(၂၇)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကျင်းပ

 

 

 

နေပြည်တော် ဩဂုတ် ၁၅

 

(၂၇)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပ သည်။

အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ပဒိုစောတာဒိုမူး(KNU)၊ ဦးမျိုးဝင်း(ABSDF)၊ စောမြရာဇာလင်း (ALP)၊ ခွန်မြင့်ထွန်း(PNLO)နှင့် နိုင်အောင်မငေး(NMSP)၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွန့်(SNLD)၊ တာလှဖေ(တအာင်း (ပလောင်))၊ ဦးသိန်းထွန်း(NUP)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်၊ ညီလာခံတွင် UPDJC နှင့် JMC အစီရင်ခံစာများ တင်သွင်းရေး ကိစ္စ၊ ညီလာခံဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ညီလာခံရက်အလိုက် အစီအစဉ်နှင့် ကျင်းပမည့်ပုံစံ၊ ညီလာခံပထမနေ့အစီအစဉ်၊ ညီလာခံသဘာပတိများကိစ္စ၊ ညီလာခံအကျိုးဆောင်များကိစ္စ၊ ညီလာခံတွင် UPDJC အတွင်းရေးမှူးများ လုပ်ငန်းတာဝန်ခွဲဝေမှု၊ UPDJC အဖွဲ့ဝင်များ အစားထိုးပြောင်းလဲတာဝန် ပေးအပ်သည့်ကိစ္စနှင့် (၁၉) ကြိမ်မြောက် UPDJC အစည်းအဝေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သတင်း-မျိုးနိုင်ဟန်၊ ဓာတ်ပုံ- ကိုထိန်