
ဒေါက်တာသီတာဦး၊ ပါမောက္ခ(ဌာနမှူး) ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်
၂၀၂၃-၂၀၂၄ ပညာသင်နှစ် စနစ်သစ် Grade 12 ဇီဝဗေဒဘာသာရပ်ကို လေ့လာသင်ယူနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံး စာမေးပွဲမှာ လွယ်ကူချောမောစွာဖြေဆိုနိုင်ကြဖို့ ရည်ရွယ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲအထောက်အကူပြု ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကိုပို့ချသွားမယ့်သင်ခန်းစာဖြစ်ပါတယ်။ Grade 12 Biology Textbook မှာ ပါဝင်တဲ့ အခန်း ၁ မှ ၆ အထိပြဋ္ဌာန်းထားသော သင်ခန်းစာများ အလိုက် စာမေးပွဲမေးခွန်းပုံစံသစ်နဲ့အတူဖော်ပြသွားမှာ ဖြစ်ပါတယ်။ Grade 12 Biology Textbook မှာ ပါဝင်တဲ့အကြောင်းအရာများအားလုံးဟာ ဇီဝဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး သိရှိရမယ့်အချက်များကို ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် သေချာကျေညက်အောင် လေ့လာကျက်မှတ်ခြင်းအားဖြင့် မေးခွန်းအားလုံးကို အခက်အခဲမရှိဘဲ ချောချောမောမောဖြင့် ထူးချွန်အောင်မြင်စွာဖြေဆိုနိုင်ကြမှာဖြစ်ပါတယ်။
Grade 12 ဇီဝဗေဒဘာသာရပ်ရဲ့မေးခွန်းပုံစံတွင် Section- A နှင့် Section- B နှစ်ပိုင်းအတွက် မေးခွန်းအမှတ်စဉ် (Question No. 1– 5) စုစုပေါင်း (၅) ခု ပါဝင်ပြီး အမှတ်ခွဲဝေမှုမှာ Section- A အတွက် (၃၀) မှတ်၊ Section- B အတွက် (၇၀) မှတ်ဖြစ်ပြီး ဇယားဖြင့် ဖော်ပြ ထားပါတယ်။
ဇီဝဗေဒဘာသာရပ်ရဲ့ မေးခွန်းပုံစံကို လေ့လာမယ်ဆိုရင်- Section – A မှာပါဝင်တဲ့ မေးခွန်းနံပါတ် (၁) ၊ (၂) နဲ့ (၃) မှာ လုံးဝ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မေးခွန်းနံပါတ် (၁) တွင် အမှား (သို့မဟုတ်) အမှန်ဖြေဆိုခြင်း (TRUE or FALSE) မေးခွန်းပုဒ်ခွဲငယ် (၁၀) ခု (i - x) အတွက် တစ်ခုလျှင် တစ်မှတ်စီဖြင့် ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ TRUE or FALSE statements ဖော်ပြချက်တွေဟာ Grade 12 Biology မှာ ပြဋ္ဌာန်းထားတဲ့ အကြောင်းအရာများအပေါ် နားလည်သဘော ပေါက်မှုကို ဦးစားပေးမေးထားတာဖြစ်ပြီး ကောက်နုတ်ထားတဲ့ Statement များအနေနဲ့ ဖတ်စာအုပ်မှ တိုက်ရိုက်ကောက်နုတ်ထားတာ ရှိသလို Own construction နဲ့ မေးထားတဲ့ statement များလည်း ရှိမှာဖြစ်ပါတယ်။ မေးခွန်းနံပါတ် 1. TRUE or FALSE statements ကို ဖြေဆိုဖို့ Statement ဟာ အားလုံးမှန်ကန်ပြီး မိမိသိရှိထားတဲ့ အကြောင်းအရာနဲ့ ကိုက်ညီရင် TRUE ဖြစ်ပြီး ကွဲလွဲမှုရှိရင် FALSE ဖြစ်ကာ all capital letter နဲ့ ရေးလျှင် ပိုကောင်းပါတယ်။ သို့သော် မည်သို့ပင်ဖြေဖြေ အဖြေမှန်လျှင်အမှတ်ရမည်ဖြစ်ပြီး အဖြေနှစ်မျိုး ရေးခဲ့လျှင် လုံးဝအမှတ်မပေးပါ။
မေးခွန်းနံပါတ် (၂) ကွက်လပ်ဖြည့်ခြင်း (Completion) တွင် မေးခွန်းပုဒ်ခွဲငယ် (၁၀) ခု (i - x) အတွက် တစ်ခုလျှင် တစ်မှတ်စီဖြင့် ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ မေးခွန်းနံပါတ် (၂) ရဲ့ Completion statement များအတွက် ကွက်လပ်ချန်ထားတဲ့နေရာမှာ မှန်ကန်တဲ့ အဖြေ စကားလုံး (Word)ကို စာလုံးပေါင်း (Spelling) မှန်မှန်နဲ့ဖြေဆို ပေးရမှာ ဖြစ်တယ်။ ဖြည့်စွက်မယ့် အဖြေစကားလုံးရဲ့ Tense ကို ဂရုစိုက် ဖို့လိုသလို သိပ္ပံအမည်များ (Scientific name) ကို ရေးသားဖော်ပြခိုင်းရင် တော့ မျိုးစု (Genus) ဖြစ်ခဲ့လျှင် အစစာလုံးကို Capital letter နဲ့ စရေးပြီး မျဉ်းသားပေးဖို့လိုအပ်ပါတယ်။ စာလုံးပေါင်းများကိုလည်း သတိထားပြီးရေးသားကျက်မှတ်ရပါမယ်။
မေးခွန်းနံပါတ် (၃) အဖြေမှန်ရွေးချယ်ခြင်း (Multiple Choice) တွင် မေးခွန်းပုဒ်ခွဲငယ် (၁၀) ခု (i - x) အတွက် တစ်ခုလျှင် တစ်မှတ်စီ ဖြင့် ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ မေးခွန်းနံပါတ် 3. Multiple Choice ဖြေဆိုရာမှာ အဖြေမှန် (Correct answer) ကို ရွေးချယ်ရန် စကားလုံး (၄) လုံး (A, B, C, D) ထဲက တစ်လုံးကို ပုဒ်ခွဲငယ်နံပါတ်နဲ့အတူ ဖော်ပြဖြေဆိုရမှာဖြစ်တယ်။ နောက်ကစကားလုံးကို ရေးစရာမလိုပါ။
မေးခွန်းနံပါတ် (၁) (၂) (၃) Objectives မေးခွန်းတွေ ဖြေဆိုရာ မှာ စာကြောင်း (Statements) များကို ပြန်ကူးရေးစရာ မလိုပါဘူး။ Objectives Statements (၃၀) ကို မှန်ကန်အောင် ဖြေဆိုနိုင်ဖို့ကတော့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သင်ရိုးပါအကြောင်းအရာတွေ ကို နှုတ်တိုက်ကျက်မှတ်မယ့်အစား အကြောင်းအရာရဲ့အနှစ်သာရကိုအဓိပ္ပာယ်ရှိစွာနဲ့ ဆက်စပ်တွေးခေါ်ပြီး သဘောပေါက်နားလည် အောင် မှတ်သားထားမှသာ လွယ်လင့်တကူဖြေဆိုနိုင်မှာ ဖြစ်တယ်။ Objectives မေးခွန်းတွေဟာ နားလည်သဘောပေါက်မှုနဲ့ စဉ်းစား တွေးခေါ်ယူဆမှုကို အခြေခံတဲ့အတွက် သေချာလေ့လာမှတ်သားဖို့ လိုတယ်။ အဓိကပါဝင်တတ်တဲ့ မေးခွန်းတွေက ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition) များနှင့် Statements များဖြစ်တယ်။ ရွေးချယ်ဖြေဆိုစရာမရှိတဲ့အတွက် အမှတ်ပြည့်ရလိုသူများအနေနဲ့ Grade 12 Biology ပြဋ္ဌာန်းစာအုပ်တစ်အုပ်လုံးကို ခြုံငုံလေ့လာဖတ်ရှု ထားဖို့လိုပါမယ်။ မေးခွန်းနံပါတ် 1, 2 နှင့် 3 Objectives မေးခွန်းမျိုးကို ဖြေတဲ့အခါ ပထမဆုံးဆင့်ပွားမေးခွန်းငယ်နံပါတ်များအား မှားတပ် ခြင်းနှင့် နံပါတ်ပိုခြင်း၊ လိုခြင်းမရှိစေရန် ဂရုစိုက်ဖို့ နဲ့ နံပါတ်ရေးချပြီးမှ Statements များကို သေချာစွာဖတ်ရှုပြီး မိမိအနေဖြင့်သေချာတဲ့ အဖြေများကို သက်ဆိုင်ရာနံပါတ်ဘေးမှာဖြေဆိုဖို့လိုအပ်ပါတယ်။
Grade 12 ဇီဝဗေဒဘာသာရပ်၊ မေးခွန်းပုံစံရဲ့ Section – B မှာ မေးခွန်းနံပါတ် (၄) (Short questions) နဲ့ မေးခွန်းနံပါတ် (၅) (Long question) တွေ ပါဝင်မှာဖြစ်ပါတယ်။ မေးခွန်းနံပါတ် (၄) အတွက် (Answer ALL questions) မေးခွန်းအားလုံးကို ဖြေဆိုရမှာဖြစ်ပြီး လုံးဝရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မေးခွန်းနံပါတ် (၄)တွင် မေးခွန်းပုဒ်ခွဲ ငယ် (၆) ပုဒ် (a – f) အတွက် ပုဒ်ခွဲငယ်တစ်ခုလျှင် ငါးမှတ်စီဖြင့် ပေးမှတ် (၃၀) မှတ် ဖြစ်ပါတယ်။ မေးခွန်းနံပါတ် (၄) မေးခွန်းတို ဖြေဆိုရာ မှာ မေးခွန်းတွေကိုသေချာစွာဖတ်ရှုပြီး တိုတိုနဲ့ လိုရင်းကိုသာ ဖြေဆို ရမှာဖြစ်သဖြင့် မေးခွန်းကမေးထားတဲ့ အဖြေပေါ်မူတည်၍ ကိုက်ညီ မှန်ကန်မှုရှိသည့် ဖြေဆိုမှုပြုလုပ်နိုင်ရန် လိုအပ်ပြီး သို့မှသာလျှင် အမှတ်ပြည့်ရရှိနိုင်မှာ ဖြစ်ပါတယ်။
Section – B ၏ မေးခွန်းနံပါတ် (၅) (Long question) တွင် (Answer any FOUR questions) ဟူ၍ ရွေးချယ်ပိုင်ခွင့်ရှိသည့် မေးခွန်းပုဒ်ခွဲငယ် (၆) ပုဒ် (a – f) မေးထားပြီး နှစ်သက်ရာ (၄) ပုဒ်အား ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းရှည် (Long question) မှာ ဘာသာရပ်ဆိုင်ရာ တတ်ကျွမ်းနားလည်မှုကို ဖြေဆိုရမှာဖြစ်ပြီး ဆက်လက်လေ့လာမည့်အဆင့်မြင့်ဘာသာရပ်များကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါတယ်။ မေးခွန်းနံပါတ် (၅)မှာ ရွေးချယ်ဖြေဆို ပိုင်ခွင့်ရှိတဲ့ မေးခွန်းမျိုးကို ဖြေဆိုရာတွင် မိမိကျွမ်းကျင်စွာဖြေဆိုနိုင် မယ့်၊ အမှတ်ပြည့်ရနိုင်မယ့် မေးခွန်းမျိုးကို ရွေးချယ်ဖြေဆိုကြရန်နှင့် မေးခွန်းအရွေးမမှားစေဖို့ အထူးသတိပြုကြရန် အရေးကြီးပါတယ်။
Grade 12 ဇီဝဗေဒဘာသာရပ်ရဲ့မေးခွန်းပုံစံသစ်တွင် Section– A မှာ ပါဝင်တဲ့ မေးခွန်းနံပါတ် (၁) (၂) (၃) နှင့် Section – B မှာပါဝင်တဲ့ မေးခွန်းနံပါတ် (၄) (၅) တို့ဖြင့် စုစုပေါင်း ငါးပုဒ် (Question No. 1- 5) ပါရှိမှာဖြစ်ပါတယ်။ မေးခွန်းဖွဲ့စည်းတည်ဆောက်ရာတွင် Grade 12 Biology Textbook ပြဋ္ဌာန်းစာအုပ်မှ အခန်း ၁ မှ ၆ (Chapter 1 - 6) အထိပါဝင်တဲ့ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာရပ်များမှ အကြောင်းအရာ များအား မေးခွန်းအမှတ်စဉ် (Question No. 1 - 5) များအတွက် Chapter အစဉ်လိုက်သော်လည်းကောင်း၊ Chapter အစဉ်လိုက် မဟုတ်ဘဲသော်လည်းကောင်း မေးခွန်းတည်ဆောက်နိုင်ပါတယ်။ မေးခွန်းများသည် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနဲ့ ပြဿနာ ဖြေရှင်းခြင်း၊ တီထွင်ဖန်တီးမှုနဲ့ ဆန်းသစ်မှုအရည်အသွေးများ ကောင်းမွန်မြင့်မားမှုကို ဦးတည်၍ လွယ်ကူလွန်းခြင်း၊ ခက်ခဲလွန်းခြင်း မရှိစေဘဲ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းအလိုက် လျော်ညီစွာဖြေဆိုနိုင်မည့် မေးခွန်းများဖြင့် ဖွဲ့စည်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။
Grade 12 ဇီဝဗေဒဘာသာရပ်သင်ရိုးမှာပါတဲ့ သင်ခန်းစာများကို လေ့လာကြည့်ရင် အခန်း ခြောက်ခန်း (Chapter 1 – 6) ပါဝင်ပါတယ်။ အခန်း (၁) Chapter 1 INTRODUCTION TO BIOLOGY တွင် THEMES OF BIOLOGY ၌ ဇီဝဗေဒကို ကျယ်ပြန့်စွာ ပိုင်းခြားထားသော အဓိက အကြောင်းအရာငါးခု (Themes 1- 5) နှင့် IMPORTANCE OF BIOLOGY IN DAILY LIFE လူတို့၏ နေ့စဉ်ဘဝတွင် ဇီဝဗေဒ၏အရေးပါမှု နှင့်စပ်လျဉ်း၍ လူတို့၏အသက်ရှင်ရပ်တည်မှုတွင် အဓိကကျသော စားနပ်ရိက္ခာအရင်းအမြစ်များအတွက် စိုက်ပျိုးရေး (Agriculture, Horticulture and Hydroponic Culture)၊ မွေးမြူရေး (Aquaculture and Livestock)၊ ကျန်းမာရေးနှင့် ဆေးဝါးအသုံးပြုခြင်း (Health and Medicine)၊ လူတို့၏ အသက်ရှင်သန်မှုအတွက် အစားအစာ (Food)၊ ကျန်းမာသောနေထိုင်မှုဘဝအတွက် အဝတ်အထည်နှင့် အမိုးအကာပြုလုပ်ရာတွင် အသုံးပြုသည့် အပင်များနှင့်ဆက်စပ်နေ သည့် လုပ်ငန်းများ (Clothing and Shelter) စသည့် အကြောင်းအရာ များကို လေ့လာကြရမှာ ဖြစ်ပါတယ်။
အခန်း (၂) Chapter 2 MOLECULAR BIOLOGY ၏ INTRO- DUCTION TO MOLECULAR BIOLOGY ၌ သက်ရှိဆဲလ်အားလုံးတွင် မရှိမဖြစ် ပါဝင်သည့် DNA (Deoxyribonucleic acid) နှင့် RNA (Ribonucleic acid) တည်ဆောက်ဖွဲ့စည်းပုံ၊ DNA ၏ အခန်းကဏ္ဍနှင့် ၎င်း၏ပုံတူပွားခြင်း သဘောသဘာဝ၊ GENETIC CODE မျိုးရိုးဗီဇဝှက်၊ PROTEIN SYNTHESIS သက်ရှိဆဲလ်အတွင်း ပရိုတင်းပေါင်းစပ် ဖွဲ့စည်းခြင်းဖြစ်စဉ်နှင့် ပါဝင်သောလုပ်ငန်းစဉ်များ၊ SOME TECHNIQUES IN MOLECULAR BIOLOGY အပင်နှင့်တိရစ္ဆာန်အား မျိုးရိုးဗီဇဆိုင်ရာ ပြုပြင်ထားသော မော်လီကျူးဇီဝဗေဒဆိုင်ရာနည်းပညာအကြောင်းအရာများကို စိတ်ဝင်စားဖွယ် လေ့လာကြရမှာ ဖြစ်ပါတယ်။
အခန်း (၃) Chapter 3 TRANSPORT SYSTEM IN ORGANISMS ရှိ TRANSPORT SYSTEM IN PLANTS အပင်များရှိသယ်ယူပို့ဆောင် ရေးစနစ်တွင် သယ်ယူပို့ဆောင်ရေး တစ်ရှူးများ (xylem နှင့် phloem) တည်ဆောက်ပုံများ၊ TRANSPORT MECHANISMS IN PLANTS အပင်တစ်ပင်တွင် အစာ၊ ရေနှင့် inorganic ions များကို ပို့ဆောင်ပေး သည့် လုပ်ငန်းယန္တရား၊ TRANSPIRATION ပင်ငွေ့ပျံခြင်းတွင် Factors Affecting Transpiration ပင်ငွေ့ပျံခြင်းအပေါ် သက်ရောက်သည့် အချက်များ၊ Benefits of Transpiration ပင်ငွေ့ပျံခြင်းအကျိုး ကျေးဇူးများ၊ Demonstration of Transpiration Pull ပင်ငွေ့ပျံခြင်း အား သရုပ်ဖော်ပြသခြင်းနှင့် TRANSLOCATION အပင်များတွင် အစာ အာဟာရ၊ ရေနှင့်ပျော်ဝင်ပစ္စည်းများ ရွေ့လျားရွှေ့ပြောင်းခြင်းဖြစ်စဉ် အကြောင်းအရာများကို လေ့လာကြရမှာဖြစ်ပါတယ်။ ဆက်လက်၍ TRANSPORT SYSTEM IN ANIMALS တိရစ္ဆာန်များရှိ သယ်ယူ ပို့ဆောင်ရေးစနစ်တွင် Principles of Circulation တိရစ္ဆာန်များရှိ သွေးလည်ပတ်မှုစနစ်သည် အစုလိုက်သယ်ယူပို့ဆောင်ရေး (mass transport) ပုံစံဖြစ်ပြီး အရာဝတ္ထုများကို ခန္ဓာကိုယ်အနှံ့အရည်စီးဆင်းမှု ပုံစံယန္တရားအသွင်ဖြင့် ပို့ဆောင်ပေးသည့် အစီအစဉ်ဖြစ်ပါတယ်။ The Need for Transport ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ရာတွင် လိုအပ်ချက်များ၊ Features of Mass Transport System ခန္ဓာကိုယ် တစ်လျှောက်ရှိ အရာဝတ္ထုများကို ရွှေ့ပြောင်းရန် ထိရောက်မှုရှိသည့် Mass Transport System ၏ လက္ခဏာရပ်များကို လေ့လာကြရမှာ ဖြစ်ပါတယ်။ CIRCULATORY SYSTEM သွေးလည်ပတ်မှုစနစ်တွင် စနစ်အမျိုးအစားနှစ်မျိုး Open circulatory system (အဖွင့်သွေး လည်ပတ်မှုစနစ်)နှင့် Closed circulatory system (အပိတ် သွေးလည်ပတ်မှုစနစ်) အဓိကနှစ်မျိုးရှိပြီး CARDIOVASCULAR SYSTEM IN MAMMALS နို့တိုက်သတ္တဝါများ၏ နှလုံးသွေးလည်ပတ်မှု တွင် သွေးကြောများမှတစ်ဆင့် သွေးများရွေ့လျားနိုင်ရန် ရေပန့်စက်ကဲ့ သို့ ဆောင်ရွက်ပေးသည့် နှလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံ The Structure of the Heart, The Blood Vessels သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ ဆံချည်မျှင်သွေးကြောများ၊ The components of the Blood သွေးတွင်းပါဝင်ပစ္စည်းများ၊ The Clotting of the Blood ထိခိုက်ဒဏ်ရာရသည့်နေရာမှာ သွေးများစုပုံလာ၍ သွေးတိတ်စေသော ဖြစ်စဉ်၊ The Cardiac Cycle နှလုံးခုန်ခြင်းဖြစ်စဉ်၊ Control of Heart Beat နှလုံးခုန်နှုန်းအား ထိန်းချုပ်ခြင်း အကြောင်းအရာများနဲ့ LYMPHATIC SYSTEM ဆံချည်မျှင်သွေးကြောများနှင့် ဆဲလ်များအကြား တွင်ရှိသော တစ်ရှူးရည်၏ အခန်းကဏ္ဍ စသည့် အကြောင်းအရာများကို စိတ်ဝင်စားဖွယ် လေ့လာကြရမှာ ဖြစ်ပါတယ်။
အခန်း (၄) Chapter 4 DISEASES IN PLANTS AND ANIMALS တွင် PLANT DISEASES အပင်ရောဂါများ၌ အပင်ရောဂါကို အများ အားဖြင့် ပုံမှန်မဟုတ်သော ကြီးထွားမှုနှင့် သို့မဟုတ် အပင်၏ ကမောက်ကမ ဖြစ်မှုအဖြစ် သတ်မှတ်၍ Biotic diseases များသည် သက်ရှိများ (ဥပမာ- မှို၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ) ကြောင့် ဖြစ်သည့် အပင်ရောဂါအမျိုးအစားများနှင့် Abiotic diseases များသည် သက်ရှိမဟုတ်သော ပတ်ဝန်းကျင်အခြေအနေများ (ဥပမာ- မြေဆီလွှာကျုံ့ခြင်း၊ လေ၊ နှင်းခဲ၊ မြေဆီလွှာဆားများပျက်စီးခြင်း) ကြောင့် ဖြစ်သည့် အပင်ရောဂါအမျိုးအစားများ၊ Disease Causing Factors ရောဂါ ဖြစ်စေသော အကြောင်းအရင်းများ၊ အပင်ရောဂါများ၏ Signs and Symptoms, Types of Pathogens အပင်ရောဂါပိုးအမျိုး အစားများ နှင့် Control of Plant Diseases အပင်များတွင် ကျရောက် သော ရောဂါပိုးမွှားများကို ထိန်းချုပ်ခြင်းများအား ကဏ္ဍအလိုက် သင်ကြားကြရမှာဖြစ်ပါတယ်။ ANIMAL DISEASES ရောဂါ ဆိုသည်မှာ ကျန်းမာရေးညံ့ဖျင်းစေသော ခန္ဓာကိုယ်(သို့မဟုတ်) စိတ်၏နာမကျန်းမှု (သို့) ချို့ယွင်းမှုတစ်ခုဖြစ်သည်။ ANIMAL DISEASE များကို မကူးစက် နိုင်သောရောဂါအမျိုးအစားများ Non-infectious Diseases နှင့် ကူးစက်နိုင်သောရောဂါအမျိုးအစားများ Infectious Diseases ဟု ခွဲခြားနိုင်သည်။ မကူးစက်နိုင်သော ရောဂါအမျိုးအစားများ Non-infectious Diseases တွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါကာကွယ် ခြင်းနှင့် ကုသခြင်းဆိုင်ရာအကြောင်းအရာများ ပါဝင်ကြပါတယ်။ ကူးစက်နိုင်သော ရောဂါအမျိုးအစားများ Infectious Diseases နှင့် နမူနာအဖြစ် ငှက်ဖျားပိုး Plasmodium ကူးစက်ခြင်း၊ ငှက်ဖျားပိုး၏ ဇီဝစက်ဝန်း Life cycle of Plasmodium, ငှက်ဖျားရောဂါ ကုသခြင်း၊ ကာကွယ်ခြင်း၊ ကမ္ဘာတစ်ဝန်းငှက်ဖျားရောဂါ ထိန်းချုပ်မှု အကြောင်းအရာများကို စိတ်ဝင်စားဖွယ်လေ့လာ သင်ကြားကြရမှာ ဖြစ်ပါတယ်။
အခန်း (၅) Chapter 5 COORDINATION AND RESPONSE သည် အပင်နှင့် တိရစ္ဆာန်များတွင် “ပေါင်းစပ်ညှိနှိုင်းမှုနှင့် တုံ့ပြန်မှုများ” နှင့်သက်ဆိုင်သည့် အကြောင်းအရာများပါဝင်ပြီး COORDINATION AND RESPONSE IN PLANTS အပင်၏ အစိတ်အပိုင်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုနှင့် တုံ့ပြန်မှုအပြန်အလှန်အကျိုးသက်ရောက်ပုံ အကြောင်းအရာများကို စိတ်ဝင်စားဖွယ် လေ့လာကြရမှာဖြစ်ပြီး PLANT GROWTH AND DEVELOPMENT အပင်ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၌ Plant Growth Regulators အပင်ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ ရှုထောင့်အမျိုးမျိုးကို ထိန်းချုပ်သည့် အပင်ဟော်မုန်း၏ အဓိကအမျိုးအစား ငါးမျိုးရှိတယ်။ Auxins, gibberellins, cytokinins, ethylene နှင့် abscisic acid တို့ဖြစ်ကြတယ်။ ဤဟော်မုန်းတစ်ခုစီဟာ အပင်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအပေါ် တိကျသောအကျိုးသက်ရောက်မှုများရှိကြတယ်။ Seed Dormancy အစေ့ငုတ်ခြင်း၊ Seed Germination အစေ့ပေါက်ခြင်း နှင့် အမျိုးအစား (၃) မျိုး၊ Photoperiodism ပန်းပွင့်စေရန် အပင်မှ လိုအပ်သော အလင်းနှင့် အမှောင်၏ကာလနှင့် အလင်းကာလပေါ် မူတည်၍ အပင်အမျိုးအစား (၃) မျိုး ခွဲခြားခြင်း၊ Photomorphogenesis အပင်များ ကြီးထွားပြီး အလင်းရောင်ကို တုံ့ပြန်သည့် ဖြစ်စဉ်နှင့် အရေးပါပုံ စသည့်အကြောင်းအရာများကို စိတ်ဝင်စားဖွယ်လေ့လာ ကြရမှာဖြစ်ပါတယ်။
COORDINATION AND RESPONSE IN ANIMALS တိရစ္ဆာန်များ တွင် ညှိနှိုင်းခြင်းနှင့် တုံ့ပြန်မှုအပိုင်းမှာ ပတ်ဝန်းကျင်နှင့် အမူအကျင့် များကို တုံ့ပြန်ပြီးညှိနှိုင်းနိုင်စွမ်းသည် အသက်ရှင်ရပ်တည်မှုအတွက် အရေးကြီးပြီး တိရစ္ဆာန်များကို ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စေပြီးလျှင် Human Nervous System အာရုံကြောစနစ် တည်ဆောက်ပုံ၊ Structure of Neurones မတူညီသော Neurones အမျိုးအစားများနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများ၊ Synapses ၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များ၊ SENSE ORGANS သက်ရှိများ အသက်ရှင် ရပ်တည်နိုင်ရန် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို သိရှိပြီး သင့်လျော်စွာ တုံ့ပြန်ရမည်ဖြစ်ပြီး အပြောင်းအလဲများကို ထောက်လှမ်း ရန် လူသားများနှင့် အခြားသက်ရှိများတွင် ဖြစ်ပေါ်လာသည့်၊ လွန်စွာ မြင့်မားသည့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနှင့် အရေပြားတို့ကဲ့သို့သော အာရုံခံအင်္ဂါများမှ Structure of human eye and mechanism of vision လူ့မျက်လုံးဖွဲ့စည်းပုံနှင့် အမြင်အာရုံဆိုင်ရာယန္တရား၊ THE ENDOCRINE SYSTEM ၌ Endocrine glands Hormones လူ့ခန္ဓာကိုယ် ရှိ endocrine ဂလင်းများ၏ တည်နေရာနှင့် ဟော်မုန်းများ၏ အခန်း ကဏ္ဍ၊ Comparison between Nervous System and Endocrine System လူ့ခန္ဓာကိုယ်ရှိ အာရုံကြောစနစ်နှင့် endocrine စနစ်အကြား နှိုင်းယှဉ်လေ့လာမှုဇယား စသည့်ခေါင်းစဉ်များဖြင့် စိတ်ဝင်စားဖွယ် လေ့လာကြရမှာ ဖြစ်ပါတယ်။
အခန်း (၆) Chapter 6 BIODIVERSITY AND CONSERVATION မှာ ဤစာအုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအကြောင်းဖြစ်၍ သဘာဝတွင် ဇီဝမျိုးစုံ မျိုးကွဲများသည် အဘယ်ကြောင့် အရေးကြီးရသနည်းဆိုသည့် အကြောင်းအရာ၊ အချက်အလက်များကို သေချာစွာလေ့လာကြရမှာ ဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွင် ‘ဇီဝ - Bio’ ဟူသည်သက်ရှိနှင့် ‘အမျိုးအစားကွဲပြားခြားနားမှု Diversity’ ဟူသည့် စကားလုံးနှစ်လုံးမှ လာပြီး ‘ဇီဝမျိုးစုံမျိုးကွဲ’ ဟူသော အသုံးအနှုန်းကို Walter G. Rosen မှ ၁၉၈၅ ခုနှစ်တွင် စတင်တီထွင်သုံးနှုန်းခဲ့တာဖြစ်သော်လည်း ယခု အခါ ‘ဇီဝမျိုးစုံမျိုးကွဲများ၏ဖခင်’ အဖြစ် လူသိများသည့် Edward O. Wilson ကြောင့် ပိုမိုထင်ရှားလာတာ ဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲများ ဟန်ချက်ညီစွာ ရှင်သန်ကြီးထွားပေါက်ပွားနိုင်မှုကို ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းသည် သက်ရှိများ၏ ဘဝရှင်သန်နေထိုင်မှုနှင့် သဘာဝဂေဟစနစ် နှစ်ခုလုံးတွင် အရေးပါသောအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Levels of Biodiversity ဇီဝမျိုးစုံမျိုးကွဲများ၏ မတူညီ သောအဆင့်များ၊ Importance of Biodiversity ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှု၊ Biodiversity in Myanmar တွင် Forest Diversity မြန်မာနိုင်ငံရှိ သစ်တောအမျိုးအစားများနှင့် Endangered Species မျိုးသုဉ်းလုနီးပါး ဇီဝမျိုးစိတ်များ၊ THREATS TO BIODIVERSITY ဇီဝ မျိုးစုံမျိုးကွဲမျိုးစိတ်များအား မျိုးသုဉ်းလုနီးပါး ခြိမ်းခြောက်ခံနေရသော အကြောင်းတရားများ၌ Habitat Destruction ဇီဝမျိုးစုံမျိုးကွဲများ၏ နေထိုင်ရာများပျက်စီးခြင်း၊ Invasive Alien Species (IAS) ဒေသရင်း မဟုတ်သောမျိုးစိတ်များ ဝင်ရောက်လာခြင်း၊ Genetic Pollution ဗီဇညစ်ညမ်းမှုဖြစ်ခြင်း (ဥပမာ-မျိုးစပ်ခံရခြင်း၊ မျိုးရိုးဗီဇရောယှက် ခြင်း)၊ Overexploitation ဇီဝမျိုးစုံမျိုးကွဲမျိုးစိတ်များအား အလွန် အကျွံ ထုတ်ယူသုံးစွဲခြင်း၊ Climate Change ထိုသို့အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း အကျိုးဆက်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲ လာခြင်း၊ Human Overpopulation လူဦးရေတိုးမြင့်လာခြင်း၊ ထူထပ်လာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အဆင် မပြေမှုများဖြစ်ပေါ်လာခြင်း၊ Wildlife Trade သဘာဝတောရိုင်းသက်ရှိ များနှင့် ၎င်းတို့မှ ထုတ်လုပ်သောပစ္စည်းများကို တရားမဝင်ရောင်းဝယ် ခြင်း၊ CONSERVATION ကမ္ဘာမြေ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အမျိုးမျိုးသော အစီအမံများနှင့် နည်းလမ်းများ၊ In situ နှင့် ex situ ထိန်းသိမ်းရေးနည်းလမ်းများ အကြောင်း အသိပညာပေးမြှင့်တင်ခြင်းနှင့် မြန်မာနိုင်ငံတွင် တည်ထောင်ထားသော သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ အမျိုးအစားနှင့် တည်နေရာများကို ကဏ္ဍအလိုက် စိတ်ဝင်စားဖွယ် သင်ကြားကြရမှာ ဖြစ်ပါတယ်။
Grade 12 Biology Textbook တွင် တိကျသော ရောင်စုံပုံချပ်များ precise colourful diagrams, ဓာတ်ပုံမိုက်ခရိုဂရပ်များ photo-micrographs, figures and charts, Chapter တစ်ခုချင်းစီ၏ အဆုံးတွင် နမူနာမေးခွန်းများ၊ ဝေါဟာရအသုံးအနှုန်း အခက်အခဲများ ကို ကျော်လွှားရန် GLOSSARY များပါဝင်ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 Biology Textbook မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို သေချာကျေညက်အောင် လေ့လာပြီးတဲ့ နောက် ဇီဝဗေဒ၊ ဇီဝဗေဒနှင့် ဆက်နွှယ်လျက်ရှိသည့် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်နယ်ပယ်များတွင် ဆက်လက် လေ့လာရန် အရည်အချင်းပြည့်မီသူများ ဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာမေးပွဲဖြေတဲ့အခါ -
- မေးခွန်းမှာ Mention/ Name/ List နဲ့စထားရင် အမည်များ ဖော်ပြဖြေဆိုရန်။
- Enumerate နဲ့စရင် အမှတ်စဉ်ထိုး၍ဖြေဆိုရန်။
- Define နဲ့စရင် အဓိပ္ပာယ်သတ်မှတ်ရန်။
- What/ How/ Cite/ Give/ State/ Describe/ Discuss/ Explain/ Clarify/ Write နဲ့ စထားရင်ရေးပါ၊ ရှင်းပြပါ၊ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊ ဖော်ပြပါ၊ ဘယ်လိုနားလည်သလဲ အစရှိတဲ့ မေးခွန်း တွေကို စာသားအားဖြင့် အဖြေထုတ်ရန်။
- Distinguish/ Classify/ Differentiate နဲ့စရင် အုပ်စုနှင့် အမျိုးအစားတို့ကို ခွဲခြားပြရန်။
- Comparative/ Compare and contrast/ versus နဲ့မေးထားရင် နှိုင်းယှဉ်ဖြေဆိုရန်။
- Give a table/ Tabulate နဲ့စရင် ဇယားဆွဲ၍ ဖြေဆိုရန်။
- Give a word diagram နဲ့စရင် စကားလုံးများကို အညွှန်းမြားတန်း ဖြင့် ချိတ်ဆက် ဖော်ပြရန်။
- Draw/ Illustrate/ illustration/ drawing/ diagram နဲ့မေးထား ရင် သရုပ်ဖော်ပုံဆွဲပေးရန်။
- Provide Labels and Caption နဲ့စရင် ပုံကိုပြန်ကူးဆွဲစရာမလိုဘဲ အညွှန်းမြားဖြင့် ညွှန်ပြသောနေရာကို အမည်ဖော်ပေးရန်နှင့် ပုံခေါင်းစဉ်တပ်ပေးရန်ဖြစ်ပြီး နောက်ဆက်တွဲမေးသည့် မေးခွန်းရှိခဲ့လျှင် မကျန်ရစ်အောင်ဖြေဆိုရန် သတိပြုပါ။
- မေးခွန်းကို သေချာစွာဖတ်ပါ၊ နားလည်သဘောပေါက်အောင် ဖတ်ပြီးမှ ဖြေဆိုပါ။
- အဖြေလွှာရဲ့ သတ်မှတ်ထားတဲ့နေရာမှာ ခုံနံပါတ်ကို မှန်အောင် တပ်ပါ။
- အဖြေလွှာပေါ်က ညွှန်ကြားချက်များကို သေချာစွာလိုက်နာပါ။
- ဖြေဆိုမည့်နံပါတ်များကို ဘေးမျဉ်းအတွင်း မှန်အောင်တပ်ပြီးမှ ဖြေဆိုပါ။
- ဖြေဆိုပြီးအဖြေများ မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးပါ။
ယခုတင်ပြခဲ့တဲ့အကြံပြုချက်များကိုလိုက်နာပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ထူးမှတ်များ နဲ့ ထူးထူးချွန်ချွန် အောင်မြင်အောင်ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ပါတယ်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ထူးချွန်စွာအောင်မြင်ကြပါစေ။