ကူမင်း ဇူလိုင် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၃ မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် စစ်ဆောင်ပန်းနားပြည်နယ်ခွဲတို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ် နှစ်ပတ်လည်အစည်းအဝေးနှင့် တောင်အာရှ-အရှေ့တောင်အာရှ မီဒီယာမဟာမိတ်အဖွဲ့၏ ယဉ်ကျေးမှုနှင့် လူမှုဖလှယ်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်လျက်ရှိသည်။
အဆိုပါအဖွဲ့တွင် ပါဝင်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ အနုပညာရှင်ဝန်ထမ်း ရှစ်ဦးသည် ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ကူမင်းမြို့ရှိ Dian' an စခန်းချ အပန်းဖြေစိမ်းလန်းမြေ၌ ပြုလုပ်သည့် ၂၀၂၆ ခုနှစ် တရုတ်- မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် ကူမင်းအဓိက အကြောင်းအရာလှုပ်ရှားမှု အစီအစဉ်တွင်ပါဝင်ပြီး မြန်မာ့ရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် ကပြဖျော်ဖြေရာ စိတ်ပါဝင်စားသူပရိသတ်များက ပါဝင်ဆင်နွှဲကြသည်။
အလားတူ ဇူလိုင် ၁၅ ရက် တွင်လည်း ၂၀၂၆ ခုနှစ် တရုတ်- မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် ကူမင်းအဓိကအကြောင်းအရာလှုပ်ရှားမှုအစီအစဉ် ဒုတိယနေ့အဖြစ် MRTV မှ အနုပညာရှင်အဖွဲ့များက ကူမင်းချန်ရွှေလေဆိပ်တွင် တေးသီချင်းများကို ဖျော်ဖြေတင်ဆက်ကြရာ ပရိသတ်များ စည်ကားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်