၂၄-၃-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက်  မွန်းလွဲ     ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အဆိုပါသတင်းစာရှင်းလင်းပွဲတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်း၊    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 


ဦးစွာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူများ၊ သတင်းမီဒီယာများအားလုံး ကြည့်ရှုနေကြ သည့် တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေဟု ဦးစွာ ဆန္ဒမေတ္တာပို့သအပ်ပါကြောင်း၊ ယနေ့သတင်းစာရှင်းလင်းပွဲ တွင်  ပြောကြားမည့်   အကြောင်းအရာများမှာ နံပါတ်တစ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏        တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလကောက်နုတ်ချက်များ၊        နံပါတ်နှစ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ နံပါတ် သုံးအနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ ဆောင်ရွက်ချက်များ၊ နံပါတ်လေး အနေဖြင့် လတ်တလောပျံ့နှံ့နေသည့် ငွေစက္ကူအတုကိစ္စ၊   နံပါတ်ငါးအနေဖြင့်   NUG ၊  PDF  အမည်ခံ အကြမ်းဖက်သမားများ၏    အကြမ်းဖက်လုပ်ဆောင်ချက်များကို ပြောမည်ဖြစ်ကြောင်း။
နံပါတ်တစ်မှ နံပါတ်ငါးအထိ မိမိအနေဖြင့် ရှင်းလင်းပြောသွား မည်ဖြစ်ပြီး   ရွေးကောက်ပွဲကော်မရှင်အပိုင်းကို   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း၊  ထို့နောက်  မေးခွန်းများ  မေးမြန်းခြင်းနှင့် ဖြေကြားခြင်းဖြစ်ကြောင်း၊  မေးခွန်းများမေးသည့်အခါတွင် စနစ်တကျ ဖြစ်စေရေးအတွက်   မီဒီယာအမည်အလိုက်  အခမ်းအနားမှူးက ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာများအနေဖြင့်  မေးခွန်းတစ်ခုစီမေးမြန်းပေးရန် ကြိုတင်မေတ္တာရပ်ခံလိုကြောင်း။

 


ပထမအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန် ထမ်းဆောင်မှု တစ်နှစ်တာကာလ ဆောင်ရွက်မှုအခြေအနေများကို ပြောမည်ဖြစ်ကြောင်း၊      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင်   ပြုလုပ်သည့်   အမျိုးသား ကာကွယ်ရေးနှင့်    လုံခြုံရေးကောင်စီ   အစည်းအဝေး  (၁/၂၀၂၂)၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁)နှစ် ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ မှုနှင့်ပတ်သက်၍ အစီရင်ခံစာ နှင့်မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း၊ နိုင်ငံတော်ကို နိုင်ငံရေး အရ အရေးပေါ်အခြေအနေကြေညာပြီး ထိန်းသိမ်းခဲ့ရမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်အရပ်ရပ်အား မရယူမီနှင့် ရယူခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ် များကို ပြောကြားခဲ့ကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်မှုများအရ   ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနှင့်    စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ပေးရန် လုပ်ငန်းများရှိနေခြင်းကြောင့် နိုင်ငံရေး အရ နိုင်ငံတော်ကို အရေးပေါ်ကာလ နောက်ထပ်ခြောက်လ တိုးမြှင့် သတ်မှတ်ခဲ့ပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒလုပ်ငန်းစဉ်များကို လည်း   မိန့်ခွန်းနှင့်   အစီရင်ခံစာတွင်   တွေ့ရမည်ဖြစ်ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၃ ရပ်အနေဖြင့်-
(၁)    အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် “ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး”၊
(၂)    နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် “စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ တည်ဆောက်ရေး နှင့်   ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”၊
(၃)    ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် 
    “ ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်”တို့ဖြစ်ကြောင်း။

 


ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်ပြီး “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညီညွတ်ရေးကော်မတီ စသည့်ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နှစ်တာကာလအတွင်းတွင် ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ် ရေးထိုးခြင်းမပြုသေးသည့် EAO များနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့များနှင့် ၂ ကြိမ် စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါကြောင်း။

 


အချိုးကျကိုယ်စားပြုစနစ် (PR) ကိုသွားရန် လုပ်ဆောင်လျက်ရှိ


ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ “မတူကွဲပြားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရား တစ်ရပ်သာဖြစ်ပြီး   ပေါင်းစည်းနေထိုင်ခြင်း၊  မျှဝေခံစားခြင်းဖြစ် ကြောင်း၊ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကို ထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသူများဖြစ် ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိကြောင်း၊ ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စား ပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို  သွားရန် လုပ်ဆောင်လျက်ရှိကြောင်း၊  ဖက်ဒရယ်နှင့်  ပတ်သက်ပြီး   မည်သို့ အယူအဆအမျိုးမျိုးကွဲပြားနေပါစေ၊ မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ် သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။  

 


ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်မည် ဖြစ်ကြောင်း၊ အာဏာ ၃ ရပ်ကို ခွဲဝေကျင့်သုံးခြင်း ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊  တိုင်းဒေသကြီး၊  ပြည်နယ်များအကြား  ဥပဒေအရ ခွဲဝေဆောင်ရွက်ခြင်းဖြင့်    တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိစေမည်” ဖြစ်ကြောင်းကို ပြောကြားခဲ့ပါကြောင်း။

 


နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ “ မိမိတို့နိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ(၃)ရပ်ကို အလေးအနက်ထား ဆောင်ရွက် လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁ တွင် အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအယူအဆတွင် မိတ်ဆွေနိုင်ငံသာရှိကြောင်း၊ ရန်သူနိုင်ငံဟု မရှိကြောင်း၊ မိမိတို့နိုင်ငံ အပေါ် ရန်သူသဖွယ်ဆက်ဆံနေလျှင်ပင် ထိုနိုင်ငံများ၏ သဘောထား ကို ပြောင်းလဲလာရန်၊ မိတ်ဆွေဖြစ်လာရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း။

 


တိုင်းပြည်၏ အခြေအနေနှင့် ပတ်သက်၍ “ တိုင်းပြည်၏ အင်အား သည်  ပြည်တွင်းမှာသာရှိကြောင်း၊   ပြည်တွင်းအားကို  ယုံကြည်ပါ ကြောင်း၊ နိုင်ငံ၏ပကတိအခြေအနေအရ ပြည်ပအကူအညီများ လိုအပ် သည် မှန်သော်လည်း   ပြည်တွင်းအင်အားဖြင့်  လုပ်ဆောင်နိုင်ခြင်း ရှိကြောင်း၊ နံပါတ်တစ်အနေဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်လာရန် ပြည်တွင်းအားဖြင့် မြှင့်တင်မည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်တွင် သဘာဝအရင်းအမြစ်၊      လူသားအရင်းအမြစ်များစွာရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့ခြင်းကြောင့် ပြည်သူပြည်သားများ၏ လူမှုစီးပွားတိုးတက်မှု အားနည်းချက်များရှိခဲ့ကြောင်း၊ နံပါတ်နှစ်အနေဖြင့် ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ စနစ်  တည်ဆောက်မည်ဆိုလျှင်  နိုင်ငံရေးအင်အား  မကောင်းစရာ မရှိပါကြောင်း။

 


နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက်သွားမည်ဖြစ်


 နံပါတ်သုံးအနေဖြင့်  တိုင်းရင်းသားပြည်သူများအားလုံး  ပါဝင် သည့်  ကာကွယ်ရေးစွမ်းအားလုပ်ဆောင်မည်ဖြစ်ကြောင်း၊   မိမိတို့ အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွတ်သည့် အင်အား နှင့်   နိုင်ငံတော်ကို     ခေတ်မီပြီး     စွမ်းရည်ပြည့်ဝသည့်   ကြည်းတပ်၊ ရေတပ်၊  လေတပ်တို့နှင့် နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမိဘပြည်သူအားလုံးက ပူးပေါင်း လုပ်ဆောင်ကြရန် ပြောကြားလိုပါကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့်   စားနပ်ရိက္ခာဖူလုံရေးအတွက် တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည်တွင် ပြည်သူလူထု များ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေး၊ ပြည်သူလူထုနှင့် ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအနေဖြင့်  မိမိတို့နိုင်ငံတွင်  ရထားနှင့် ပတ်သက်၍ ပြည်သူ့ ပို့ဆောင်ရေးစနစ်ဖြင့် ပတ်သက်လာပါက အားနည်းချက် ချို့ယွင်းချက် များရှိခဲ့ကြောင်း၊   ထို့ကြောင့်  ပို့ဆောင်ဆက်သွယ်ရေး၊  လမ်းပန်း ဆက်သွယ်ရေးစနစ်သည်  ကုန်ထုတ်လုပ်ငန်းသာမက အချင်းချင်း ကူးလူးဆက်ဆံသည့်နေရာ၊ ပြည်နယ်/ ပြည်မ ကူးလူးဆက်ဆံသည့် နေရာ၊ စီးပွားကုန်ထုတ်လုပ်ငန်းများ ကူးလူးဆက်ဆံသည့်နေရာတွင် အဓိကကျသည့်လုပ်ငန်းဖြစ်ကြောင်း၊  အဓိကကျသည့်  လုပ်ငန်းဖြစ် သည့်အတွက်ကြောင့် မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း။

 


 ရထားပို့ဆောင်ရေးကဏ္ဍတွင် အဓိကလမ်းပိုင်းနှင့် အရေးပါသည့် လမ်းပိုင်းများကို   အဆင့်မြှင့်တင်ပြုပြင်ခြင်း   ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့တွင် စစ်တွေ-ရမ်းဗြဲ ရထားလမ်းပိုင်း စတင်ပြေးဆွဲ ပါကြောင်း၊ မနက်ဖြန်တွင် မန္တလေးမြို့ပတ်ရထားခရီးစဉ် ပြန်လည် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မြေသားလုပ်ငန်းများ၊ ကားလမ်းကူးနှင့် ရေနုတ်မြောင်းများ၊ သံလမ်း နှင့် ကွန်ကရစ်ဇလီဖားတုံး အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ရထား လမ်းခင်းကျောက်များကို သတ်မှတ်စံချိန်စံညွန်းများ နှင့်အညီ အပြည့်ဖြည့်သွင်းထားရှိကြောင်း၊ ရထားပြေးဆွဲရန်အတွက် လေအေးပေးစက်ပါသည့် ရထားတွဲဆိုင်းများလည်း ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းပိုင်းတွင် ရထားတွဲဆိုင်း များ ခုန်ခြင်း၊ ဆောင့်ခြင်းမရှိစေရေး သံလမ်းများကို ဂဟေဆက်ပြီး လဲလှယ်ထည့်သွင်းခဲ့ပါကြောင်း၊     ပိုမိုတောင့်တင်းခိုင်မာစေရန် လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ ဘူတာနှင့် ပလက်ဖောင်းများကို အဆင့် မြှင့်တင်မည်ဖြစ်ပြီး ရထားတွဲဆိုင်းအသစ်များနှင့် မြန်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး မကြာမီဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 


အလားတူ  မန္တလေး-မြစ်ကြီးနားလမ်းပိုင်းနှင့်  ရန်ကုန်-ပြည် လမ်းပိုင်းတွင်  ကွန်ကရစ်ဇလီဖားတုံးနှင့်  လမ်းခင်းကျောက်များ သတ်မှတ်ချက်အတိုင်းဖြည့်တင်းခြင်း၊ သံလမ်းများလဲလှယ်ခြင်းများကို ၅၀ ရာခိုင်နှုန်းပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် ရထားလမ်း၊ တံတား၊ ကားလမ်းကူး ရေနုတ်မြောင်းနှင့် ပလက်ဖောင်းများ     အဆင့်မြှင့်တင်လုပ်ငန်းများ   ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး အချက်ပြနှင့် ဆက်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လူကူးခုံးကျော်တံတားများ အသစ်တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အခြားအရေးကြီးလမ်းပိုင်းဖြစ်သည့် မြင်းခြံ-သာစည်၊ သာစည်-ရွှေညောင်၊ ရွှေညောင်-တောင်ကြီးနှင့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းကိုလည်း  အရှိန်အဟုန်ဖြင့် ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း။                    

(ဆက်လက်ဖော်ပြပါမည်)