
နေပြည်တော် မေ ၁၂
၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည် တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) ရှိ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ (၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အကဲဖြတ် ပညာရှင်ကြီးများ တက်ရောက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
နှစ်စဉ်မပျက် ကျင်းပ
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်မှ စတင်၍ ထိုစဉ်က အစိုးရသည် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ရာ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပရန် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပြီး မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပရန် ခွင့်ပြုခဲ့ပါကြောင်း၊ ပြိုင်ပွဲများတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန် လိုကြောင်း၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ငါးနှစ်တာမျှကြာမြင့်မှ ပြန်လည် ကျင်းပရခြင်း ဖြစ်သော်လည်း ပြိုင်ပွဲနေရာ သတ်မှတ် ခြင်းကလွဲ၍ ကျန်သော ပြိုင်ပွဲအဆင့်၊ ပြိုင်ပွဲဝင် ဘာသာရပ် စသည်တို့မှာ များစွာ ပြောင်းလဲမှုမရှိပါ ကြောင်း၊ ပြိုင်ပွဲနေရာများကို ယခင် ပြုလုပ်နေကျ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင် မပြုလုပ်ဘဲ MICC-2 ၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ အမျိုး သားပြတိုက် (နေပြည်တော်)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုရတနာခန်းမ နှင့် လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် မြို့တော် ခန်းမ လေဟာပြင်ဇာတ်ရုံ စသည့်နေရာသစ်များသို့ ပြောင်းရွှေ့ထားပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်ကို အောက်တိုဘာလ သီတင်းကျွတ်ကျောင်းပိတ်ရက် များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ဆပ် ကော်မတီများမှ တာဝန်ရှိသူများ အကဲဖြတ်ပညာ ရှင်များက မိမိတို့တာဝန်ယူကြသည့် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြဆွေးနွေးကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက် လာကြသော ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာ ကြသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက တင်ပြချက်များအပေါ် ပြန်လည် ၍ သုံးသပ်ဆွေးနွေးသည်။
စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း နေပြည်တော်၌ နိုင်ငံတော် အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး ယခုနှစ်ထည့်သွင်းကျင်းပမည့် တိုင်းရင်းသား ရိုးရာအကပြိုင်ပွဲတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာ အကကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ လိုက် ကပြယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်