
နေပြည်တော် အောက်တိုဘာ ၁၈
2nd Belt and Road Energy Ministerial Conference ကို အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration က ကြီးမှူး၍ Virtual Format နှင့် In-person ပုံစံ နှစ်မျိုးဖြင့် ကျင်းပလျက်ရှိရာ အဆိုပါ ကွန်ဖရင့်သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်စင်နှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။
2nd Belt and Road Energy Ministerial Conference သည် စွမ်းအင်သုံးစွဲမှုပုံစံများ ပြုပြင် ပြောင်းလဲမှုနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များကို နိုင်ငံအများနှင့် ပူးပေါင်းတုံ့ပြန်ရာတွင် ကူညီ အားပေးနိုင်ရန်အတွက် "Joint Hands towards a Greener and More Inclusive Energy Future" ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါကွန်ဖရင့်၏ ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက Video Clip ဖြင့် အမှာစကားပြောကြားသည်။
ကွန်ဖရင့်တွင် Belt and Road Energy ဝန်ကြီး များ၊ သံအမတ်များ၊ နိုင်ငံတကာမှ စွမ်းအင်ဝန်ကြီး များနှင့် စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂ၏ စွမ်းအင်ကဏ္ဍဆိုင်ရာအကြီးအမှူး များ၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီ များမှ ထိပ်တန်းပုဂ္ဂိုလ်များ၊ တရုတ်နိုင်ငံတက္ကသိုလ် များမှ ပညာရှင်များ ပါဝင်တက်ရောက်ကြပြီး ကာဗွန်ကင်းစင်သော ပတ်ဝန်းကျင်ကောင်းများ တည်ဆောက်ခြင်း၊ အစိမ်းရောင်စွမ်းအင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအတွက် မူဝါဒများနှင့် ဈေးကွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ခြင်း၊ ဘဏ္ဍာရေး အထောက်အပံ့ကောင်းများ ကူညီဆောင်ရွက်ပေးခြင်း စသည့် Belt and Road ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများတွင် သန့်စင်ပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော စွမ်းအင်သုံးစွဲမှုများ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကျ စရိတ်များလျှော့ချနိုင်မည့် ပိုမိုကောင်းမွန်သော နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများရှာဖွေ၍ အဆိုပါနည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ အတွက် ပူးပေါင်းသုတေသနပြုခြင်းများကို တိုးချဲ့ ဆောင်ရွက်ခြင်းနှင့် ရရှိလာသည့် နည်းပညာတီထွင် ဆန်းသစ်မှုများ၏ ရလဒ်များကို ချောမွေ့စွာဖြင့် နိုင်ငံ ဖြတ်ကျော် စီးပွားရေးကူးလူးဆက်နွှယ်ဆောင်ရွက် စေခြင်းဖြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်စေရေးနှင့် စပ်လျဉ်း၍လည်းကောင်း နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် Terms of Reference of the Belt and Road Energy Partnership ကို အတည်ပြုခြင်း နှင့် Qingdao Initiative for Belt and Road Green Energy Cooperation ကို ကြေညာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်