
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်
မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပေးပို့ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း
( ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် )
ယနေ့စတင်ကျင်းပတဲ့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည် တော်များ မြန်မာ့တိုင်းရင်းဆေးသမားတော်များနဲ့ နှီးနွှယ်ပညာရှင် ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။
ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း အခုလို အေးမြတဲ့ ဥတုရာသီကာလမှာ မြန်မာ့တိုင်းရင်းဆေးသမားတော်များနဲ့ နှီးနွှယ် ပညာရှင်များ၊ ပျော်ရွှင်ချမ်းမြေ့စွာ၊ ချစ်ခင်ရင်းနှီးစွာဆုံတွေ့ကြပြီး အသိပညာနဲ့အတွေ့အကြုံတွေ ဖလှယ်ခွင့်ရရှိခဲ့တာ အခုနှစ်ဆိုလျှင် (၂၁)ကြိမ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းမှာရှိတဲ့ တိုင်းရင်းဆေးသမားတော် မျိုးဆက် အဆင့်ဆင့်တွေ နှစ်စဉ်မပျက်မကွက်တက်ရောက်ခဲ့ကြတဲ့ အစဉ် အလာအတိုင်း အခုနှစ်မှာလည်း မြန်မာ့တိုင်းရင်းဆေးပညာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးသမားတော်များ စုံစုံညီညီ ပါဝင်တက်ရောက်၊ ဆွေးနွေးညှိနှိုင်း၊ တိုင်ပင်ကြမယ့် ညီလာခံအခါ သမယမှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကြည်နူးဝမ်းမြောက်စွာနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာဟာ ရှေးဘုရင်များလက်ထက် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင်စတဲ့ ခေတ်အဆက်ဆက်ကတည်းက ထွန်းကားလာခဲ့တဲ့ ဆေးပညာတစ်ရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အားကိုးယုံကြည်စွာနဲ့ လက်ဆင့်ကမ်း သုံးစွဲခဲ့ကြတဲ့ ဆေးပညာလည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ဟာ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ နေထိုင်ကြကာ ကျန်းမာအသက်ရှည် ခဲ့ကြပြီး နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ကြပါတယ်။ မြန်မာ့ ဆေးပညာဟာ နယကြီးလေးပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်တဲ့အတွက် မြန်မာ့ရေမြေသဘာဝနဲ့ ကိုက်ညီပြီး တခြားနိုင်ငံ တွေက ဆေးဝါးတွေနဲ့မတူဘဲ အဆင့်မီတဲ့ ယှဉ်ဖက်ဆေးပညာတစ်ရပ် အဖြစ်နဲ့ သမိုင်းအဆက်ဆက် အစဉ်အလာကြီးမားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းဆေးပညာရှင်များနဲ့ တက်ရောက်လာကြသူများခင်ဗျား
အခုလို တိုင်းရင်းဆေးပညာရှင်များရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပြည်သူလူထု ကျန်းမာရေးကိုအထောက်အကူပြုနိုင်ဖို့ အားထုတ် ကြိုးပမ်းကြတဲ့ မြင်ကွင်းကို တွေ့မြင်ရတဲ့အတွက်လည်း နှစ်ထောင်း အားရများစွာဖြစ်မိပါတယ်။ စည်းလုံးညီညွတ်မှုဆိုတာမျိုးဟာ မည်သည့်အဖွဲ့အစည်းအတွက်မဆို တောင့်တင်းခိုင်မာတဲ့ ခွန်အား တစ်ရပ်ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များဟာ လည်း စည်းလုံးညီညွတ်မှုကို တန်ဖိုးထားကြသူများဖြစ်ပြီး စည်းလုံး ညီညွတ်မှုအားဖြင့် တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုနေတယ်လို့ယုံကြည် မိပါတယ်။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် မြန်မာ့တိုင်းရင်း ဆေးသမားတော်များဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုတဲ့ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းအတတ်ပညာကို ပိုင်ဆိုင်သူများ ဖြစ်ကြပြီး နိုင်ငံနဲ့လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာနဲ့ အားကိုးအားထား ပြုနေရတဲ့ ပညာရှင်များဖြစ်ကြပါတယ်။ မိမိတို့လူမျိုး ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ အမွေအနှစ် များထဲက အဓိကကျပြီး ပြည်သူအတွက် အလိုအပ်ဆုံးဖြစ်တဲ့ မြန်မာ့ တိုင်းရင်းဆေးပညာရပ်ကို အမွေခံထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ ပုဂ္ဂိုလ်များဖြစ်ကြတဲ့အတွက် မြန်မာ့တိုင်းရင်းဆေးသမားတော် များကို ထာဝစဉ် ဂုဏ်ယူလေးစားလျက်ရှိကြောင်း ဂုဏ်ပြုပြောကြား လိုပါတယ်။
အခုနှစ်ညီလာခံမှာ တိုင်းရင်းဆေးသမားတော်များ၊ ညီလာခံ ကိုယ်စားလှယ်ကြီးများအနေနဲ့ မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာအရည် အသွေး ဖွံ့ဖြိုးတိုးတက်မှုပိုမိုရရှိစေရန်၊ မြန်မာ့တိုင်းရင်းဆေးဆရာ တို့ရဲ့ အရည်အချင်းနဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်မှု နည်းပညာတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရန်ဆိုတဲ့ မှန်ကန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်များကို အခြေခံပြီး ဆွေးနွေး၊ တိုင်ပင်၊ နှီးနှောဖလှယ်ကြမှာဖြစ်လို့ အကျိုးရှိမယ့်ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်ကြောင်း ယုံကြည်မိပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာတိုင်းရင်းဆေးကုထုံး ဆိုင်ရာ အတွေ့အကြုံတွေနဲ့ ပညာရပ်ဆိုင်ရာ အယူအဆတွေကိုပါ နှီးနှော ဖလှယ်ကြမှာ ဖြစ်လို့ တိုင်းရင်းဆေးပညာအမွေအနှစ်များ၊ ပေးဝေသူနဲ့ ဆက်ခံသူတို့ရဲ့ အနာဂတ်အတွက် အဖိုးတန်မွန်မြတ်လှတဲ့ တွေ့ဆုံပွဲလို့ ဆိုရမှာဖြစ်ပါတယ်။
ယခုခေတ်ကာလမှာ အနောက်တိုင်းဆေးပညာဟာ ဖွံ့ဖြိုး တိုးတက်လာတာမှန်ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပြည်သူ တွေဟာ မိမိတို့ရဲ့ သဘာဝတိုင်းရင်းဆေးများနဲ့ကုသတဲ့ တိုင်းရင်းဆေး ကုထုံးတွေကို လက်မလွှတ်ဘဲ အားကိုးအားထားပြု သုံးစွဲ ကုသနေ ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တစ်မျိုးသားလုံးရဲ့ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ချက်ထားပြီး လတ်တလောဖြစ်ပွား နေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွား ရေးကို ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။
ယခုအခါ ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဟာ ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲပြီး ကူးစက်မှုနှုန်း မြန်ဆန်ရုံသာမက အချိန်တိုအတွင်း ကင်းစင်ပပျောက်စေနိုင်မယ့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်တည်ရှိနေနိုင်သေးတာကြောင့် နိုင်ငံတကာမှာ သူတို့ရဲ့ တိုင်းရင်းဆေးနဲ့ ကာကွယ်ကုသနိုင်ဖို့ ဆောင်ရွက်နေကြတဲ့နည်းတူ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ကာကွယ်ကုသနိုင်မယ့် တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆိုးဆိုးရွားရွား တွေ့ကြုံခံစားခဲ့ရပေမယ့်လည်း နိုင်ငံတော်အစိုးရ အနေနဲ့ ကာကွယ်ကုသရေးများကို အလေးထားစီမံဆောင်ရွက်ခဲ့သလို တာဝန်ရှိသူများနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း တက်ညီ လက်ညီနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခဲ့ ကြလို့ အချိန်တိုအတွင်းမှာ ကူးစက်ပြန့်ပွားမှုနဲ့ ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် လုပ်နိုင်ခဲ့ကြတဲ့အတွက် တာဝန်ရှိသူများနဲ့ တိုင်းရင်းသားပြည်သူများအားလုံးကို ကျေးဇူးတင်ကြောင်းကိုလည်း အခါအခွင့် သင့်တုန်းမှာ ပြောကြားလိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ကုသနိုင်မယ့် တိုင်းရင်းဆေး ဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ နဲ့ အလားတူရာသီ တုပ်ကွေးရောဂါများမှာ အသုံးပြုနိုင်မယ့် မာဓဝနိဒါန်းဆေးကျမ်းလာ ဆေးခါးကြီးပါဝင်တဲ့ ဝိသမအဖျားပျောက်ဆေးကို အရည်အသွေး ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ လူနာများမှာ အန္တရာယ် ကင်းရှင်းပြီး ဘေးကင်းလုံခြုံမှုရှိဖို့အတွက် လတ်တလောအဆိပ် အာနိသင်နဲ့ ရေတို အဆိပ် အာနိသင် ရှိ/မရှိ တို့ကို သိရှိနိုင်ရန် စမ်းသပ်ခြင်း၊ ဆေးရဲ့ခံနိုင်ရည်အားကို မိမိဆန္ဒအလျောက် သုတေသနစမ်းသပ်မှုတွင် ပါဝင်လိုတဲ့ ကျန်းမာတဲ့ လူများအပေါ်မှာ စမ်းသပ်ခြင်း၊ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုသာမန် လက္ခဏာရှိတဲ့ လူနာများပေါ်မှာ စမ်းသပ်ခြင်း၊ သုတေသနအဆင့်ဆင့် တို့ကို ပြုလုပ်ပြီး ဆေးဝါးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေတာ ကြောင့် တိုင်းရင်းဆေးပညာရှင်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာ လမ်းညွှန်များ ချမှတ်ဆောင်ရွက် လျက်ရှိကြတာကို အားရဖွယ်ရာ တွေ့မြင်ရပါတယ်။ မိမိတို့ရဲ့ သွေးရင်း သားရင်းများဖြစ်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို မိမိတို့ရဲ့ ပြည်တွင်းတိုင်းရင်းဆေးဝါးများနဲ့ ထိထိရောက်ရောက် ကာကွယ်ကုသနိုင်ရေး ပိုမိုကြိုးစားကြဖို့ကိုလည်း တိုက်တွန်းမှာကြား လိုပါတယ်။
တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တိုင်းရင်းဆေးပညာရှင် များခင်ဗျား
မြန်မာ့တိုင်းရင်းဆေးသမားတော်များဟာ ခေတ်အဆက်ဆက် တိုင်းရင်းဆေးဝါးများကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ဆေးဝါးများ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် အစွမ်းထက်မြက်တဲ့ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းတွေ၊ ကုသနည်းကုထုံးများ ပေါ်ထွက်လာစေရေးတို့အတွက် ဆေးပစ္စည်းများ၏ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ တိုင်းရင်းဆေးဝါး များအား သိပ္ပံနည်းကျသုတေသနပြုခြင်းများ ဆောင်ရွက်ရာမှာ မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ လိုအပ်မည်ဖြစ်ကြောင်းကို လည်း မှာကြားတိုက်တွန်းလိုပါတယ်။
သိမ်မွေ့နက်နဲတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးကျမ်းများနဲ့ အာနိသင်ထက်မြက်တဲ့ ဆေးဝါးများရဲ့ အနှစ်သာရအဆီအနှစ်တွေကိုစုစည်းပြီး အမျိုးသား အမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နေစေဖို့ စုပေါင်းစွမ်းအားနဲ့ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ကို လည်း ထပ်လောင်းမှာကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာအမွေအနှစ်ဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အရိုးပေါ် အရွက်မဖုံးစေဘဲ အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ထိန်းသိမ်း စောင့်ရှောက်သွားဖို့လည်း လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ယနေ့အချိန်အခါမှာ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်က အထူးအားပေးဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်လို့ ကောင်စီရဲ့ များပြားကြီးမားတဲ့ တာဝန်တွေထဲက တိုင်းရင်းဆေး ပညာရှင်များရဲ့ ဆေးပညာကျင့်ဝတ် ထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးစေလိုကြောင်း မှာကြားလိုပါတယ်။
အခုလို မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်းဟာလည်း မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်လျက်ရှိပါတယ်။ ဒီလိုညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေ ကျင်းပနိုင်ခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်း ဆေးတက္ကသိုလ်၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှီးနွှယ်ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေက ပညာရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တိုင်းရင်း ဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းကြီးနဲ့ မြန်မာနိုင်ငံအနှံ့အပြားက တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ် များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နဲ့ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း စတဲ့သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ကဏ္ဍပေါင်းစုံက ကိုယ်စားလှယ်တော်ကြီးများ ဆုံစည်းဆွေးနွေးဖလှယ်ခွင့် ရရှိနိုင် ကြတာဖြစ်လို့ အထူးပဲအကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်မိ ပါတယ်။
ယခု (၂၁)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ချစ်ခင်ရင်းနှီး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နှီးနှောကြပြီး နိုင်ငံနှင့် ပြည်သူအတွက် မြန်မာ့တိုင်းရင်းဆေးပညာလောက ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ကြပါစေ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများမှာ တိုင်းရင်းဆေးပညာနဲ့ ပိုမိုတိုးမြှင့်စောင့်ရှောက်နိုင်ကြရေးအတွက် ပူးပေါင်းကြံဆောင်၍ အဆိုပြုချက် များတင်သွင်းခြင်း၊ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းတို့ဖြင့် အကျိုးရှိ ကောင်းမွန်တဲ့ရလဒ်များ ရရှိနိုင်ကြပါစေကြောင်း ဆုမွန်တောင်း မေတ္တာပို့သလျက် နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။