
ရဲဘော်တို့
ဒို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု၊ ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်ခဲ့မှု၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှု ဆိုင်ရာ သမိုင်းကြောင်းများနဲ့အတူ ယှဉ်တွဲ ပေါ်ပေါက်လာခဲ့ပြီး အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဒီကနေ့ ဆိုရင် (၇၇)နှစ်တာကာလရှိလာပြီဖြစ်တယ်။
ရဲဘော်တို့
ဒို့တပ်မတော်ဟာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ နယ်ချဲ့ဗြိတိသျှတို့ လက်အောက်ကနေ မြန်မာ နိုင်ငံကို လွတ်လပ်ရေး ရယူပေးခဲ့တယ်။
ဗြိတိသျှနယ်ချဲ့တို့ ဖန်တီးခဲ့တဲ့ သွေးခွဲမှုတွေ ကြောင့် ဒို့တိုင်းရင်းသားအချင်းချင်းအကြား ယုံကြည်မှုလျော့နည်းခဲ့ရမှုနဲ့အတူ နိုင်ငံရေး အယူအဆနဲ့ အယူဝါဒ ကွဲပြားမှုအမျိုးမျိုးတို့ ကြောင့် လွတ်လပ်ရေးရပြီး မကြာမီမှာပဲ ပြည်တွင်း သောင်းကျန်းမှုစစ်မီးကြီး ပေါ်ပေါက်လာခဲ့ရတယ်။ ရန်ကုန်အစိုးရလို့ လှောင်ပြောင်ခေါ်ခံခဲ့ရာကနေ ဒို့တပ်မတော်အနေနဲ့ အဆုံးအဖြတ်ပေးတဲ့ တိုက်ပွဲ ကြီးတွေကို အသက်သွေးချွေး မြောက်မြားစွာ ပေးဆပ်ပြီး တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက် ပေးခဲ့သလို ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ တရုတ်ဖြူကူမင်တန်တွေရဲ့ ကျူးကျော်မှုကို မဲခေါင် စစ်ဆင်ရေးကြီး အပါအဝင် စစ်ဆင်ရေးကြီး အကြိမ်ပေါင်း ၃၀ နဲ့ စစ်ဆင်ရေးငယ် များစွာဆင်နွှဲ ပြီး နိုင်ငံတော်ကို ပြည်ပကျူးကျော်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့ရတယ်။
ဒါ့အပြင် ဒို့နိုင်ငံအနေနဲ့ ၁၉၅၈ ခုနှစ် နိုင်ငံရေး အကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စု ပြိုကွဲမယ့်အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု အရေးအခင်းနဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားမှု စတဲ့ နိုင်ငံတော်အတွက် အန္တရာယ် ကြီးမားတဲ့ အရေးကိစ္စတို့နဲ့ ကြုံတွေ့ခဲ့ရချိန်တွေ မှာလည်း တပ်မတော်အနေနဲ့ မှန်ကန်တဲ့ ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်တို့နဲ့အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ တယ်။ တပ်မတော်အနေနဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကာလတွေမှာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ရန်ပြုလာခဲ့တဲ့ သောင်းကျန်းသူတွေကို ဒို့တပ်မတော်သားတွေရဲ့ အသက်သွေးချွေး များစွာ ပေးဆပ်ပြီး အောင်မြင်စွာ ချေမှုန်းတိုက်ခိုက်နိုင် ခဲ့တယ်။ ဒါ့ကြောင့် ဒို့တပ်မတော်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ လက်ရှိ အချိန်ထိ ခေတ်အဆက်ဆက်၊ စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီး ဒို့တာဝန်အရေးသုံးပါးကို အစဉ် ဦးထိပ်ထားကာ အောင်မြင်စွာ ကာကွယ်စောင့် ရှောက်နိုင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူစွာ ပြောကြား လိုတယ်။
ရဲဘော်တို့
ကမ္ဘာ့နိုင်ငံတိုင်းမှာ နိုင်ငံရေးစနစ် တစ်ခုကနေ တစ်ခုကို ညင်သာစွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် အလွန်အရေးကြီးတယ်။ ၁၉၈၈ ခုနှစ် ဒို့တပ်မတော် အနေနဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူခဲ့ရတဲ့ အချိန်မှာ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေး အတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့တယ်။ ဒီမို ကရေစီ အုပ်ချုပ်ရေးစနစ်နဲ့ စျေးကွက်စီးပွားရေး ဖော်ဆောင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့အညီ ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနိုင်ရေးကို ကမကထပြု ဆောင်ရွက်ပေးခဲ့ပြီး ဒီမိုကရေစီစနစ်ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်း နိုင်ရေး ဦးစီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒါတွေဟာ ဒို့တပ်မတော်ရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ထားရှိတဲ့ စစ်မှန်ကောင်းမွန်တဲ့ စေတနာပြယုဂ်တွေ ဖြစ်တယ်ဆိုတာ အသိပေးလိုတယ်။
ရဲဘော်တို့
မျက်မှောက်ခေတ်ကာလမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့ဟာ နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်း ဖြစ်တဲ့ စစ်ရေးနည်းတစ်ခုတည်းနဲ့ ကျူးကျော်သိမ်းပိုက် တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ဘဲ သမားရိုးကျ မဟုတ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒ ဖြန့်ချိရေး၊ သံတမန်ရေး အစရှိတဲ့ နည်းလမ်းတွေနဲ့ပါ ကျူးကျော်လာကြတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ခေတ်သစ်စစ်ပွဲအောင်နိုင်ဖို့အတွက် သတင်းဆက်သွယ်ရေး နည်းပညာတွေ၊ အီလက် ထရောနစ်နည်းပညာတွေ၊ စက်မှုနည်းပညာတွေ အဆင့်မီ သင်ကြားလေ့ကျင့်ထားရမှာဖြစ်တယ်။
နည်းပညာတွေနဲ့ လိုက်လျောညီထွေ ပြောင်းလဲ နေတဲ့ စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာတွေကိုလည်း လေ့လာနေရမှာပဲ ဖြစ်တယ်။ ဒါကြောင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဟာ စွမ်းရည်ပြည့်ဝတဲ့ လူသား အရင်းအမြစ်များ၊ နည်းပညာများနဲ့ပေါင်းစပ်ပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို တည်ဆောက် သွားရမှာဖြစ်တယ်။
တပ်မတော်သား အဆင့်အတန်းအားလုံးဟာ မိမိတို့ တာဝန်ထမ်းဆောင်ရတဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ဖို့ လိုအပ်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားတွေ တိုးတက်လာ စေဖို့နဲ့ အရေအတွက်ထက် အရည်အသွေးနဲ့ အရည် အချင်းရှိတဲ့ တပ်မတော်သားတွေ ဖြစ်လာစေဖို့ အတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာဖြစ်တယ်။ စစ်ရေးစွမ်းရည် ထက်မြက်ဖို့အတွက် လေ့ကျင့်ရေးဟာ အဓိက ကျတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး စစ်သည် တစ်ဦးချင်း လေ့ကျင့်ရေးနဲ့ တပ်ဖွဲ့အလိုက် လေ့ကျင့်ရေးတွေကို ဒို့တပ်မတော်ရဲ့ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ လေ့ကျင့်ရေး ဆောင်ပုဒ် နဲ့အညီ လေ့ကျင့်သွားကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
ဒို့တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေတဲ့ အင်အားကောင်းမွန်မှုအရှိဆုံး အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် တပ်တွင်း စည်းလုံးညီညွတ်မှုဟာ အလွန်အရေးကြီးတယ်။ ပြည်ပ ကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေး သမား အင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲ အောင် ဖြိုခွဲဖို့ ပြည်တွင်း၊ ပြည်ပမှ နည်းလမ်း ပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်း စည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ်မှာဖြစ်တယ်။
ဒါကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲစေဖို့အတွက် ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားကြပြီး တပ်မတော်သား များနဲ့ မိသားစုဝင်တွေဟာ မှန်ကန်တဲ့ အသိ၊ အမြင်၊ ယုံကြည်ချက်၊ ခံယူချက်တူညီစွာနဲ့ ရဲဘော် ရဲဘက်စိတ်ထားရှိပြီး ညီအစ်ကို မောင်နှမသဖွယ်၊ မိသားစုသဖွယ် အပြန်အလှန်လေးစားမှု၊ အလေး ထားမှုတွေနဲ့ စည်းလုံးညီညွတ်စွာ နေထိုင်သွား ကြဖို့ မှာကြားလိုတယ်။
r စာမျက်နှာ ၃ မှ
ဒီလို တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာဖို့ သာမက ပြည်သူလူထုနဲ့ စည်းလုံးညီညွတ်မှု ခိုင်မာဖို့လည်း အရေးကြီးတယ်။ ဒို့တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ တစ်ခုတည်းသော တပ်မတော်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရ မှာဖြစ်တဲ့အပြင် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ လုံခြုံရေးကိုလည်း ဘက်ပေါင်းစုံက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမှာ ဖြစ်တယ်။
ဒို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား ခံစားနေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပြည်သူလူထု၊ တပ်မတော်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းလက်တွဲကာ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင် ခဲ့တယ်။ ဒါ့ကြောင့် နောက်ဖြစ်လာနိုင်ဖွယ်ရာ ကပ်ရောဂါလှိုင်းတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွေ အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ နေထိုင်သွားလာမှုတွေကို ဒို့တပ်မတော် အနေနဲ့ ပြည်သူလူထုနဲ့အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမှာဖြစ်တယ်။
ဒို့တပ်မတော်ဟာ စနစ်တကျဖွဲ့စည်းထားပြီး အမြဲအသင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ရင်လည်း လူသားချင်းစာနာထောက် ထားမှုနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief-HADR) လုပ်ငန်းတွေကို “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ’’ ဆိုတဲ့အတိုင်း အမိန့် စောင့်ဖို့မလိုဘဲ အချိန်နဲ့တစ်ပြေးညီ ကူညီဆောင် ရွက်ပေးရမယ်။ ဒါမှသာ တပ်နဲ့ပြည်သူ တစ်သား တည်းဖြစ်ပြီး တပ်ပြင်စည်းရုံးရေးဟာလည်း ခိုင်မာအားကောင်းလာမှာဖြစ်တယ်။
ရဲဘော်တို့
ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရမယ့်သူတွေ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့် ရေးတာဝန်နဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန် တွေကို ထမ်းဆောင်နေကြသူတွေဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး ဒို့တပ်မတော်သားတွေဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုးအတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြတာ ဖြစ်တယ်။
ဒီလို မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ တာဝန် ထမ်းဆောင်နေကြတဲ့ ဒို့တပ်မတော်သားများ ဘဝကို တန်ဖိုးထားဂုဏ်ယူပြီး စစ်သားကောင်းပီသစွာ နေထိုင်ကျင့်ကြံသွားကြရမယ်။ ဒါ့အပြင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာမှု၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံ တတ်မှုတွေနဲ့ မိမိတို့ရဲ့ဘဝကို ကြိုးစားမြှင့်တင် သွားကြရမယ်။
ဒို့တပ်မတော်သား တစ်ဦးချင်းကအစ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကာ စည်းကမ်းကောင်းတဲ့ တပ်မတော်၊ စည်းကမ်းရှိတဲ့ အဖွဲ့အစည်း၊ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်တဲ့ အဖွဲ့အစည်းအဖြစ် တပ်မတော်ရဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းသွားကြရမှာဖြစ်တယ်။ တပ်မတော်ကောင်းတစ်ရပ် ဖြစ်ဖို့အတွက် စစ်သား ကောင်းများနဲ့ ခေါင်းဆောင်ကောင်းများကို ပေါင်းစပ် ဖွဲ့စည်းထားဖို့ လိုအပ်တယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်ဖို့အတွက် စစ်စည်းကမ်း ကောင်းမွန် ဖို့လိုအပ်ပြီး စစ်စည်းကမ်းကောင်းမွန်မှသာ အမိန့် နာခံတတ်မှုလည်း ရှိလာမှာဖြစ်တယ်။
ဒါ့ပြင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေဖို့ အတွက် အသိပညာ၊ အတတ်ပညာများပြည့်ဝပြီး အတွေ့အကြုံများကို အတွေးအခေါ်ကောင်းများနဲ့ ပေါင်းစပ်အသုံးချနိုင်ဖို့ ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ရပ်နဲ့ ချိန်ထိုးဆောင်ရွက်သွားဖို့လိုတယ်။ စစ်စည်းကမ်း ကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှု နှစ်ခုကို ပေါင်းစပ် ကျင့်သုံးလိုက်နာတဲ့ အခြေခံစစ်သားကောင်းများနဲ့ အတွေးအခေါ်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်း များ ပေါင်းစပ်တည်ဆောက်ထားတဲ့ တပ်မတော် ဟာလည်း စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ကောင်း တစ်ရပ်၊ ခိုင်မာမှုရှိတဲ့ အင်အားစုတစ်ခုအဖြစ် နိုင်ငံ တော်ကာကွယ်ရေးတာဝန်များကို စွမ်းအားပြည့် ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုတယ်။
တပ်မတော်သားတိုင်းဟာ အသက်ခန္ဓာကို ပဓာနမထားဘဲ နိုင်ငံတော်ကို ကာကွယ်ရန်ဆိုတဲ့ အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနဲ့ မိမိတို့ သဘော ဆန္ဒအလျောက် တပ်မတော်ထဲ ဝင်ရောက်တာဝန် ထမ်းဆောင်နေမှုအပေါ်မှာ ဂုဏ်ယူပြီး နိုင်ငံတော်နဲ့ တပ်မတော်က အားကိုးအားထားပြုရတဲ့ စစ်သည် တော်ကောင်းတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိလာစေဖို့အတွက် ကမ္ဘာ့နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ အမြဲထိတွေ့ဆက်ဆံပူးပေါင်း ဆောင်ရွက်နေကြရတယ်။ ဒါ့အပြင် သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက် မှုတွေဟာ နိုင်ငံတစ်နိုင်ငံတည်းမှာသာ တွေ့ကြုံနေရ တာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ တစ်ဝန်းမှာ နိုင်ငံဖြတ်ကျော်မှုအသွင်နဲ့ ရင်ဆိုင်နေ ကြရတာဖြစ်တယ်။
ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဒေသတွင်းနိုင်ငံ များ အပါအဝင် နိုင်ငံတကာတပ်မတော်တွေနဲ့ ဆက်ဆံရေးမြှင့်တင်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာကိစ္စရပ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်လျက် ရှိတယ်။ မျက်မှောက်ကာလမှာ ကမ္ဘာ့နိုင်ငံတွေကို အဓိက ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို ကာကွယ်တိုက် ဖျက်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံ အပေါင်း နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး တို့နဲ့ ပူးပေါင်းပြီး ဒေသတွင်း ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများမှာ တက်ကြွစွာ ပါဝင်လျက်ရှိတယ်။
အခုလို နိုင်ငံတကာတပ်မတော်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေမှုတွေဟာ ဒို့တပ်မတော်ရဲ့စွမ်းရည်ကို ပိုမိုတိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်ကာကွယ် ရေးစွမ်းအားကို ပိုမိုအထောက်အကူဖြစ်စေတဲ့ အတွက် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ တပ်မတော်များနဲ့ ကောင်းမွန်ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
ရဲဘော်တို့
ဒို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် တိုင်းရင်းသားအားလုံးရဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ မျိုးချစ်စိတ်ဓာတ်၊ ရဲစွမ်းသတ္တိ၊ စည်းလုံး ညီညွတ်မှုအားတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းရယူ ခဲ့ကြတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ခိုင်မာမှုနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ရှိသင့်သလောက် မရှိဘဲ ခွန်အားတွေ၊ စွမ်းအားတွေ ဆုံးရှုံးခဲ့ရပြီး အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေထက် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့ရတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအဟန့်အတား ဖြစ်စေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ ခေတ် အဆက်ဆက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြ တယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိသလို မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကြောင့် အောင်မြင်မှုမရရှိခဲ့တဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။
၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးအတွက် တပ်မတော်က ကမကထပြုဆောင်ရွက် ပေးခဲ့ပြီးနောက်ပိုင်း ပါတီစုံဒီမိုကရေစီ အစိုးရများ ကာလမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်။ ကိုယ်စားလှယ်အသီးသီးဟာ အဆင့်ဆင့် ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့တယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လို့ ဆိုရာမှာ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ အယူဝါဒရေးရာအရ သဘောထားမတိုက်ဆိုင်တဲ့ အတွက် လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်းတွေ ရှိသလို ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးမှ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေလည်း ရှိတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ ပြီးမှ လက်နက်ကိုင်အကြမ်းဖက်လာတဲ့အဖွဲ့ တွေလည်း ရှိလာတယ်။ လက်ရှိအချိန်မှာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက်မှုများဟာ အချို့သော EAOs များထံက မြစ်ဖျားခံလာခဲ့တာ တွေ့ရမှာဖြစ် တယ်။
တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့ အစည်းကို အားပေးထောက်ခံတဲ့အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်။
လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဒို့နိုင်ငံအနေနဲ့ တိုင်းရင်းသားအားလုံး စုစည်း ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိခဲ့တာ (၇၅)နှစ် ပြည့်မြောက်မှာဖြစ်တယ်။ အခုလို စိန်ရတု လွတ်လပ်ရေးနေ့ အကြိုကာလမှာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ရေးနဲ့ နိုင်ငံသာယာဝပြောရေးအတွက် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ လေးနှစ်ကျော်ကာလ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတယ်။
ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက် တွေနှင့်အတူ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရဲဘော်တို့ကို အသိပေးလိုတယ်။
ဒို့တပ်မတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက် ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး၊ အကြမ်းဖက်နှိမ်နင်း ရေးတွေကို လုပ်ဆောင်နေရတာတွေရှိတယ်။ အပြစ်မဲ့ပြည်သူများနဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို အကြောင်းမဲ့ သတ်ဖြတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင် လိုတဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက် နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့တွေကိုတော့ တွေ့ဆုံ ဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်း သည်အထိ နှိမ်နင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ တပ်မတော်တွေဟာ လည်း ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ တွေ့ဆုံ ဆွေးနွေးမှုတွေ
r စာမျက်နှာ ၄ မှ
ပြုလုပ်တာမရှိကြောင်း အသိပေးလိုတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်း ဖက်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးတာ တွေ မလုပ်ကြဖို့နဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုတယ်။
ဒါ့ပြင် တစ်ဖက်သတ်တောင်းဆိုမှုတွေမလုပ် ဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်တဲ့ ပြည်ထောင်စု ကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ် တည်းလို့ စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ကို မွေးမြူကြပြီး ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ရည်မှန်းချက်ထားကာ အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ လိုကြောင်း ပြောကြားလိုတယ်။ တပ်မတော်အနေ နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိပါးမယ့်အချက် တွေကို လက်မခံဘဲ နိုင်ငံသားအားလုံးရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားလိုတယ်။
ခြိမ်းခြောက်အကျပ်ကိုင်မှုရှိတဲ့ အခြေအနေ မျိုးဟာ တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင် ဘူး။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဟာ တည်ငြိမ်အေးချမ်းမှု ရှိပြီး လက်နက်ကိုင် အနိုင်ကျင့်ခြိမ်းခြောက် ဗိုလ်ကျမှုများနဲ့ ကင်းစင်ဖို့ အရေးကြီးတယ်။
ရဲဘော်တို့
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက် ခဲ့တဲ့ အလွန်ဆိုးဝါးတဲ့ မဲစာရင်းမှားယွင်းမှုတွေ အပေါ် တပ်မတော်အနေနဲ့ ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း ဖြေရှင်း ပေးခြင်း မရှိခဲ့တဲ့အပြင် တတိယအကြိမ် လွှတ်တော် ခေါ်ယူပြီး နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့ ကြံစည် ကြိုးပမ်းမှုတွေကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးတော့ နိုင်ငံတော် ရဲ့တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခေတ္တ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်နေရတာ ရဲဘော် တို့အသိပဲ ဖြစ်တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန် ယူစကာလက ဆူပူဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေ၊ ထောက်ခံမှုတွေ မျိုးစုံရှိခဲ့တယ်။ နောက်ပိုင်းမှာ သာမန်ဆန္ဒပြမှုအဆင့်ကတစ်ဆင့် အကြမ်းဖက်မှု၊ ဖောက်ခွဲမှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေအထိ ဆောင်ရွက်လာခဲ့ကြတယ်။ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအတွင်း စီးပွားရေးနဲ့ပတ်သက်ပြီး ထိခိုက်ခဲ့ရတာတွေရှိတဲ့ အတွက် တပ်မတော်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေရတယ်။
ရဲဘော်တို့
တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့တာဝန် များကို ခေတ္တတာဝန်ယူဆောင်ရွက်နေတဲ့အချိန် မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကဏ္ဍ ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်တယ်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် မဲစာရင်းစစ်ဆေးတာတွေ၊ မဲပေးခွင့်ရှိသူ တိုင်း နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ကာ ဆန္ဒမဲပေးနိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ စီမံချက်ထားပြီး ဆောင်ရွက်တာတွေကို တစိုက် မတ်မတ် လုပ်ဆောင်နေတယ်။ မှန်ကန်တဲ့မဲစာရင်း များ ဖြစ်စေရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက် နေတယ်။
ဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး နောက်ထပ် ကူးစက်လှိုင်းမဖြစ်စေဖို့၊ ရောက်ရှိမလာ စေဖို့အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကိုလည်း အထူးအလေးထား ဆောင်ရွက်နေတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေကို ပြန်လည်ကုစားနိုင်ဖို့အတွက် ယခုလက်ရှိမှာ အခြေခံ ပညာကျောင်းတွေနဲ့ အဆင့်မြင့်ပညာကျောင်းတွေ ဖြစ်တဲ့ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသားလူငယ်တွေရဲ့ ပညာသင်အရွယ်ကာလ တွေကို အလဟဿကုန်ဆုံးမသွားစေဘဲ ပညာရေး အဆင့်အတန်းမြင့်မားစေဖို့ ဆောင်ရွက်ပေးလျက် ရှိတယ်။ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးတို့ ကို ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကွာခြားမှု လျော့နည်းစေဖို့အတွက်လည်း ကဏ္ဍပေါင်းစုံမှာ ဖြစ်နိုင်သမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်။ ဒါ့ကြောင့် တစ်ဖက်က နိုင်ငံတော် အနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်သလို မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ကိုယ်တိုင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ကောင်းမွန်စွာ စီမံခန့်ခွဲပေးကြရမယ်။
ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ အဖျက်အမှောင့် လုပ်ငန်းတွေက အဓိကအဟန့်အတားအဖြစ် ရှိနေ တယ်ဆိုတာကိုလည်း သတိပြုဖို့ လိုအပ်တယ်။ ဒါ့ကြောင့် တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်း မှသာ လူမှုဘဝတိုးတက်မြင့်မားစေပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေ ကို အလေးထားဆောင်ရွက်နိုင်မှာဖြစ်တယ်။ အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်တဲ့ တိုင်းပြည် သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝ တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ခြင်းအပါအဝင် ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်း တွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒို့တပ်မတော်သား တွေကလည်း ကျရာနေရာမှာ ပေးအပ်တဲ့တာဝန် တွေကို ကျေပွန်အောင်ထမ်းဆောင်ရင်း အထက်ပါ အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ် အောင်မြင်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက် သွားရမှာဖြစ်တယ်ဆိုတာ ရဲဘော်တို့ကို အသိပေး ပြောကြားလိုတယ်။
ရဲဘော်တို့
ဒို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဘုရင်တွေဟာ ဒေသအလိုက် အပိုင်စား၊ နယ်စား၊ မြို့စား၊ ရွာစား တွေကို အုပ်ချုပ်ပိုင်ခွင့်တွေပေးအပ်ပြီး ဘုရင့်ထံမှာ သစ္စာခံစေခဲ့တဲ့ အုပ်ချုပ်မှုစနစ်ကျင့်သုံးခဲ့တာကို တွေ့ရှိရတယ်။ ညောင်ရမ်းခေတ် သာလွန်မင်း လက်ထက် (အေဒီ-၁၆၃၇) ကစပြီး အရပ်ရပ် အုပ်ချုပ်ရေး အမိန့်တော်ထမ်း၊ ရာထူးအလျောက် စီရင်ပိုင်ခွင့်အာဏာများ ထုတ်ပြန်တာဝန် ပေးအပ်ခဲ့တယ်။ ဘုရင်က တစ်နိုင်ငံလုံးကို လွှမ်းခြုံ ပြီး စနစ်တကျ အုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးခဲ့ တယ်။
လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက်ပိုင်း ဒို့နိုင်ငံဟာ ကိုလိုနီစနစ်အောက်မှာ တောင်တန်းဒေသနဲ့ ပြည်မ ကို အုပ်ချုပ်ရေး ၂ ခု ခွဲခြားအုပ်ချုပ်ခံခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် မှာလည်း အစိုးရအဆက်ဆက်က ပါလီမန်ဒီမိုကရေစီ စနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ် အပါအဝင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ကြတာကို တွေ့ရမှာဖြစ်တယ်။ ဒို့နိုင်ငံဟာ နေရာဒေသအလိုက် ပထဝီအနေအထား၊ တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စတဲ့ မတူ ကွဲပြားမှုများစွာနဲ့ သမိုင်းအစဉ်အဆက်မှာ အတူတကွ ပေါင်းစည်းနေထိုင်ခဲ့ကြတာဖြစ်ပြီး ရေမြေပိုင်နက် နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲပြီး ခိုင်မာတဲ့ သမိုင်းကြောင်းရှိတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။
ဒီလိုသမိုင်းကြောင်း အစဉ်အဆက်မှာ တိုင်းရင်း သားများနဲ့ ပေါင်းစည်းနေထိုင်လာခဲ့တဲ့ ပြည်ထောင်စု ဖြစ်တဲ့အပြင် ဒို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် “ပြည်ထောင်စု (Union)” ဆိုတဲ့စကားကို ရွေးချယ်ပေးခဲ့တာဖြစ်တဲ့ အတွက် မိမိတို့အနေနဲ့ အလေးထားအကောင်အထည် ဖော်နေတာဖြစ်တယ်။
ပြည်သူကရွေးချယ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင် မာမာ တည်ဆောက်သွားဖို့လိုတယ်။ ဒီမိုကရေစီ ဆိုတာဟာ ပြည်သူကရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုတာ လုပ်ပိုင်ခွင့်အာဏာနဲ့ ရပိုင်ခွင့်တွေကို မျှဝေခွဲဝေခံစားစေတာ ဖြစ်တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လိုပဲ အယူအဆ အမျိုးမျိုး ကွဲပြားနေပါစေ ဒို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ပြီး တည်ဆောက် သွားကြရမယ်။
ဒါ့ကြောင့်လည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အတွက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နဲ့အညီ အခြေခံကောင်းများရရှိအောင် ဆောင်ရွက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ဖို့နဲ့ တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြု ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာ စေရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက် နေတယ်။
ဒီလို ဆောင်ရွက်နေတာဟာ တပ်မတော် အနေနဲ့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘဲ နိုင်ငံ့ အရေးဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ပုံဖော်နေတာ ဖြစ်တဲ့ အတွက် တိုင်းရင်းသားပြည်သူအားလုံးနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားနိုင်ငံရေးတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်နေတာဖြစ်ကြောင်း ပြောကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့
(၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက် များဖြစ်တဲ့-
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ကူညီဆောင်ရွက်ရေး။
- နိုင်ငံတော်အစိုးရ၏ အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် အဓိကဆောင်ရွက် လျက်ရှိသည့် တိုင်းပြည်သာယာဝပြော ရေးနှင့် စားနပ်ရိက္ခာပေါများ ဖူလုံရေး လုပ်ငန်းစဉ်များတွင် တပ်မတော်အနေဖြင့် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ယူဆောင်ရွက်ရေး။
- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်မတော်က တိုင်းရင်းသား ပြည်သူ အားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရေး။
- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာ စေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။
- နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက် ရေး။
ဆိုတဲ့ ဦးတည်ချက်များနဲ့အညီ ဆက်လက် ထမ်းဆောင်သွားကြပါလို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက်တယ်။