နေပြည်တော် မေ ၂၅
၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့”သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၁ ရာစုပညာခေတ်တွင် ပညာသင်ကြားခြင်းသည် ကလေးများ၏အနာဂတ်အတွက် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည့်အတွက် ကလေးများ ပညာရေးဆုံးရှုံးမှုမဖြစ်စေရန် အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ကျောင်းအပ်နှံရေးသီတင်း ပတ်ဆောင်ပုဒ်ကို အလေးအနက်ထားပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အခမဲ့ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ကြသည်။
ထို့နောက် စာသင်ခန်းအလိုက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုအားပေးပြီး ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်