(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၂၄


(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ မူးယစ် ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr.Wichai Chaimongkhon ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ် ကြီး အောင်ဝင်းဦးက မြန်မာ-ထိုင်းနှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကပ်ရောဂါကာလအတွင်း ခရီးသွားလာမှုကန့်သတ်ခြင်းကို နိုင်ငံအသီးသီးက ဆောင် ရွက်နေချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများ ပိုမိုလုပ်ဆောင်လာကြပါကြောင်း၊ အထူး သဖြင့် ရေလမ်းကြောင်း အသုံးပြုသယ်ဆောင်မှု များပြား လာသည်ကို နိုင်ငံတကာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်စဉ်များတွင် တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်နှင့် အခြေအနေအမျိုးမျိုးကို အခွင့်ကောင်းရယူပြီး ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြ သည်ဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (၆၂)ကြိမ်မြောက် CND အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော Political Declaration နှင့် Plan of Action အရ Target သတ်မှတ်ပေးခဲ့သည့် အချက်များအပေါ် ရလဒ်ကောင်းများ နှင့် တိုးတက်အောင်မြင်မှုများ ပြသနိုင်ရန် အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ တားဆီးနှိမ်နင်းရေးကဏ္ဍတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း အခြားကဏ္ဍများ၌ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါကြောင်း၊ ထိန်းချုပ်ဓာတုပစ္စည်း များနှင့် ပတ်သက်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတွင် မပါဝင် သည့် အခြားဓာတုပစ္စည်း ပုံစံပြောင်း၍ P2P များ ထုတ်လုပ် တင်သွင်းလာမှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးအသွင်ပြောင်း ထုတ်လုပ်နိုင်သည့် ဓာတုဗေဒ ပညာရပ်များနှင့် ဓာတုပစ္စည်းများ၏ လေ့လာတွေ့ရှိချက် များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလို ပါကြောင်း။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဆက်စပ်ချိတ်ဆက်နေသည့်ကဏ္ဍများကို ဟန်ချက်ညီ တိုက်ဖျက်သွားနိုင်ရေးအတွက် သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ပိုမိုမြှင့်တင်ပူးပေါင်းဆောင် ရွက်ပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း များကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့် ရှိနေပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ် ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများအပြင် ထိန်းချုပ်ဓာတုပစ္စည်းများ၊ အသွင်ပြောင်းပရီကာဆာများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် လိုသည့် အစီအစဉ်များနှင့် အကြံဉာဏ်ကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Mr.Wichai Chaimongkhon က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ Operation 1511 ဆောင်ရွက်မှုများ၊ (၂၁)ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ် ချက်အပေါ် ပြန်လည်ဆန်းစစ်ခြင်း၊ အနာဂတ်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက် မည့် အခြေအနေများ၊ နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းအဖွဲ့ များ၊ မူးယစ်တရားခံပြေးများနှင့်ပတ်သက်၍ သတင်းဖလှယ် ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသော မဲခေါင် စစ်ဆင်ရေးစီမံချက်အရ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များ၊ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ လေ့လာဆန်းစစ် ရေးနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရေရှည် အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ (၂၃)ကြိမ်မြောက် အစည်း အဝေးကျင်းပသွားနိုင်မည့် နေ့ရက်၊ နေရာအတည်ပြုခြင်းနှင့် (၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်