
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယခင်သတင်းစာရှင်းလင်းပွဲများနှင့်မတူဘဲ အပြောင်းအလဲဖြင့် စတင်လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် မီဒီယာ များကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက တပ်မတော် နှင့် မီဒီယာများအကြား ဆက်သွယ်ဆက်ဆံမှုကို ဆောင်ရွက်စေခဲ့ ပါကြောင်း၊ ထိုအချိန်ကတည်းက မိမိတို့အနေဖြင့် မီဒီယာများက မေးမြန်းသည့် မေးခွန်းများကို ဖြေခဲ့ရသည်မှာ အချိန်ကာလအားဖြင့်၊ အရေအတွက်ပမာဏအားဖြင့် များခဲ့ပြီဖြစ်ကြောင်း။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုဖွဲ့စည်းပြီး သတင်း မီဒီယာကောင်စီနှင့် စတင်ဆက်သွယ်ဆက်စပ်မှုပြုလုပ်ခဲ့ပါကြောင်း၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှု မှန်ကန် မြန်ဆန်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများဖြင့် စတင်ခဲ့ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများကို သတင်းမှန်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်စိုးနိုင်ဦး ဦးစီးပြီးပြုလုပ်ခဲ့ပါကြောင်း၊ ထိုအချိန်က မိမိသည် ဒုတိယဗိုလ်မှူးကြီးအဆင့်သာ ရှိကြောင်း။
အလုပ်ရုံဆွေးနွေးပွဲများတွင် မီဒီယာများကိုပါ ဖိတ်ခေါ်ပြီးသိလို သည်များ၊ မေးမြန်းသည်များ၊ ရှင်းပြခြင်းများ စတင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ တိတိကျကျအချိန်ဖြင့် ပြောရမည်ဆိုပါက ပထမဆုံးအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ခဲ့ပါကြောင်း၊ ၆ ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ ရန်ကုန်တွင်ပြုလုပ်ခဲ့ပါကြောင်း၊ အချို့ သတင်းမီဒီယာများအနေဖြင့် ထိုပွဲများကို တက်ဖြစ်ခဲ့မည်ဖြစ် ပါကြောင်း၊ ထို့နောက် တပ်မတော် သတင်းစာရှင်းလင်းပွဲများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် စပြီးပြုလုပ်ခဲ့ပါကြောင်း။
သတင်းစာရှင်းလင်းပွဲပေါင်း ၃၈ ကြိမ်ရှိခဲ့
တပ်မတော်က နိုင်ငံတော်တာဝန်ယူပြီးနောက် ပထမဆုံးသတင်းစာ ရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ပြုလုပ်ခဲ့ ပါကြောင်း၊ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ရေတွက်မည်ဆိုပါက ၇ နှစ်ကျော်ကာလရှိပြီ ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ပေါင်း ၆ ကြိမ်၊ သတင်းစာရှင်းလင်းပွဲပေါင်း ၃၈ ကြိမ်ရှိခဲ့ပါကြောင်း၊ ထိုကြား ကာလများတွင် မီဒီယာများမေးမြန်းမှုနှင့် မိမိတို့ဖြေကြားမှု မည်မျှ ရှိမည်ကိုတွက်ဆ၍ ရမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် မီဒီယာများ၊ မီဒီယာများဟုပြောရာတွင် ယနေ့ပွဲကိုတက်ရောက်လာသည့် မီဒီယာများကိုသာရည်ညွှန်းခြင်း မဟုတ်ပါကြောင်း၊ မီဒီယာ အားလုံးကို ရည်ညွှန်းခြင်းဖြစ်ပါကြောင်း၊ မိမိကစပြီးမေးခွန်း အနည်းငယ် မေးခွင့်ပြုပါဟု တောင်းဆိုလိုပါကြောင်း၊ ထိုမေးခွန်းများ ကို ချက်ချင်းဖြေနိုင်ပါကဖြေနိုင်ကြောင်း၊ မဖြေနိုင်ပါက အချိန်ယူပြီး ဖြေဆိုလိုပါက ဖြေနိုင်ပါကြောင်း။
ပထမဆုံးမေးခွန်းအနေဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ပါကြောင်း၊ ဥပဒေ၊ စည်းကမ်းများ နှင့်အညီ ဖြေရှင်းပေးရန် ကြေညာချက် ၆ ခုကို လူသိရှင်ကြားထုတ် ပြန်ခဲ့ပါကြောင်း၊ ပထမဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်အနေဖြင့် ရွေးကောက်ပွဲနှင့် ဆက်လက် UEC အဖွဲ့နှင့်ပတ်သက်သော သဘော ထား ကြေညာချက်ဟု ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများရှေ့တွင် သက်သေအထောက်အထားစုံစုံလင်လင်ဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ နောက်ပိုင်း ပြန်လည် ဖွဲ့စည်းခဲ့သည့် UEC အသစ်ကလည်းတွေ့ရှိချက်များကို သံတမန်များ၊ မီဒီယာများကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မိမိ မေးလိုသည့် မေးခွန်းအနေဖြင့် “ထိုအချိန်က မဲမသမာမှုများကို ဖြေရှင်းပေးရန်အတွက် တပ်မတော်နှင့် နိုင်ငံရေးပါတီ အချို့က တောင်းဆိုခဲ့သည်ကို ဘာကြောင့်မရှင်းတာလဲ။ ရှင်းဖို့မလိုဘူးဆိုရင် ဘာကြောင့် ရှင်းဖို့မလိုတာလဲ။ ဒါဆို မဲမသမာမှုမရှိဘူးဆိုတာ ဘာကြောင့်သက်သေမပြတာလဲဆိုတဲ့ မေးခွန်းကို မီဒီယာအများစုက သက်ဆိုင်သူတွေကို ဘာကြောင့်မမေးခဲ့တာလဲ။ ဟုတ်ပြီ။ ဒါဆိုဒီနေ့ ကျွန်တော်မေးပြီ။ မဲမသမာမှုတွေလုပ်ပြီး ထွက်ပြေးနေကြတဲ့သူတွေ၊ ထွက်ပြေးပြီး ရောက်တဲ့နေရာကနေ လူငယ်တွေ၊ ပြည်သူတွေကို မြှောက်ပင့်ပြီး ပဋိပက္ခဖြစ်အောင် လုပ်နေတဲ့သူတွေကို ဒီမေးခွန်းကို ဒီနေ့ တက်ရောက်လာသည့် မီဒီယာများသာမဟုတ်ဘဲ ဒါနဲ့ပတ်သက် ပြီး အထူးပြုပြီးရေးသားနေသည့် မီဒီယာများမေးပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ မှန်ရင်၊ သတ္တိရှိရင် မဲမသမာမှု မရှိပါဘူးဆိုတာ သက်သေနဲ့အခိုင်အလုံပြပေးပါ” ဟု မိမိပြောလိုပါကြောင်း။
အကြမ်းဖက်အဖွဲ့သည် ပြည်သူ့အတွက် လုပ်နေပါသလား
နောက်မေးခွန်းတစ်ခုအနေဖြင့် NUG ဆိုတဲ့အကြမ်းဖက်အဖွဲ့သည် ငွေတိုက် စာချုပ်ဆိုသည်များ၊ ဘွန်းဆိုသည်များရောင်းပါကြောင်း၊ Ticket ဆိုသည်များလည်း ရောင်းပါကြောင်း၊ ဘာပရောဂျက်၊ ညာပ ရောဂျက်ဆိုပြီးလည်း အလှူခံပါကြောင်း၊ ဟိုအထိမ်းအမှတ်၊ ဒီအထိမ်း အမှတ်ဆိုပြီး ရောင်းသည်ရောင်း၊ အလှူခံသည်ခံလုပ်ပါကြောင်း၊ သက်သေအထောက်အထားများရှိကြောင်း၊ ဒလက်များ၏ သတင်းများ တွင် ဝေဝေဆာဆာဖြင့် ဖော်ပြနေသည်လည်း မြင်တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ဘယ်ပွဲတွင် ဘယ်လောက်ရောင်းရသည်၊ အလှူငွေဘယ်လောက်ရသည်ဆိုသည်များလည်း မြင်ရမည်ဖြစ်ကြောင်း၊ အချို့ မီဒီယာများ၏ဖော်ပြနေသည့် သူတို့အရေး၊ သူတို့အပြောအရ ငွေ ပမာဏသည် မနည်းသည်ကိုလည်း မိမိတို့သိရပါကြောင်း၊ ထိုကိစ္စများ အပြင် အခြားပြည်ပနိုင်ငံက ထောက်ပံ့သည်ဆိုသည့် ပမာဏပါထည့် ပေါင်းလျှင် အတော်လေးများသည့် ပမာဏဆိုသည်ကို သတိပြုမိမည် ဟု ထင်ပါကြောင်း၊ ဘယ်လောက်ရသလဲ၊ ဘယ်နေရာတွင် သုံးနေ သလဲ၊ မီဒီယာများ မေးဖူးပါသလား၊ ဒလက်များက မေးဖူးပါသလား၊ ထွက်လာသည့်အဖြေသည် ပြည်သူကိုရှေးရှုသလား၊ မျက်နှာမူသလား၊ အကြမ်းဖက်အဖွဲ့သည် ပြည်သူ့အတွက် လုပ်နေပါသလား ဆိုသည့် အဖြေပဲ ဖြစ်ပါကြောင်း။
မေးခွန်းတစ်ခုထုတ်လိုပါကြောင်း၊ နာမည်ကြီး စစ်ကိုင်းတိုင်း အတွင်းက ဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း၊ ဖြစ်စဉ်ဆိုရာတွင် သာမန် အဆင့်ထက် အများကြီးပိုသည့် လူအမြောက်အမြားကို သတ်ဖြတ် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပါကြောင်း၊ ထုတ်ဖော်ပြောကြားချက် များအရ လူ ၁၀ ဦးကို ဗိုလ်သံမဏိဆိုသည့် အကြမ်းဖက်သမား ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်ခဲ့ပြီး ထုတ်မပြောသာခြင်း၊ ထုတ်မ ပြောရဲ၍ ငြိမ်နေလိုက်ရသည့် စာရင်းများထပ်ပေါင်းလျှင် မနည်းလှ သည့်လူများကိုသတ်ခဲ့သည်ဟု သိရှိထားရပါကြောင်း၊ ၎င်းတို့ထုတ် ပြောသည့်စာရင်းအရ အသတ်ခံရသည့် လူ ၁၀ ဦးထဲတွင် ယခင် သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည့် ထာဝရထက်တစ်ရက်ပို ပါသည်ဆိုသည့် လူ ၆ ဦးပါပါကြောင်း၊ ငါတို့သည် တော်လှန်ရေး သူရဲကောင်းဖြစ်သည်ဟု ကြွေးကြော်ထားပြီး လက်နက်ကိုင်ထားသူ များ၊ လက်နက်ကိုင်တိုက်ခြင်းကို အားပေးအားမြှောက်လုပ်နေသည့် နီတာမှ ရဲလို့ဆိုသူများဖြစ်ပါကြောင်း၊ နီသည် ရဲသည်အတူတူ အမြင် မတူသည်နှင့် သတ်ပါကြောင်း၊ အကျိုးစီးပွားထိ၍သတ်ခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက် NUG ဆိုသည့် အဖွဲ့အစည်းနှင့် ပတ်သက်ပြီး NUG ဖြင့် ရှင်းရဲသည်ဟု ပေါ်တင် ကြေညာထားခြင်းရှိပါကြောင်း၊ မီဒီယာများကို မေးချင်တဲ့မေးခွန်းက အဲဒီကိစ္စဘာဖြစ်သွားပြီလဲ၊ အကြမ်းဖက် NUG ဆိုသည့် သူများက ဘာများလုပ်ထားပါသလဲ၊ မေးရန်အစီအစဉ်ရှိပါသလား ထပ်မေးလိုပါကြောင်း၊ ဖြစ်စဉ်အချို့ကို အကျဉ်းချုံးပြောလိုပါကြောင်း၊ ပုလဲမြို့နယ်အတွင်းက အင်းမထီးနှင့် ဇီးဖြူကုန်းရွာများကို အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ ဖျက်ဆီးခဲ့ပါကြောင်း၊ မီးရှို့ခံရသည့် နေရာများဖြစ်ကြောင်း၊ ရွာသူ၊ ရွာသားများကိုယ်တိုင် အန္တရာယ်ကြား၊ ခြိမ်းခြောက်မှုများကြားက သနားစဖွယ်ရင်ဖွင့်ကြကြောင်း၊ တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပါ ကြောင်း၊ အမျိုးမျိုးသောစွပ်စွဲချက်များနှင့် သတ်ဖြတ်၍ ရွာသားများ သေကျေကြပါကြောင်း၊ ပြည်သူ့ကာကွယ်ရေးဟု အမည်ခံထားသည့် အကြမ်းဖက်များက ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ပါကြောင်း၊ ဘယ်မီဒီယာက ထိုသတင်းကို ရေးခဲ့ပါသလဲ၊ ပြည်သူလူထုကို ရှေးရှုပြီး ဆောင်းပါးအနေဖြင့်၊ ရုပ်သံအနေဖြင့် ထုတ်လွှင့်ခဲ့ခြင်းရှိပါ သလား။ ပြည်သူ့အတွက် ရှေ့ဆောင်လမ်းပြအနေဖြင့် Follow Up မေးခွန်းအနေဖြင့် မည်သည့်မီဒီယာများက ရပ်တည်မေးခဲ့ပါသလဲဟု မေးခွန်းထုတ်လိုပါကြောင်း။
ရဟန်း၊ သံဃာကို ဘာကြောင့် ဒလန်လို့စွပ်စွဲသတ်ဖြတ်ပါသလဲ
နောက်မေးခွန်းမေးလိုပါကြောင်း၊ အနီးစပ်ဆုံးကြုံတွေ့ခဲ့ရ သည့် ဖြစ်စဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့၊ မြင်းကြွ ရပ်ကွက်နေ ကိုရင်ငယ် ၃ ပါး မိုင်းထိပြီး ၂ ပါး ပျံလွန်တော်မူခဲ့ပါကြောင်း၊ တစ်ပါးက ပြင်းပြင်းထန်ထန်ဒဏ်ရာရပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး အချို့မီဒီယာများကလည်း မည်သူမည်ဝါက မိုင်းထောင် ဖောက်ခွဲနေသည်ကို သိသော်လည်း အချို့မီဒီယာများကလည်း ထင်ယောင်ထင်မှားဖြစ်အောင်ရေးနေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့၏ကိုးကွယ်ရာ ရဟန်း၊ သံဃာ ၃၀ ကျော်ထိ PDF အမည်ခံ အကြမ်းဖက်များ၏ သတ်ဖြတ်မှုကိုခံခဲ့ရပါကြောင်း၊ ရှည်ရှည်ဝေးဝေး မမေးလိုပါကြောင်း၊ ဗုဒ္ဓဘာသာ ရဟန်း၊ သံဃာကို ဘာကြောင့် ဒလန်လို့စွပ်စွဲသတ်ဖြတ်ပါသလဲ။ အကြမ်းဖက် NUG ၏မူဝါဒတွင် အမြင်မတူရင် ရဟန်း၊ သံဃာကိုလည်း သတ်ရမည်ဟု အကြမ်းဖက် မူဝါဒချထားသလားဟု မီဒီယာများက မေးဖူးပါသလား။ အလားတူ ကိုယ်နှင့်မတူ၊ ကိုယ့်ရန်သူဟု သဘောထားပြီး ဒလန်စွပ်စွဲပြီးသတ်ခဲ့ သည့် ထောင်နှင့်ချီသည့် ပြည်သူများသေခဲ့ခြင်း၊ CDM မလုပ်၍ဆိုသည့် စွပ်စွဲချက်ဖြင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် ဝန်ထမ်း များကို သတ်ဖြတ်ခဲ့ခြင်းသည် အကြမ်းဖက် NUG ၏ မူဝါဒလားဟု မေးခဲ့ဖူးပါသလား။
နောက်မေးလိုသည်က ပညာရေးကိစ္စဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းက စစ်ကိုင်းတိုင်းဘက်တွင်ဖြစ်ခဲ့သည့်ဖြစ်စဉ်ဖြင့် ဆက်စပ်ပြီး မေးလိုပါကြောင်း၊ အကြမ်းဖက် NUG ၏စီစဉ်မှုဖြင့် ကျောင်းဖွင့် သည်ဟုဆိုပါကြောင်း၊ ၎င်းတို့ထုတ်ပြန်ချက်အရ သင်မည့် စာအုပ်များ၊ သင်ရိုးညွှန်းတမ်းများကို သတိပြုမိကြမည်ထင်ပါကြောင်း၊ နိုင်ငံတော် အစိုးရက ထုတ်ဝေထားသည့် စာအုပ်များဖြစ်ပါကြောင်း၊ ထိုစာအုပ်၊ စာတမ်း၊ ဒီသင်ရိုးများကိုသာ သင်ကြားခြင်းအတူတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဖွင့်သည့်အတွက် ဘာပညာရေး၊ ညာပညာရေး၊ စစ်ကျွန်ပညာရေးဟုစွပ်စွဲပြီး ကလေးများကျောင်းမတက်ရန် ခြိမ်း ခြောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များလုပ်ပြခဲ့ခြင်းလည်း သတိထား မိကြမည် ထင်ပါကြောင်း၊ တစ်ခုခုကိုဖုံးအုပ်နေသူမှအပ အားလုံးမြင် တွေ့ခဲ့ရမည်ထင်ပါကြောင်း၊ မီဒီယာများအနေဖြင့် အကြမ်းဖက် NUG ဆိုသည့်အဖွဲ့ကို ထိုစာများကို သင်ခြင်းဖြစ်သည့်အတွက် ၎င်းတို့သင်ခြင်း မဟုတ်လျှင် စာမသင်ရဘူးဆိုသည့် မူဝါဒရှိ/မရှိ မေးဖူးပါသလား။ ကျောင်းသွားတက်လျှင် သေမည်၊ ပြတ်မည်၊ ဒုက္ခရောက်မည်ဟု တိတိကျကျ ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သည့် ထိုအဖွဲ့က အကြမ်းဖက် ဝန်ကြီးဆိုသူကို ဘာရည်ရွယ်ချက်ဖြင့်ပြောပါသလဲဟု မေးဖူးပါ သလားလို့ မေးခွန်းထုတ်လိုပါကြောင်း။
မေးခွန်းများ အများကြီး ကျန်ပါသေးကြောင်း၊ အချုပ်ဟု ယူဆနိုင် သည့် မေးခွန်းတစ်ခုကို နောက်ဆုံးမေးခွန်းအနေဖြင့် မေးလိုပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ လွတ်လပ် စွာ သဘောထားကွဲလွဲခွင့်ရှိပါကြောင်း၊ အကြမ်းဖက်အဖွဲ့ NUG ၏ ဒီမိုကရေစီဆိုသည်မှာ ငါတို့ကိုထောက်ခံ လျှင် ဒီမိုကရေစီ၊ ငါတို့ကို မထောက်ခံလျှင်၊ ကြားနေလျှင်၊ အစိုးရ ဝန်ထမ်းလုပ်လျှင် ဒီမိုကရေစီမဟုတ်ဘူးဟု သတ်မှတ်ထားပါသလား။ ထိုသူများကို အကုန် သတ်ပစ်ရမည်၊ ရှင်းပစ်ရမည်၊ ငါတို့လူများဖြစ်မှ ဒီမိုကရေစီအစစ်ဟု ယူဆထားပါသလားဟု မေးခဲ့ဖူးပါသလား။ ၎င်းတို့က ဖြေခဲ့ဖူးပါသလား။ မိမိတို့လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တပ်မတော်ကဦးဆောင်မှုဖြင့် ဖွဲ့စည်းသည်ဆိုသော် လည်း ပိတ်နေသည့် မျက်လုံးများ၊ နားများ သတိပြုမိအောင်ပြောလိုပါ ကြောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီးများထဲတွင် တိုင်းရင်း သားများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ ပါပါကြောင်း၊ အမြင်ချင်း မတူ၍ လက်နက်ကိုင်သည်ဆိုသည့် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် အစဉ်တစိုက်လုပ်နေပါကြောင်း၊ မကြာခင်ကာလတွင်လည်း ငြိမ်းချမ်းရေးကိစ္စများကို အဆင့်မြှင့်ပြီး လုပ်ဆောင်နိုင်ရန်ပြင်ဆင်နေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ မည်သည့်အဖွဲ့အစည်းက ပိုပြီး ဒီမိုကရေစီကို ကာကွယ်နေသလဲ၊ ဖော်ဆောင်ရန် အစီအစဉ်တစိုက်လုပ်နေသလဲ စဉ်စားမိစေလိုပါကြောင်း။
ပြည်သူလူထုကို အမှန်တကယ် မျက်နှာမူပါသလား
ထိုအကြောင်းအရာများနှင့်ပတ်သက်၍ တက်ရောက်နေသည့် မီဒီယာသမားများနှင့် မတက်နိုင်သည့် မီဒီယာသမားများ၊ ဒလက် များကို မိမိမေးသည့်မေးခွန်းများကို ဖြေနိုင်သည့်အချိန် ဖြေကြားပေး ရန်နှင့် မေးနိုင်သည့်အချိန်တွင်မေးပေးနိုင်ရန် ပြောလိုပါကြောင်း၊ ပြည်သူလူထုကို အမှန်တကယ် မျက်နှာမူပါသလား၊ ရှေးရှုပါသလား၊ မီဒီယာများထဲတွင် အားလုံးကို အပြစ်တင်နေခြင်း မဟုတ်ပါကြောင်း၊ အချို့ ပြည်တွင်း/ ပြည်ပ မီဒီယာများက ဖြစ်စဉ်အမှန်များ၊ မျှတသည့် သုံးသပ်ချက်များကို နှစ်ဖက်အသံများဖြင့် တင်ပြသည်ကို တွေ့ရပါ ကြောင်း၊ မိမိ ဒီနေရာမှ ထိုမီဒီယာအားလုံးကို အထူးကျေးဇူးတင်ပါ ကြောင်း။
အချို့သောမီဒီယာများသည် ထိုသို့ကျင့်ဝတ်ကို အလေးထားသည့် မီဒီယာများအပေါ် စွပ်စွဲရေးသားခြင်းများ စိတ်မကောင်းဖွယ် တွေ့ရ ပါကြောင်း၊ ၎င်းတို့စကားဖြင့် ပြောရလျှင် “အဘဘောမ မီဒီယာ”၊ “အဘဘောမ မီဒီယာသမား” ဆိုပြီး တံဆိပ်ကပ်ပါကြောင်း၊ ထိုမီဒီယာ များသည် တပ်မတော်နှင့် အစိုးရတို့နှင့်လည်း ဆက်စပ်မှုမရှိဘဲ အစိုးရအဆက်ဆက်ဝေဖန်ရေးသားပြီး အမှန်အတိုင်းရေးနေသူများ သာ ဖြစ်ကြောင်း၊ သို့သော် နည်းနည်းရေးမိသည်နှင့် “အဘဘောမ မီဒီယာ” ၊ “အဘဘောမ မီဒီယာသမား” ဆိုပြီး တံဆိပ်ကပ်ပါကြောင်း၊ ထိုသို့ပြောနေသည့် ပြည်ဖျက်မီဒီယာများကို မိမိပြောလိုပါကြောင်း၊ ပကတိအခြေအနေကို မျက်ကွယ်ပြုပြီးလုပ်နေသည့် လုပ်ရပ်များ၊ သွေးထိုးလှုံ့ဆော်နေသည်များလည်း ဒီဘက်ကပြောသလိုမျိုး၊ အကြမ်းဖက်အဖွဲ့ NUG ကို ပြောနေသည်ရှိပါကြောင်း၊ NUG အနူဂျီး ဟု ပြောနေသည်များရှိကြောင်း၊ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ၊ လူကြီးမင်းတို့ကလည်း အကြမ်းဖက် “NUG ဘောမမီဒီယာ” ဖြစ်နေပါ သလား၊ တစ်နည်းအားဖြင့် “အနူကြီး ဘောမမီဒီယာ” တစ်နည်းအား ဖြင့် “အနူဘောမမီဒီယာ” ဖြစ်နေပြီလား။ ဖြစ်နေလျှင်လည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးသီချင်းထဲက စာသားလို “လက်ကိုခဏခဏ ဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါ” “အနူဘောမမီဒီယာ” လည်း “လက်ကိုခဏခဏဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါ” ဟု မေတ္တာ ရှေ့ထား သတင်းစကားပါးလိုပါကြောင်း။
ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောမည့် အကြောင်းအရာများ အနေဖြင့် နံပါတ်တစ်အနေဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပခဲ့မှုအခြေအနေ၊ နံပါတ်နှစ် အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားနှင့် EAO ခေါင်းဆောင်များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်း ပြောကြားမှု၊ နံပါတ်သုံးအနေဖြင့် ကမ္ဘော ဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့အကြီးအကဲ H.E.Dr.KUNG Phoak ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ် အကြောင်း၊ နံပါတ်လေးအနေဖြင့် ပညာရေးဆိုင်ရာဆောင်ရွက် ချက်များ၊ နံပါတ်ငါးအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ။ နံပါတ်ခြောက်အနေဖြင့် စက်သုံးဆီကိစ္စရပ်များ၊ နံပါတ်ခုနစ်အနေဖြင့် အားကစားကိစ္စ၊ နံပါတ်ရှစ်အနေဖြင့် ပြည်သူ့လုံခြုံရေး စနစ်ဖြစ်ကြောင်း၊ နံပါတ်တစ်မှ ရှစ်အထိ မိမိအနေဖြင့် ရှင်းလင်းပြောသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အပိုင်းကို ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ထို့နောက်မေး/ဖြေ ကဏ္ဍဖြစ်ပါကြောင်း၊ မေးခွန်းများ မေးသည့်အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာ အမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာများအနေဖြင့် မေးခွန်းနှစ်ခုစီ မေးမြန်းပေးရန် မေတ္တာရပ်ခံပါ ကြောင်း။
မြန်မာ့ရိုးရာမဟာသင်္ကြန်နှင့် ပတ်သက်ပြီး တင်ပြ
တစ်အချက်အနေဖြင့် မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်နှင့် ပတ်သက်ပြီး တင်ပြလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် မဟာသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်ကာလများသည် မြန်မာတို့၏ အလေးအမြတ်ထား သည့် ကာလများဖြစ်ပါကြောင်း၊ သင်္ကြန်ဆိုသည်မှာ နိုင်ငံအဝန်းလုံးရှိ သည့် တိုင်းရင်းသားပြည်သူများအားလုံးနှင့် သက်ဆိုင်သည့် ပြည်ထောင်စုရိုးရာ ယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်ပါကြောင်း၊ အများပြည်သူအားလုံး သက်ဆိုင်ပါကြောင်း၊ ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် အကန့် အသတ်ဖြင့်သာ ခွင့်ပြုခဲ့ရခြင်းရှိကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့နည်းလာမှုနှင့်အညီ နိုင်ငံ၏တည်ငြိမ်မှု အခြေအနေအရ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရန်အတွက် အတိုင်း အတာတစ်ခုအထိ ပြုလုပ်ရန် နိုင်ငံတော်အကြီးအကဲက စီမံခဲ့ပါ ကြောင်း၊ နိုင်ငံတော်ကောင်စီဝင်များကလည်း နိုင်ငံတော်အဆင့် အစည်းအဝေးများတွင် အကြံပြုဆွေးနွေးခဲ့ခြင်းများ ရှိခဲ့ပါကြောင်း။
လုံခြုံရေး စနစ်တကျဆောင်ရွက်ပြီး ပြည်သူအများ လွတ်လွတ် လပ်လပ် ပျော်ရွှင်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ သင်္ကြန်ကာလ မတိုင်မီ ပြည်တွင်း/ပြည်ပ မီဒီယာ၊ ပြည်ဖျက် သတင်းမီဒီယာ ၁၀ ခု မဟာသင်္ကြန်ပွဲတော်ကို ဖျက်လိုဖျက်ဆီးဖြစ်အောင် လှုံ့ဆော်မှုသတင်း ၅၅ ပုဒ်ကျော် ရေးသားခဲ့ပါကြောင်း၊ ဖောက်ခွဲရန်၊ တိုက်ခိုက်ရန်၊ ပြည်သူများ မပါဝင်ရန်၊ တော်လှန်သင်္ကြန်ဆင်နွှဲရန်၊ တော်လှန်သင်္ကြန် ကို မိမိပြောလိုကြောင်း၊ ယခင်လက်ထက်တွင် မြန်မာ့ရိုးရာသင်္ကြန် မျိုးစုံလုပ်ကြောင်း၊ တော်လှန်သင်္ကြန် ဆင်နွှဲရန်ဆိုသည့် သူများက ယခင်က ၎င်းတို့ပဲ ဖင်ပေါ်သင်္ကြန်ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုမှသာ တော်လှန်သင်္ကြန် ဆင်နွှဲရန်ဆိုပြီး လာပါကြောင်း၊ အချို့သတင်းများ တွင် သင်္ကြန်ကာလ မရောက်သေးသည့် ဧပြီလ ၈ ၊ ၉ ၊ ၁၀ ရက်များ တွင် မဏ္ဍပ်များ၌ ဗုံးဖောက်ခွဲခံရ၊ တိုက်ခိုက်ခံရ၊ ဖျက်ဆီးခံခဲ့ရသည်များ Online Media ပေါ်က လှုံ့ဆော်ရေးသားခဲ့ကြောင်း၊ အထူးသဖြင့် ပြည်သူများ သင်္ကြန်ပွဲတော်တွင် မပါဝင်မပျော်ရွှင်ရေးအတွက် စိတ် အနှောင့်အယှက်ဖြစ်အောင် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ကြန် အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ ပြည်ဖျက် မီဒီယာ ၇ ခုမှ လှုံ့ဆော် သတင်း ၈၁ ခုကျော်ကို ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရကြောင်း၊ မိမိဆိုလိုသည်မှာ လက်ချိုးရေလျှင် လက်နှစ်ဖက် မပြည့်သည့် မီဒီယာများက တိုင်းပြည်ကို အဓိကဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုကြောင့် နားယောင်ပြီး ဘဝပျက်သွားသည့် အနာဂတ် နိုင်ငံတော်၏ အားထားရသည့်လူငယ်များလည်း မနည်း မနောဖြစ်ပါကြောင်း၊ သူများပေးစာကမ်းစာစားရပြီး ဝမ်းပြည့်သွား ခြင်း၊ နားယောင်သည့် လူငယ်များ ဘဝပျက်ရခြင်းသည် နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် အေးချမ်းပျော်ရွှင်စည်ကားစွာ မဟာသင်္ကြန်ပွဲတော် ကို ဆင်နွှဲနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ Video မှတ်တမ်းနှင့်ဓာတ်ပုံ များကို ကြည့်လျှင်သိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသား လူမျိုး များသာ သင်္ကြန်တွင် ပျော်ရွှင်ခြင်းမဟုတ်ပါဘဲ နိုင်ငံအတွင်းရှိ ပြည်ပ နိုင်ငံများမှ လာရောက်တာဝန်ထမ်းဆောင်သည့် သံရုံးဝန်ထမ်းများပါ ပါဝင်ဆင်နွှဲပျော်ရွှင်နေခြင်းကို ပုံများကြည့်လျှင် သိနိုင်ပါကြောင်း၊ ပြည်ဖျက်များ၏ လှုံ့ဆော်မှု အောင်မြင်/မအောင်မြင်ကို Power Point ပါပုံစာကို ကြည့်လျှင် သိနိုင်ပါကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းနှင့် ရိုးရာများသည် သမိုင်းများဖြစ်ပါကြောင်း၊ သမိုင်းကို သိသူများသာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာကိုသိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း အစဉ်အဆက်နေထိုင်ခဲ့ကြသည့် ပြည်ထောင်စုသားတိုင်းရင်းသားများသည် အစဉ်အဆက်ခိုင်မြဲပြီး ဖြစ်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအလေ့အထကို ပစ်ပယ်ရှောင်ဖယ် သွားမည်မဟုတ်ကြောင်း ပြောလိုပါကြောင်း။
မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား
နှစ်အချက်အနေဖြင့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကားနှင့် ပတ်သက်ပြီး တင်ပြလိုပါကြောင်း၊ နှုတ်ခွန်းဆက်စကားမှာ “ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်၍ အခက်အခဲမျိုးစုံဖြင့် ကျော်လွှားခဲ့ရသည့် အခြေအနေ၊ ကမ္ဘာမှာ အဆိုပါရောဂါ လုံးဝမကင်းစင်သေးတဲ့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမယ့်စည်းမျဉ်း စည်းကမ်းတွေ အပြည့်အဝလိုက်နာရန် လိုအပ်မှု၊ လက်ရှိကာလဟာ စိန်ရတုလွတ်လပ်ရေးရဲ့ အကြိုနှစ်ဖြစ်ပြီး လွတ်လပ်ရေးရဲ့ အသီးအပွင့် တွေ၊ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့အနှစ်သာရတွေ အပြည့်အဝခံစားခွင့် ရစေဖို့ အားလုံးရှိသမျှ ခွန်အားနဲ့ အစွမ်းကုန်ကြိုးစားကြဖို့၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာမှုရှိစေရေး အစွမ်းကုန်ကြိုးစားဖို့နဲ့” အမျိုးသားရေး ရည်မှန်း ချက် ၂ ခုဖြစ်သည့် “နိုင်ငံတော်ကြီးသာယာဝပြောရေးနဲ့ တိုင်းပြည် စားရေရိက္ခာ ပေါများရေး” တို့ကို ဆောင်ရွက်ရန်၊ မိမိတို့ တိုင်းပြည် အတွင်းရှိ လူတိုင်းကိုယ်စီ အေးချမ်းသာယာစွာဖြင့် လုပ်ကိုင် စားသောက်နိုင်ရေး တိုက်တွန်းခဲ့ခြင်းများရှိကြောင်း၊ အဓိက အပိုင်း ၄ ပိုင်း တွေ့ရမည်ဖြစ်ကြောင်း-
(၁) ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးကင်းစင်ရောဂါနှင့် ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများ ဆက်လက်လိုက်နာ ရန် ၊
(၂) လွတ်လပ်ရေး၏ အရသာ၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၏ အနှစ်သာရ၊ ငြိမ်းချမ်းမှုဖြင့် သာယာဝပြောသော အခြေ အနေ ဖန်တီးပေးနိုင်ရေး၊
(၃) အမျိုးသားရေးရည်မှန်းချက် ၂ ရပ်၊
(၄) တိုင်းပြည်၏အား ပြည်တွင်းမှာသာရှိသည်ဟူသည့် ခံယူ ချက်များ တွေ့ရမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုနိုင်ငံတော်ကြီး၏အကျိုးကို အားလုံးလက်တွဲ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ဆက်လက်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် “နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ထောင်ရေးကို ခိုင်ခိုင်မာမာအာမခံထားပြီး ဖြစ်ကြောင်း၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး လက်တွေ့ကျကျ ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်မည့်သူ ပုဂ္ဂိုလ်များ၏ အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက် နောက်ဆုံးထားပြီး ပြန်ကြားပေးရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရသာကို ခံစားနိုင်ရေး အားလုံးလက်တွဲပြီး ရိုးသား ပွင့်လင်းစွာ ဆွေးနွေးသွားကြရန်” တိုက်တွန်းထားသည်ကို တွေ့ရပါ ကြောင်း။
ပြည်ထောင်စုသားအားလုံး၏ အကျိုးကိုရှေးရှုပြီး အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့များ ၊ NCA လက်မှတ် မရေးထိုးထားသည့် EAO အဖွဲ့များဖြင့် မိမိတို့ ဆက်သွယ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်သွယ်မှုများ ဆောင်ရွက်သည့်နေရာတွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့ရှိပါကြောင်း၊ KNU ၊ (RCSS/SSA) ၊ PNLO ၊ CNF ၊ KNLA ၊ DKBA ၊ ABSDF ၊ ALP ၊ NMSP ၊ LDU ၁၀ ဖွဲ့ရှိကြောင်း၊ ထို ၁၀ ထဲမှ ၉ ဖွဲ့ဖြင့် အဆက်အသွယ်ရရှိပြီး ဖြစ်ကြောင်း၊ တက်ရောက်နိုင်သည့် အခြေအနေကောင်းများ ရှိသည်ဟု ပြောလိုပါကြောင်း၊ NCA လက်မှတ်မရေးထိုးထားသည့် အဖွဲ့ ၁၁ ဖွဲ့ UWSA ၊ NDAA ၊ NSCNK ၊ KIO ၊ KIA ၊ KNPP ၊ ANC ၊ SSPP ၊ TNLA ၊ MNDAA ၊ WNO ၊ AA ထို ၁၁ ဖွဲ့ထဲက ၈ ဖွဲ့ဖြင့် ဆက်သွယ်မှုရရှိပြီး ဖြစ်ကြောင်း၊ တက်ရောက်နိုင်သည့် အခြေအနေကောင်းများ ရှိနိုင် လိမ့်မည်ဟု ကြိုတင်သတင်းကောင်းပါးလိုပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် နောက်ဆုံးအချက်က “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပေးရေး” ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်သည် တစ်နိုင်ငံလုံးကျင့်သုံးရမည့် စနစ်ဖြစ် ကြောင်း၊ ထိုစနစ်သည် ပြည်သူလူထုအားလုံးက ထောက်ခံထားသည့် စနစ်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ (General Election) ဆိုသည့် စကားရပ်နှင့်အညီ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပ နိုင်ရန် မိမိတို့ကြိုးစားဆောင်ရွက်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းရန်၊ ပြည်သူလူထုအားလုံး မည်သည့်ခြိမ်းခြောက်မှု၊ မတရားလွှမ်းမိုးမှုမျှမရှိဘဲ မဲပေးပြီး မိမိဆန္ဒမိမိဖော်ပြနိုင်ရန် ကြိုးစား ဆောင်ရွက်နေကြောင်း၊ ထိုအတွက်လည်း မိမိတို့နိုင်ငံတွင် နှစ်ကာလ ကြာရှည်နေပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်နက် ကိုင်ပဋိပက္ခ၊ လက်နက်ကိုင်လွှမ်းမိုးမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ မတရားလွှမ်းမိုးမှုများ ကင်းဝေးမှသာ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဆိုတာ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုအခြေအနေကို ဖြစ်အောင် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက် နေပါကြောင်း၊ ပြည်သူလူထုအားလုံးနှင့် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း။
ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ချက်အမျိုးမျိုး ရှိပါကြောင်း၊ EAO များနှင့်အကြမ်းဖက် NUG, PDF တို့အကြား ဖြိုခွဲတာဆိုတာမျိုးဖြစ်ကြောင်း၊ EAO ၊ PDF ၊ NUG တို့အကြားဖြိုခွဲပြီး အကြမ်းဖက်မှုများကို ပိုမိုနှိမ်နင်း၍ ရအောင် လုပ်သည်ဆိုသည်မျိုးလည်း ပြောကြကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အထဲတွင် အကြမ်းဖက်အဖွဲ့များ မပါဝင်ကြောင်း၊ မည်သည့်အတွက်ကြောင့် မပါဝင်သည်ကို ပြောရမည်ဆိုပါက EAO အဖွဲ့များနှင့် PDF ၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ဖြစ်တည်မှုရော၊ သမိုင်းကြောင်းရော မတူညီပါကြောင်း၊ EAO များ သည် တိုင်းရင်းသားများ၏ အခွင့်အရေး၊ တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးကို တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ PDF ၊ NUG ဆိုသည့် အကြမ်းဖက်အဖွဲ့များ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းမှာ နိုဝင် ဘာလ ရွေးကောက်ပွဲမဲမသမာမှုများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လမ်းကြောင်းအရ သွားနိုင်ရန်အတွက် ဖြေရှင်းပေးရန် တောင်းဆို ခဲ့ခြင်းကို ဖြေရှင်းပေးခြင်းမရှိဘဲ လွှတ်တော်ကို အတင်းခေါ်ယူရန် ကြိုးစားသည့်အတွက် နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် တာဝန်ရယူခဲ့ရခြင်းကို လွှတ်တော် ကိုယ်စားလှယ်လောင်းဆိုသူများက ပြည်သူလူထုကို ထင်ယောင် ထင်မှား စည်းရုံး၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်နည်းလမ်းကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း၊ PDF ၊ NUG အကြမ်းဖက်အဖွဲ့များအနေဖြင့် “ငါနဲ့မတူ ငါ့ရန်သူ” ဆိုသည့်မူကို ကိုင်စွဲပြီး EAO များပင် မလုပ်သည့်လုပ်ရပ် ဖြစ်ပြီး လုပ်ခဲ့လျှင်ပင် တော်တော်ရှားရှားပါးပါး ဖြစ်စဉ်ဖြစ်သည့် စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ သာသနာရေးအဆောက် အအုံများကို ဖျက်ဆီးခြင်း၊ သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ဓားပြတိုက်ခြင်းများကို နေ့စဉ်ရက်ဆက် မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နေသည်ကို တွေ့နေရကြောင်း။
(ဆက်လက်ဖော်ပြပါမည်)