(၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြင့် ဝန်ကြီးအဆင့်အစည်းအဝေးများကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၂၄


(၂၆)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အစည်းအဝေး ပထမနေ့ဖြစ်သည့် ယနေ့တွင် (၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် US-ASEAN Business Council (US-ABC) အစည်းအဝေးများကို ကျင်းပသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်း ရေးမှူးချုပ်နှင့်အဖွဲ့ဝင် နိုင်ငံအသီးသီးမှ တာဝန်ရှိသူများ၊ US-ASEAN Business Council မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မြန်မာနိုင်ငံမှ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင် ၍ အမြဲတမ်းအတွင်းဝန်နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့မီးရထားတို့မှ ဌာနအကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ပထမဦးစွာ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ ဦးဆောင်၍ (၂၆)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံကွာလာလမ်ပူ ပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၅) တွင် ပါဝင်သော လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းနှင့် ပို့ဆောင်မှုလွယ်ကူချောမွေ့ စေရေးဆိုင်ရာ လုပ်ငန်းစဉ်များ၏ နိုင်ငံအလိုက်နှင့် ဒေသတွင်းဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်းဈေးကွက် ဖော်ဆောင်မှု၊ ရေကြောင်းစျေးကွက်ဖော်ဆောင်မှု၊ စင်ကာပူ-ကူမင်း ရထား လမ်းစီမံကိန်းနှင့် အာဆီယံ အဝေးပြေးလမ်းကွန်ရက်လုပ်ငန်းစဉ်များ၊ အာဆီယံ ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်မှုများ၊ အာဆီယံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများဖြင့် ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများအပေါ် အကောင်အထည်ဖော်နိုင်မှုများ၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးနှင့် ကပ်ရောဂါအလွန် ကာလများအတွက် ပို့ဆောင်ရေးကဏ္ဍမှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသုံးသပ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အစီအစဉ်အရ ကိုဗစ်-၁၉ တုံ့ပြန်ရေး ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံအလိုက်ဆွေးနွေးရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းနှင့် အာဆီယံဒေသတွင်း ကပ်ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများကြောင့် အာဆီယံဒေသတွင်း ရောဂါတုံ့ပြန်ရေး စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်ရန်အတွက် (၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ASEAN Comprehensive Recovery Framework (ACRF)အတည်ပြုခဲ့မှုနှင့် ပို့ဆောင်ရေးကဏ္ဍ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်း ကပ်ရောဂါ ဖြစ်ပွားမှုများအပေါ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေမှုများ၊ စီးပွား ရေးထိခိုက်မှု သက်သာစေရန်အတွက် COVID-19 Economic Relief Plan (CERP) နှင့်အညီ ဆောင်ရွက်နေမှုများ၊ လေကြောင်း၊ ရေကြောင်းခရီးစဉ်များ၊ ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးဖြင့် အရေးကြီး ကုန်စည်များကို စဉ်ဆက်မပြတ်ပို့ဆောင်နိုင်ရေး နိုင်ငံတွင်း ဆောင်ရွက်နေမှုများ နှင့် ဒေသတွင်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ပြီး အာဆီယံပို့ဆောင်ရေး ဝန်ကြီးများနှင့် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်တွင်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ ကွာလာလမ်ပူ ပို့ဆောင်ရေးလုပ်ငန်း စီမံကိန်းကာလဝက် အကောင်အထည် ဖော်နိုင်မှု၊ လေယာဉ် အမှုထမ်းများကို ကျွမ်းကျင်မှု လက်မှတ်ထုတ်ပေးရာတွင် အပြန်အလှန်အသိအမှတ်ပြုရေးနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော်ရေး အခြေပြစာချုပ်ငယ် အမှတ်(၂)၊ အာဆီယံလေကြောင်း လမ်းညွှန်ထိန်းသိမ်း ကွပ်ကဲရေး ပင်မစီမံကိန်းရေးဆွဲပြီးစီးမှု၊ အာဆီယံလေကြောင်းကဏ္ဍ ကိုဗစ်-၁၉ တုံ့ပြန်ရေးလုပ်ငန်းလက်စွဲ ရေးဆွဲပြီးစီးမှု၊ အာဆီယံကုန်းလမ်းကွန်ရက် ချိတ်ဆက်မှုနှင့် အာဆီယံဒေသတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးနှင့် စပ်လျဉ်းသည့် ကြေညာချက်၊ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ငန်းဆောင်ရွက် မှု ASEAN Road Safety Video တို့ကို ဆွေးနွေးအတည်ပြုထုတ်ပြန်ခဲ့သည်။
မွန်းလွဲပိုင်းတွင် (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီး များ အစည်းအဝေးကို ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေး သည်။ ညနေပိုင်းတွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် US-ASEAN Business Council အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အာဆီယံဒေသတွင်း ထောက်ပံ့ပို့ဆောင်မှုကွန်ရက် ပြတ်တောက်မှုမရှိစေရေးနှင့် ပိုမိုခိုင်မာစေရေးတို့အပေါ် ဆောင်ရွက်သင့် သည်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး ပထမနေ့အစီအစဉ်များကို ရပ်နားခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်တွင် (၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးအစည်းအဝေးများကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်