံဆိပ် ၄၆ ခု ချီးမြှင့်ခြင်းဖြစ်ပြီး ရေကူးပြိုင်ပွဲတွင်လည်း ဒိုင်ဗင် အားကစားနည်းအပါအဝင် (ကျား+မ) ပြိုင်ပွဲ နှစ်ရပ် ပေါင်း အများဆုံး ရွှေတံဆိပ် ၆၀ ကျော်အထိ ချီးမြှင့် ခြင်းဖြစ်သည့်အတွက် အားကစားနည်း နှစ်ခုမှ ရွှေတံဆိပ် ၁၀၀ ကျော် ချီးမြှင့်သော်လည်း မြန်မာ နိုင်ငံအနေဖြင့် ရွှေတံဆိပ် တစ်ခုပင် ရယူနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရပါသည်။
အဆိုပါ အားကစားနည်း နှစ်မျိုးမှ ပြိုင်ပွဲဝင် နိုင်ငံအများစုအနေဖြင့် ဆုတံဆိပ်များ အချိုးကျ ခွဲဝေယူသွားခဲ့ခြင်းကြောင့် ပြိုင်ပွဲမစတင်မီကတည်း က အဆင့်(၁)မှ အဆင့် (၆) အထိ မြန်မာနိုင်ငံအထက် မှ ရပ်တည်နေသည့် ပြိုင်ဘက်နိုင်ငံများက ရွှေတံဆိပ် ၁၀ ခု အထက်ကို ပြေးခုန်ပစ်နှင့် ရေကူးအားကစား နည်းများမှ အချိုးကျ ခွဲဝေရယူသွားကြခြင်း ဖြစ်ပါ သည်။ သို့ဖြစ်၍ ပြေးခုန်ပစ်နှင့် ရေကူးအပါအဝင် အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက် ရေးအတွက်လည်း ရေတိုရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ထို့ပြင် အသင်းလိုက်အားကစားနည်းများ ဖြစ်ကြသည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက် ဘော၊ ဟော်ကီ၊ ဖူဆယ်၊ ခရစ်ကက်တို့သည် အနည်း ဆုံးကစားသမား အင်အား ၁၀ ဦးအထက် ရွေးချယ် ယှဉ်ပြိုင်ရပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိရန် မသေချာသည့်အတွက်လည်းကောင်း၊ အခြား ပြိုင်ဘက်အသင်းများနှင့် ယှဉ်လျှင် ခန္ဓာကိုယ်ကြံ့ခိုင် မှု၊ အသင်းလိုက်လုပ်ဆောင်မှု၊ နည်းစနစ်/နည်းဗျူ ဟာများနှင့် အရပ်အနိမ့်အမြင့် ကွာဟမှုများကြောင့် လည်းကောင်း တဖြည်းဖြည်း အဆင့်နိမ့်ကျလာ သည်ကိုလည်း ရေတို/ရေရှည် စီမံကိန်းများ ချမှတ် ၍ ပြင်ဆင်ဆောင်ရွက်သွားရန်လည်း လိုအပ်လျက် ရှိနေကြောင်း တွေ့ရှိရပါသည်။
မြန်မာ့အားကစား ရွှေခေတ်ကာလများကို ပြန်ကြည့်ပါက နိုင်ငံအတွက် ဆုတံဆိပ်အများဆုံး ရယူပေးနိုင်ခဲ့သည့် အားကစားနည်းများတွင် ပြေးခုန် ပစ်အားကစားနည်းအနေဖြင့် ထိပ်ဆုံးမှ ရပ်တည် လျက်ရှိနေသည်ကို မှတ်တမ်းမှတ်ရာများမှ သက်သေခံလျက် ရှိနေပါသည်။ ၎င်းအပြင် ဘောလုံး၊ ရေကူး၊ သေနတ်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ဘော်လီဘောနှင့် ကျွမ်းဘားအားကစားနည်းများ သည်လည်း ရွှေရောင်လွှမ်းခဲ့သည့် အားကစားနည်းများ ဖြစ်ခဲ့ပါသည်။
(၂) အားကစားနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်
အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်မှု အားနည်းခဲ့ရခြင်းသည် အားကစားနှင့် ပညာရေး ထိထိမိမိ ပေါင်းစပ်ဆောင်ရွက်နိုင်မှု အားနည်းချက်ကြောင့် ဖြစ်ပါသည်။ လူငယ်လူရွယ် အမြောက်အမြား တစ်စုတစ်ဝေးတည်း ရှိနေသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ် များတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် P.T ချိန်များတွင် အားကစားလေ့ကျင့်လိုက်စားခွင့် ပြည့်ပြည့်ဝဝမရရှိခြင်း၊ အားကစားနည်းအလိုက်/ မေဂျာအလိုက် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်မပေးနိုင်ခြင်း၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များတွင် အားကစားကွင်း/အားကစားရုံ၊ အားကစားအထောက်အကူပြုပစ္စည်း များ ပြည့်ပြည့်စုံစုံ ဆောင်ရွက်မပေးနိုင်ခြင်း၊ အားကစားဘာသာရပ်ကို သင်ကြားပေးမည့် P.E ဆရာများ လုံလုံလောက်လောက် ခန့်ထားမပေးနိုင် ခြင်း၊ အခြေခံပညာကျောင်းပေါင်းစုံ၊ တက္ကသိုလ်/ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှသည် ကျောင်းသားအားကစားပွဲတော်များအထိ ပုံမှန် ကျင်းပမပေးနိုင်ခြင်းများသည်လည်း အားကစား နည်းအလိုက် မျိုးဆက်သစ်ပေါ်ထွက်ရန် အဓိက အဟန့်အတား/အားနည်းချက်များ ဖြစ်ပါသည်။
သို့ဖြစ်၍ အားကစားနှင့်ပညာရေး ထိထိမိမိ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ယခင်က အားကစားနှင့်ပညာရေးပေါင်းစပ်မှုဦးစီးကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ကော်မတီအနေဖြင့် ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပညာရေးနှင့် အားကစားဌာန တို့ ပူးပေါင်းပြီး ခိုင်မာသည့်စီမံချက်များ ရေးဆွဲ ဆောင်ရွက်မှုအားနည်းခဲ့ခြင်းကြောင့် ကောင်းမွန် သည့် ရလဒ်များ ပေါ်ထွက်လာခြင်း မရှိခဲ့ပါ။ အဆိုပါ ကော်မတီအနေဖြင့်လည်း ပညာရေးဌာနမှ အဓိကတာဝန်ယူပြီး အားကစားဌာနမှ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်၍ အားကစားနှင့် ပညာရေး ထိထိမိမိ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်လည်း အထူးလိုအပ်နေပြီ ဖြစ်ပါသည်။
အားကစားနှင့်ပညာရေး ထိထိမိမိပူးပေါင်း ဆောင်ရွက်နိုင်မှုမရှိ၍ အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်မှုအားနည်းခြင်း၏ အကျိုးဆက်ကြောင့် နှစ်နှစ် တစ်ကြိမ် ပုံမှန်ကျင်းပ လျက်ရှိသည့် ဒေသတွင်းအားကစားပြိုင်ပွဲဖြစ်သော SEA Games ပြိုင်ပွဲ အပါအဝင် ASEAN University Games နှင့် ASEAN School Games ပြိုင်ပွဲများတွင် လည်း မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှုနှင့် အလှမ်းဝေးနေမည်သာ ဖြစ်ပါသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် အားကစားနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက် သည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ကိုလည်း တစ်နှစ်ထက် တစ်နှစ် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် ကျောင်း ရှစ်ကျောင်း ရှိပြီဖြစ်သည်။
လက်ရှိ ဖွင့်လှစ် ဆောင်ရွက်နိုင်သည့် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်) များတွင် နှစ်စဉ်သင်တန်းသားများ ပုံမှန်ရွေးချယ်ခဲ့သော် လည်း ထူးချွန်သည့် မျိုးဆက်သစ်အားကစား သမား ထွက်ပေါ်လာမှုနည်းပါးနေခြင်းအပေါ် အားကစားနည်းအလိုက် နည်းပြဆရာများ ခန့်အပ်တာဝန်ပေးမှု၊ နည်းပြများအနေဖြင့် သတ်မှတ်နည်းပြသင်တန်းများ တက်ရောက်ပြီးစီး မှု၊ နည်းပြအရည်အချင်းပြည့်ဝမှု၊ စေတနာထား ဆောင်ရွက်မှုနှင့် အားကစားသမားအင်အား ဖောင်းပွမှုစသည့် အခြေအနေများကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်လှပေသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments