
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ယမန်နေ့မှအဆက်
ဧရာဝတီမြစ်အနောက်ဘက် လမ်းပိုင်းများဖြစ်သည့် ပုသိမ်- ဟင်္သာတ-ကြံခင်း လမ်းပိုင်းနှင့် အရှည်မိုင် ၃၂၀ ဖြစ်သည့် ကြံခင်း- ပခုက္ကူလမ်းပိုင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေဝန်ကြီးဌာန ကွပ်ကဲမှုဖြင့် မြန်မာ့မီးရထားက မကြာမီအဆင့်မြှင့်တင်ပြုပြင်သွား မည်ဖြစ်ကြောင်း၊ ယနေ့တွင် ပြည်တော်သာ- စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်း RPE ရထားပြန်လည်ပြေးဆွဲပါကြောင်း၊ မနက်ဖြန် တွင် မန္တလေး - သရဲဈေး မြို့ပတ်ရထားလမ်းကို ပြန်လည်ပြေးဆွဲသွား မည်ကို အသိပေးလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်တွင် ကျိုင်းတုံမြို့ မြို့မိ၊ မြို့ဖများ ဌာနဆိုင်ရာ များနှင့် တွေ့ဆုံစဉ် ပညာရေးနှင့် ပတ်သက်ပြီး ပြောကြားခြင်းရှိကြောင်း၊
“ပညာတတ်များပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့် နိုင်ငံများကိုကြည့်လျှင် နိုင်ငံ၏ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ပညာရည် အဆင့်မြင့်မားမှုတို့ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍအား အလေးပေးဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ရင်းနှီး မြှုပ်နှံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရေးတွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည့်အတွက် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့မှုရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းရင်းသားဒေသအချို့တွင် ဘာသာစကားအခက်အခဲများနှင့် အခြားသော သွားလာရေးအခက်အခဲများကြောင့် ပညာရေးအားနည်း ခဲ့ခြင်းရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ စတင်ခဲ့ကြောင်း၊ အသွင်ကူးပြောင်းရေး သည် ယနေ့ဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော်သာ ရှိပါသေးကြောင်း၊ ဒီမိုကရေစီဆိုရာတွင် ပြည်သူကအဓိကဖြစ်ပါကြောင်း၊ ပြည်သူတို့၏ နိုင်ငံရေးအသိက နိုင်ငံ၏အနာဂတ်ကို အဆုံးအဖြတ်ပြုမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အတွေးအခေါ်မှန်ကန်မှုသည် ဒီမိုကရေစီနိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ အတွေးအခေါ်မှန်ကန်ရေး၊ လူမှုစီးပွားဘဝတိုးတက် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများ ရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထို့ကြောင့် ပြည်သူ့အခြေပြု လူ့စွမ်းအားအရင်းအမြစ်များဖြင့် လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်မှ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် အေးချမ်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်း အရ လူဦးရေ ၅၄ သန်းရှိသည့်အနက် အခြေခံပညာအလယ်တန်း အဆင့်သာရှိသူဦးရေ (၅ သန်း ၆ သိန်းခန့်)ရှိပါကြောင်း၊ လက်ရှိပညာ ရေးအခြေအနေပါဖြစ်ကြောင်း၊ ထို့ကြောင့် ပညာအခြေပြု လူမှုစီးပွား အခြေပြုတိုးတက်မှုအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်း၊ ပညာရေးဝန်းကျင်ကောင်း ဖန်တီးပေးခြင်း ပညာရပ်နယ်ပယ်အလိုက် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာအသက်မွေးကျွမ်းကျင်သူများ ပေါ်ထွန်းလာစေရန် လေ့ကျင့်ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ် ကြောင်း၊ ချမှတ်ထားသည့် ပညာရေးနှင့် ပတ်သက်သည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် အခြေခံပညာရေးဆိုင်ရာ ရည်မှန်းချက်နှင့် မူဝါဒသည် နိုင်ငံသားတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် အနိမ့်ဆုံး ပြီးမြောက်စေရေးကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရများအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါ ကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလျှောက်လှမ်းမှုသည်လည်း ဖြောင့်ဖြူးသာယာမည် ဖြစ်ကြောင်း။
ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှု အခြေအနေကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ပြီး တူညီသော စိတ်ဆန္ဒများရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မထိခိုက် စေရန် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း။
အစိုးရအနေဖြင့် တာဝန်စတင်ထမ်းဆောင်ခဲ့သည့်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်အကောင် အထည်ဖော်နိုင်ရန် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေးဦးတည်ချက် ၃ ရပ်တွင် ထည့်သွင်းထားခြင်းဖြင့် အလေးအနက်ထားမှု ရှိကြောင်းကို အားလုံးတွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် EAO များ အဆိုပြုထားသည့် NCA လမ်းကြောင်းပေါ်တွင် အခိုင်အမာရပ်တည်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနေလျက် ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရနှင့် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှ အပ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြင့်မဆို တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်ဟု အတိအလင်းကြေညာထားပြီး ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ကော်မတီ ၃ ရပ် ဖွဲ့စည်းခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်သည့်နေရာတွင် တွေ့ဆုံဆွေးနွေးရေးယန္တရား သည် မရှိမဖြစ်လိုအပ်သည့်အတွက် ငြိမ်းချမ်းရေးကော်မတီသည် သက်ဆိုင်ရာ ဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံမှုများ၊ Virtual တွေ့ဆုံမှုများ၊ တရားဝင်တွေ့ဆုံမှုများ ပြုလုပ် ပြီး မပြတ်ထိတွေ့ဆက်ဆံလျက်ရှိပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ယနေ့အထိ အလွတ်သဘောတွေ့ဆုံဆွေးနွေး မှု Video Conferencing ၁၃ ကြိမ်၊ နေပြည်တော်တွင် တွေ့ဆုံမှု ၂၅ ကြိမ်၊ တိုင်းရင်းသားလက်နက်ကိုင်များရှိရာဒေသတွင် သွားရောက် တွေ့ဆုံမှု ၁၃ ကြိမ် စုစုပေါင်း ယနေ့အထိ ၅၁ ကြိမ် ဆွေးနွေးခဲ့ပါ ကြောင်း၊ အချို့သော EAO များအနေဖြင့် စေ့စပ်ဆွေးနွေးရေးကိုမသွားဘဲ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော်ပြောကြားလာခြင်းသည် ၎င်းတို့၏ ရပ်တည်ချက်သဘောသာဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် မငြိမ်းချမ်းသည့် ပတ်ဝန်းကျင်အဖြစ် ဖန်တီးထားလိုသည့် ၎င်းတို့၏ သဘောထားသာ ဖြစ်နိုင်ပါကြောင်း။
ထိုသို့ ဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင် ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရေးတို့အတွက် လုပ်ငန်းစဉ်များကို NCA တွင် သဘောတူချမှတ်ထားပြီး ဖြစ်ကြောင်း၊ NCA အရ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ စသည့်အစုအဖွဲ့အသီးသီးမှ ပါဝင်သည့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ ရမည်ဖြစ်ကြောင်း၊ အချို့ တိုင်းရင်းသားလက်နက်ကိုင်များ ပြောဆို သလို၊ မီဒီယာများလှုံ့ဆော်နေသလို လက်ရှိအနေအထားအရ အစုအဖွဲ့စုံလင်မှုမရှိ၊ လွှတ်တော်နိုင်ငံရေးမရှိ၍ ငြိမ်းချမ်းရေး ပျက်သယောင်ယောင်၊ တိုးတက်မှုများ မရှိသယောင်ယောင် နှပ်ကြောင်းပေး ပြောဆိုနေကြခြင်းရှိပါကြောင်း၊ ငြိမ်းချမ်းရေးပျက်စရာ အကြောင်းမရှိပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များရှိရာ ဒေသအထိ မိမိတို့၏ ငြိမ်းချမ်းရေးအဖွဲ့များ သွားရောက်ဆွေးနွေး နိုင်ခြင်းသည်ပင်လျှင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရှိကြောင်းကို ပြသနေခြင်းဖြစ် ကြောင်း၊ လက်တွေ့ကျသည့် ဆွေးနွေးမှုများ၊ လက်တွေ့ကျသည့် လုပ်ဆောင်မှုရလဒ်များကိုကြည့်လျှင် သိနိုင်ပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေးဆောင်ရွက်သည့်နေရာတွင် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း။
အစိုးရနှင့်တပ်မတော်အနေဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေး ပွဲပြုလုပ်နိုင်ရန် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းတွင် တစ်ခါမှမရှိခဲ့ဖူး သည့် လိုက်လျောကမ်းလှမ်းချက်များနှင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကစပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထား ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် မတ် ၁ ရက်မှ ယခုနှစ်ကုန်ပိုင်းထိ တစ်ဖက် သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထပ်မံတိုးမြှင့်ထားပါကြောင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင်လည်း “ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ် ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း” ကြေညာချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေ ဖြင့် ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ယခင်ကဆွေးနွေးမှုများတွင် အစိုးရနှင့် တပ်မတော်ဘက်က ကြိုတင်ကန့်သတ်ချက်များကြောင့် မအောင် မြင်ဟု ဝေဖန်ပြောကြားခြင်းများရှိကြောင်း၊ ယခု ထိုကြေညာချက်တွင် မိမိတို့အနေဖြင့် ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသမိုင်းတွင် ရှားပါးသည့် ဖြစ်စဉ်ဟု ဆိုနိုင်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအနေဖြင့် အကျိုးရှိစွာအသုံးချနိုင်ရန်လိုအပ်ပါကြောင်း၊ (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အဖွဲ့ ၇ ဖွဲ့ နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ တက်ရောက်ခဲ့ပါကြောင်း။
ဖေဖော်ဝါရီ ၁၃ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်း ရေးကော်မတီနှင့် လက်မှတ်ရေးထိုးထားပြီးနှင့် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေး ရာတွင် မိမိတို့အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားပြီး အပစ်အခတ်ရပ်စဲရေး လုပ်ထားပါကြောင်း၊ တူညီခြင်း ကို လောလောဆယ်ပေါင်းစပ်လုပ်ဆောင်ပြီး မတူညီတာကို ဆက်လက် ညှိနှိုင်းမည်ဆိုပါက မိမိတို့ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည် ရှေ့ပိုရောက်မည်ဖြစ်နိုင်ကြောင်း ဦးတည်ဆွေးနွေးခဲ့ပါကြောင်း။
အချို့နေရာတွင် အချို့သော EAO များသည် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG ၊ CRPH ၊ PDF များနှင့် ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို တွေ့ရပါကြောင်း၊ လက်ရှိအခြေအနေတွင် ပညာရေးနှင့် ပတ်သက်ပြီး အဓိကနှောင့်ယှက် တိုက်ခိုက်နေသည်ကို တွေ့ရပါကြောင်း၊ စာမေးပွဲဖြေဆိုနေသည့် ကာလများအတွင်း စာသင်ကျောင်းများကို အကြမ်းဖက်လာရောက် တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရ ပါကြောင်း။
ယခင်က မိမိတို့နိုင်ငံတွင် ခေတ်တစ်ခေတ်ကို ရောက်ခဲ့ဖူးသည့် အစွန်းရောက်နိုင်ငံရေးအယူဝါဒများ ဆွဲကိုင်ခဲ့ဖူးသည့် အဖွဲ့အစည်း တစ်ဖွဲ့၏ ပြောကြားချက်အတိုင်း လုပ်ဆောင်နေသည်ကို တွေ့ရပါ ကြောင်း၊ ထိုအဖွဲ့အစည်း၏ ပြောကြားချက်တွင် “တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကို သင်ယူကြ” ဆိုသည့် အဆိုအမိန့်ဖြင့် လုပ်ခဲ့ခြင်းများရှိကြောင်း၊ ထိုသို့ လုပ်ခဲ့ခြင်းကြောင့် အကျိုးဆက်သည်၊ တော်လှန်ရေးကို ဖန်တီးခြင်းဖြင့်တော်လှန်ရေးကို သင်ယူကြဆိုသည့် အမိန့်ကို လိုက်နာရန် အကောင်အထည်ဖော်ခြင်းသည် စာသင်ခန်းများကို အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ရသည်ကို တွေ့ရကြောင်း၊ ယခုအချိန်တွင်လည်း ထိုကိစ္စမျိုး ဖော်ဆောင်နေသည်ကို တွေ့ရသည်ကို ပြည်သူလူထု ကို သတိချပ်စေလိုပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် လက်ရှိ အနေအထားတွင် ကိုက်ညီခြင်းများကို ဦးစွာလုပ်မည်ဆိုလျှင် တဖြည်းဖြည်းနှင့် မိမိရည်မှန်းချက်ကို ရောက် လာမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်သည့် ပြည်ထောင်စုဖြစ်ရန် တောင်းဆိုချက်များ၊ ထိတွေ့မှုများ၊ ဆွေးနွေးမှုများ များများလုပ်လျှင် ဖြစ်လာမည်ဖြစ် ကြောင်း၊ စိတ်ရှည်ရှည်ထားပြီး Emotion နည်းနည်းဖြင့် ဆောင်ရွက်မည်ဆိုလျှင် မိမိလိုချင်သည့်အနေအထား ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမရှိလျှင် အဖြေထွက်လာ နိုင်စရာ မရှိပါကြောင်း၊ တိုင်းပြည် ၏အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ကို မိမိတို့ အားလုံးလက်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ခံဆောင်ရွက်ပါက တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါ ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့ခဲ့ သည့် သဝဏ်လွှာတွင်လည်း “ တိုင်းရင်းသားပြည်သူများအနေဖြင့် အမိနိုင်ငံတော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးပြီး အချင်းချင်း သံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်း စေတနာအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်” ဟု ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါကြောင်း။
မိမိတို့အစိုးရ၏ တိုင်းရင်းသားပြည်သူများ စည်းလုံးညီညွတ်ရေး အပေါ် ထားရှိသည့် အဓိကခံယူချက်ပင်ဖြစ်ကြောင်း၊ မိမိတို့အားလုံး၏ ရည်မှန်းချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံဖြစ်ရမည်ဟု အားလုံးရည်မှန်းထားခြင်းဖြစ် ကြောင်း၊ အားလုံး၏ အခြေခံရည်ရွယ်ချက် ရည်မှန်းချက်တူညီပါ ကြောင်း၊ ထို့ကြောင့် တူညီခြင်းများကို ညှိနှိုင်းကာ အတူလက်တွဲလုပ်ပြီး မတူညီသည်ကို မည်သို့ဆက်လက်ညှိနှိုင်းဆောင်ရွက်မည်ဆိုသည့် အနေအထားမျိုး ညှိနှိုင်းဆွေးနွေးမှသာ လိုချင်သည့်ပန်းတိုင်ကို ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် NCA စာချုပ်ရရှိရန်အတွက် တစ်နှစ်နှင့်ကိုးလခန့်ကြာမြင့်ခဲ့ပြီး စာချုပ်ချုပ်ရန်အတွက် ပထမဆုံး ၂၁ ဖွဲ့ဖြင့် ဆွေးနွေးခဲ့ပါကြောင်း၊ ၂၁ ဖွဲ့မှ ၁၆ ဖွဲ့၊ ၁၆ ဖွဲ့မှ အမှန်တကယ် လက်မှတ်ထိုးသည့်အခါ ၈ ဖွဲ့ လက်မှတ်ထိုးသည့်အဆင့်၊ ထိုမှ တစ်ဆင့် ၁၀ ဖွဲ့ ဖြစ်လာခြင်းဖြစ်ကြောင်း၊ NCA စာချုပ်ကို အကြောင်း ပြုပြီး ညီလာခံအဆင့်ဆင့်ကို ကြိုးပမ်းလာခဲ့ရာ ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း ၃ ခုကို ရရှိခဲ့ပြီးဖြစ်ပါကြောင်း။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုမှ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများကို ၆.၃.၂၀၂၂ ရက်နေ့တွင် ညှိနှိုင်းရေးအဖွဲ့နှင့် နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ရာ သဘောထား စုစည်းချက် ၈ ချက် ရရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အကျိုးဆောင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အကြောင်းတရား များ ညီညွတ်လျှင် အကျိုးတရားများ ဖြစ်ပေါ်လာသည်ဆိုသည့် လောကနိယာမအတိုင်း အစိုးရအနေဖြင့် အကြောင်းတရားများ ညီညွတ်အောင် ဖန်တီးပေးနေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကောင်းသောအကျိုးများ ခံစားရစေရေးအတွက် ကောင်းသောအကြောင်းတရားများကို ဖန်တီးပြုလုပ်ပေးခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် အားလုံးဝိုင်းဝန်းပြီး တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်ကြိုးပမ်းသွား ကြရန် အကြောင်းတရားများညီညွတ်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တတိယအချက်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ပြောလိုပါကြောင်း၊ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ပြောရခြင်းသည် မကြာသေးမီကာလက မိမိတို့ မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ဆောင်ရွက်ခဲ့သည်များကိုလုပ်နေ သည့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ဆက်လက်လုပ်ဆောင် ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံကို စွပ်စွဲပြီး စာရင်းထည့်သွင်းခဲ့ခြင်းရှိကြောင်း၊ ထိုကိစ္စများကို သိရှိအောင် ပြောခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR)တို့အကြား “အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှု ထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်းစီမံချက်” ကို ၂၇.၆.၂၀၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး Plan of Action သက်တမ်းကာလ ၁၈ လ ဖြစ်ပါကြောင်း။
၂၇.၁၂.၂၀၁၃ ရက်နေ့တွင် Plan of Action သက်တမ်းကာလ ၁၈ လ ပြည့်မြောက်ခဲ့သော်လည်း လုပ်ငန်းကိစ္စများ မပြီးပြတ်သဖြင့် ၆ လနှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီး ဒုတိယအကြိမ် သက်တမ်း ၆ လကုန်ဆုံးသည့် ၂၇.၁၂.၂၀၁၄ ရက် နောက်ပိုင်းမှစ၍ Plan of Action အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိဘဲ Indicator ၂၁ ချက် ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၆.၇.၂၀၁၈ ရက်နေ့တွင် CTFMR နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ Indicator ၂၁ ချက်မှ Indicator ၁၁ ချက်အထိ လျှော့ချကာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
တပ်မတော်အနေဖြင့် ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၄ ခုနှစ်မှစ၍ CTFMR နှင့် Plan of Action စာချုပ်ကို လက်မှတ်မရေးထိုးမီ ၂၆.၆.၂၀၁၂ ရက်နေ့အထိ အရွယ်မရောက်သေးသူ ကလေးသူငယ် (၅၉၇)ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးခဲ့ပါကြောင်း၊ လုပ်ငန်း စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အချိန်အထိ CTFMR နှင့် ပူးပေါင်းပြီး တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည်(၁၀၂၉)ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြု ခဲ့ပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း။
ဆက်လက်၍ မှားယွင်းစုဆောင်းခြင်းခံခဲ့ရသည်ဟု စိစစ်တွေ့ရှိ ရသည့် အသက်မပြည့် စစ်သည် (၂၈) ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၁၅.၆.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေး စစ်သည်စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလ တစ်နှစ်သတ်မှတ်ပေးခဲ့ပါကြောင်း၊ စောင့်ကြည့်ကာလအတွင်း တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်လျက် ရှိပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ၂၁.၆.၂၀၂၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ် ပြန်လည် စာရင်းသွင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သို့စွပ်စွဲသည်ဖြစ်စေ၊ ညှိနှိုင်းမှုမရှိဘဲ ပြန်လည်စာရင်းသွင်းသည်ဖြစ်စေ ၊ တပ်မတော်အနေ ဖြင့် ကော်မတီ၏ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီ၏ လုပ်ဆောင်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် CTFMR သို့ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်တူ ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံဘက်မှ လမ်းကြောင်းမျိုးစုံဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက် ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အကြောင်းကြားထားရှိပြီး မြန်မာ့တပ်မတော်အနေ ဖြင့် မည်သို့ပင်ဆိုစေ မိမိတို့၏ ကတိကဝတ်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နံပါတ်လေး အချက်အနေဖြင့် လတ်တလောပျံ့နှံ့ နေသည့် ငွေတုကိစ္စအကြောင်း ပြောလိုပါကြောင်း၊ ပြည်သူလူထုအနေ ဖြင့် ကောလာဟလအပေါ် စိုးရိမ်ပူပန်မှုများမဖြစ်ရန် အသိပေးလို ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာအပေါ်တွင် ငွေစက္ကူအတု ရောင်းဝယ်ရေး Facebook Page များဖွင့်ပြီး ကြော်ငြာရောင်းချ နေခြင်းကို တွေ့ရပါကြောင်း၊ ငွေစက္ကူအစစ်များကို ဓာတ်ပုံရိုက်ပြီး Page တွင်လိမ်လည်ဖော်ပြထားခြင်းနှင့် ပုံအဟောင်းများ ကူးယူပြီး ဖော်ပြထားခြင်းတွေ့ရပါကြောင်း၊ အင်တာနက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအတုများ ရောင်းချခြင်းဆိုသည့် အရောင်းအဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ Online တွင် ယုံကြည်အောင်ပြောဆိုပြီး ကြိုတင်လွှဲပို့သည့် ငွေများကို လိမ်လည်ရယူခဲ့ခြင်းကို တွေ့ရကြောင်း၊ ငွေ ၃၀၀၀ဝိ/- (သုံးသောင်းကျပ်) စရန်ငွေတောင်းခံပြီး ငွေရရှိပါက ထပ်မံဆက်သွယ် မရဘဲ ဖုန်းပိတ်ထားခြင်း၊ အကောင့်ဖျက်ပြီးပြေးခြင်းမျိုး လုပ်ဆောင် သည်ကို တွေ့ရကြောင်း၊ ငွေစက္ကူအတုကို မည်သည့်နေရာတွင် ချထားမည်သွားယူပါဆိုသည့်ပုံစံဖြင့် ငွေကြိုလွှဲခိုင်းပြီး ပိတ်သွားခြင်း၊ လိမ်သွားကြခြင်းကို စုံစမ်းသိရှိရပါကြောင်း၊ မိမိပြောလိုသည်မှာ ယခင်ငွေစက္ကူနှင့် ပတ်သက်ပြီး ကောလာဟလများထွက်သည့်အချိန် တွင် ပြောပြီးဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ “ပုဒ်မ ၃၆(င)အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲယုံကြည်စွာ သုံးစွဲနိုင်သည်ကို အသိပေးပြောကြားလိုကြောင်း၊ ဗဟိုဘဏ်၏ မှတ်တမ်းများအရ ငွေအတုဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၉ ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၆ ကြိမ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၂၅ ကြိမ် ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှု ပိုများပါကြောင်း၊ Online တွင် ငွေစက္ကူအတုနှင့် လိမ်လည်မှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် မတ်လအတွင်း Online လိမ်လည်မှု ၇ မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် Video File အချို့ကို ဖွင့်ပြလိုပါကြောင်း၊ NUG ၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများ ၎င်းတို့၏ လက်အောက်ခံ PDF အမည်ခံအဖွဲ့များ၏ လုပ်ရပ်များစွာထဲက အချိန်ကာလကို ငဲ့ကွက်ပြီး File အချို့ကို ဖွင့်ပြခြင်းဖြစ်ကြောင်း၊ မိမိတို့ထံ အခုလို Video File ပေးပို့သည့်အပြင် ဆက်သွယ်ရေးနည်းလမ်းမျိုးစုံမှ တစ်ဆင့် နောက်ဆုံးလူကိုယ်တိုင်လာပေးသည့်အဆင့်ထိ Video File များစွာရှိကြောင်း၊ ထိုအထဲမှ ၎င်းတို့၏ လုံခြုံရေး၊ ရပ်ရွာလုံခြုံရေး အတွက် သက်သေအထောက်အထားအဖြစ် ထားရှိရန် ပြောခဲ့သည်များ ရှိကြောင်း၊ အချို့ Video File များသည် ကာယကံရှင်ကိုယ်တိုင် ၎င်းတို့ ရွာတွင် ဖြစ်ပျက်နေသည်များ၊ ပြည်ပမီဒီယာများ၊ မီဒီယာများ မည်သို့ လုပ်ကြံသတင်းဖန်တီးထားသည်ကို သိရှိနိုင်ရန် ပေးပို့ထား ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဖွင့်ပြခြင်းဖြစ်ကြောင်း၊ ပထမဦးဆုံး စစ်ကိုင်းတိုင်းဒေသကြီး အင်းမထီးကျေးရွာ ဒုတိယအကြိမ် မီးရှို့ ခံရသည့်ဖြစ်စဉ်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က မည်သို့ဆောင်ရွက် ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အင်းမထီးကျေးရွာတွင် ယခင် ၉/၁၀ လပိုင်းကတည်းကပင် အခွန်ကောက်ခြင်း၊ PDF နှင့် ပတ်သက် ပြီး ပေးရခြင်းများကို ပြောထားခြင်းဖြစ်ကြောင်း ပြောကြား၍ အင်းမထီးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသားများ၏ ပြောကြားချက် အချို့ပါဝင်သည့် Video File ကို ပြသသည်။
ဆက်လက်၍ နောက်တစ်ခုအနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ ဖြစ်စဉ်ကို ဖွင့်ပြမည်ဖြစ်ကြောင်း ပြောကြား၍ ဇီးဖြူကုန်းရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသားတချို့ ပြောကြားထားသည့် Video File ကို ပြသသည်။ Video File လေးဖိုင်စုစည်းထားပါကြောင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ နောက်ခံအကြောင်းအရာတချို့ကိုလည်း ဖြည့်စွက် ပြောကြားလိုပါကြောင်း၊ ထိုကာလထိုအချိန်တွင် ထိုရွာ၌ စည်းလုံး ညီညွတ်ပြီး အေးချမ်းစွာနေခြင်းများရှိကြောင်း၊ နိုင်ငံရေးအယူဝါဒမျိုးစုံ၊ ပါတီထောက်ခံသူမျိုးစုံရှိကြောင်း၊ အနီ/အစိမ်း/အပြာ အားလုံးရှိပါ ကြောင်း၊ စည်းလုံးညီညွတ်မှုအပြည့်ဖြင့် နေခဲ့ခြင်းရှိကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် လွတ်လပ်စွာကွဲလွဲခွင့်ကို အပြည့်အဝကျင့်သုံးခဲ့သည့် ရွာဟုပြောနိုင်သည့် အနေအထားဖြစ် ကြောင်း၊ အစိမ်းအိမ်ကလှူလျှင် အနီကူသလို၊ အနီအိမ်က အခက် အခဲရှိလျှင် အစိမ်းကလည်းကူခဲ့သည့် ရာဇဝင်ရှိပါကြောင်း၊ NUG ဆိုသည့် အကြမ်းဖက်အဖွဲ့၏ D-Day ဆိုသည့် ကြေညာချက်ထွက်လာ ပြီးနောက် ထိုရွာတွင် စည်းလုံးမှု၊ ညီညွတ်မှုများပျက်ပြားပြီး PDF ဟု အမည်တပ်ထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး သည့်နောက်တွင် ပိုလျှံလျှင် အလှူအတွက် ရည်စူးထားသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်ငွေကြေးများသည် PDF အဖွဲ့ကို ဆက်ကြေးပေးရ သည့်အဆင့်၊ ရိက္ခာထောက်ပံ့ရသည့်အဆင့်အထိ ရောက်သွားပါ ကြောင်း၊ ရွာသူ ၊ ရွာသားများ၏ ပြောကြားချက်အရ (၉)လပိုင်းကနေ စပြီး ဆက်ကြေးပေးခဲ့ရပါကြောင်း၊ လူငယ်များသည် အိမ်၏တောင်သူ အလုပ်နှင့် အခြားအလုပ်များကို ကူညီရမည့်အစား ဒေသအတွက် PDF ထဲကိုဝင်ရမည်ဆိုပြီး ဝင်ရပါကြောင်း၊ မဝင်လျှင် သတ်ဖြတ်သည် အထိ ကျူးလွန်ပါကြောင်း၊ ခြိမ်းခြောက်ပါကြောင်း၊ မဝင်လို၍ မြို့ပေါ် ပြေးလျှင် အိမ်ကလူများကို သတ်မည်ဟု ခြိမ်းခြောက်မှုကြောင့် PDF ထဲဝင်ရသူ မနည်းသည်ကို တွေ့ရပါကြောင်း၊ ဆက်ကြေးပေး PDF ထဲဝင်၍ ၎င်းတို့မိသားစု လုံခြုံမှုမရှိသေးပါကြောင်း။
ယခင် ရန်ငြိုးရန်စရှိခဲ့ဖူးသူက PDF ထဲ ရောက်နေလျှင် ဘယ်အချိန် ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် အသတ်ခံရမည်ဆိုသည့် စိတ်ပူပင်ရခြင်းမျိုးစုံရှိခဲ့ပါကြောင်း၊ ထိုသို့ နေထိုင်ရခြင်းကြောင့် အချို့ ရွာသူ ရွာသားများသည် မခံနိုင်သည့်အဆုံး ပြည်သူ့စစ်အဖွဲ့ငယ်များကို စပြီးဖွဲ့စည်းပါကြောင်း၊ ထိုသို့ဖွဲ့သည့်အချိန်တွင် PDF အဖွဲ့များသည် မကျေမချမ်းဖြစ်ပြီး ပြည်သူ့ စစ်ဖွဲ့သည့်ရွာများကို အင်အားသုံးပြီး တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့ပါကြောင်း၊ ရွာမီးလောင်ပါက အရင်ဦးအောင် တပ်ကလုပ်သယောင်ထုတ်လွှင့်ခဲ့ခြင်းများ ရှိကြောင်း၊ မီးသည် အစိမ်းအိမ်လောင်သလို အနီအိမ်လည်းလောင်ပါကြောင်း၊ နီ၍ မီးကမလောင်ဘဲ ကွင်းသွားခြင်းမရှိဘဲ အားလုံးလောင်မည်ဖြစ်ပါ ကြောင်း၊ ဇီးဖြူကုန်းရွာဖြစ်စဉ်တွင် အမှန်တကယ်ခံစားရသည့် ကျေးရွာသားများ၏ Video File ကို ကြည့်ရှုရမည်ဖြစ်ကြောင်း ပြောကြား၍ Video File ကို ပြသသည်။
ဆက်လက်၍ PDF အဖွဲ့ဖြစ်ပေါ်လာရန် လှုံ့ဆော်ပေးသည့်၊ PDF အဖွဲ့ကို ညွှန်ကြားပေးနေသည့် အကြမ်းဖက် NUG အဖွဲ့များအနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ ထိန်းသိမ်းနိုင်ပါသလား၊ EAO ခေါင်း ဆောင်တစ်ဦးပြောခဲ့သည်ကို မီဒီယာသမားများနှင့် ကြည့်ရှုနေကြ သည့် မိဘပြည်သူများလည်း သိရှိပြီးဖြစ်ကြောင်း၊ အကြောင်းမဲ့ပြောခဲ့ ခြင်း မဟုတ်ကြောင်း၊ အတွေ့အကြုံအရ ပြောခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်က ပြောခဲ့ခြင်းမဟုတ်ကြောင်း၊ နှစ်ပေါင်းများစွာ လက်နက် စွဲကိုင်ပြီး တိုင်းရင်းသားအရေးလုပ်နေသည့် EAO အဖွဲ့ခေါင်းဆောင် တစ်ဦးပြောခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့များသည် လက်နက်ကိုင်စွဲပြီး လျှင် မည်သူမျှ ထိန်း၍သိမ်း၍ ရမည်မဟုတ်ကြောင်း၊ ဓားပြသာသာ ဖြစ်သွားမည်ဟု ပြောခဲ့ကြောင်း၊ မှန် မမှန်တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက်များဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယခင်ကပြောခဲ့သလို ထိုသို့ခံစားနေရသူများနှင့် ပတ်သက် လာလျှင် ပြည်သူလူထုပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်ကို အရှိန်မြှင့်တင်ဆောင်ရွက်ပြီး ပြည်သူလူထုကို ကာကွယ်နိုင်ရန် ပြည်သူလူထုပါဝင်သည့် ပြည်သူလူထုကာကွယ်ရေးစနစ်ကို အရှိန် မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဓားပြသာသာဖြစ်နေမည်ကို အကြောင်းမဲ့ပြောခြင်း မဟုတ် ကြောင်း၊ ၁၈.၃.၂၀၂၁ ရက်နေ့ထိ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် ရွှေဆိုင်လုယက်ခံရမှု တရားခံ ၅၉ ဦး ကျူးလွန်ခဲ့ပြီး တန်ဖိုးငွေ ငွေကျပ် ၁,၆၂၄,၉၇၉,၄၀၀ (၁ ဒသမ ၆ ဘီလီယံ ကျော်ခန့်)ရှိပါကြောင်း။
သေနတ်ဖြင့် ခြိမ်းခြောက်လုယက်မှု ၁၁ ကြိမ်၊ လူကိုသေစေသည့် ဓား၊ တုတ်နှင့် ၁ ကြိမ် ပါဝင်ပတ်သက်ခဲ့ပါကြောင်း၊ ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တရားခံ ၉၇ ဦး ဖမ်းမိခဲ့ပါကြောင်း၊ တန်ဖိုးငွေ ငွေကျပ် ၁၃,၅၅၁,၆၀၉,၃၆၄ (၁၃ ဒသမ ၅ ဘီလီယံကျော်) ဆုံးရှုံး ခဲ့ပါကြောင်း၊ အကြမ်းဖက်လုယက်မှုအနေဖြင့် ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၃,၁၃၀,၆၈၃,၉၆၅ (၃ ဒသမ ၁ ဘီလီယံ ကျော်ခန့်) ဖြင့် လုယက်ကျူးလွန်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်စဉ် ၁၃ ခုဖြင့် အများဆုံးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စို့ကွင်းကျေးရွာမှ သေနတ်ဖြင့်ချိန်ပြီး ငွေကျပ် ၆ သောင်း တန်ဖိုးခန့်ဖြင့် သေနတ်ပစ်ခတ် ဓားပြတိုက်သည့်ဖြစ်စဉ် ရှိသကဲ့သို့ ဆီတင်သင်္ဘောများကိုလည်း ငွေကျပ်သိန်း ၅၀ ခန့်ဖြင့် ဓားပြတိုက်သည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အောင်ချမ်းသာရွာအနီး ဖြစ်စဉ်များလည်းရှိပါကြောင်း၊ မကွေးတိုင်း၊ ဆိပ်ဖြူကုန်းရွာ၌လည်း တူမီးသေနတ်ကိုင် လူ ၄ ဦးက အထက်တန်းပြဆရာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ လက်နက်များကိုင်ပြီး အကြမ်းဖက်ဓားပြတိုက် လုယက်မှုအချို့သာ ဖြစ်ပါကြောင်း၊ ထို့အပြင် ဝေစုမတည့်သဖြင့် PDF အချင်းချင်း ဒလန်၊ သတင်းပေးဆိုပြီး သတ်ဖြတ်မှုများလည်း ရှိနေပါကြောင်း၊ အစကတည်းက ခံယူချက်စိတ်ဓာတ်မကောင်းသူ၊ မရှိသူများ အချင်းချင်း သတ်ဖြတ်မှုဇာတ်လမ်းများက ပေါ်ပေါက်လာမည်၊ ပေါ်ပေါက်နေဆဲဖြစ်မည်ဆိုသည်ကို မကြာခင် အရှိန်အဟုန်နှင့် လာပါလိမ့်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များကို ပြည်သူများအနေဖြင့် မိမိတို့နှင့် ပူးပေါင်းပါဝင်ကြပါဟု တိုက်တွန်းလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၌ မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၀၁၀ ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၃၁၅ မြို့နယ် တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၇ အရ “ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု ပြဋ္ဌာန်းထားပါ ကြောင်း၊ အနှစ်သာရမှာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံး၊ မည်သည့်နေရာဒေသမှမကျန် ကျင့်သုံးရမည် ဖြစ်ပါကြောင်း၊ ထိုသို့ကျင့်သုံးနိုင်ရန် အခြေခံအချက်က လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ အထွေထွေ ရွေးကောက်ပွဲ (General Election) ဆိုသည့်အင်္ဂါရပ်နှင့် ပြည့်စုံမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကို လုပ်နိုင်သည့်နေရာလုပ်၊ မလုပ်နိုင် သည့်နေရာကို မလုပ်ဘဲချန်ထားပါက ဒီမိုကရေစီနှင့် အထွေထွေ ရွေးကောက်ပွဲ၏ အနှစ်သာရများ ယုတ်လျော့သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း အသိပေးပြောကြားလိုပါကြောင်း ပြောကြား သည်။
(ဆက်လက်ဖော်ပြပါမည်)