၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု စိတ်ကြိုက်မြန်မာစာဘာသာရပ်ဆိုင်ရာသိကောင်းစရာများ

 

ဒေါက်တာထွန်းအောင်ကျော်၊ ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

ဒီကနေ့ ပို့ချမှာတော့ ၂၀၂၄ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ  သင်ရိုးသစ် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို   ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူများအတွက် စိတ်ကြိုက်မြန်မာစာ ဘာသာ ရပ်ဆိုင်ရာ သိကောင်းစရာများ  ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဟာ မြန်မာစာကို စိတ်ဝင်စားတဲ့ ကျောင်းသား ကျောင်းသူ တွေအတွက်   အထူးသင့်တော်တဲ့ဘာသာရပ်ဖြစ်ပြီး  မြန်မာစာကို အသုံးချစာပေအနေနဲ့ လေ့လာနိုင်ဖို့အတွက် လမ်းခင်းပေးတဲ့ ဘာသာ ရပ် ဖြစ်ပါတယ်။
စိတ်ကြိုက်မြန်မာစာသင်ယူတဲ့ ကျောင်းသား ကျောင်းသူတွေဟာ မြန်မာစာကို ခြေခြေမြစ်မြစ်သိရှိလာမှာ  ဖြစ်ပါတယ်။   မြန်မာစာ အရေးအသား ပိုမိုကျွမ်းကျင်လာပြီး မြန်မာစာဝေါဟာရ အသုံးအနှုန်း တွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်လာနိုင်မှာ ဖြစ်ပါတယ်။  ဒါတင်မက မြန်မာစာပေရဲ့ စကားပြေတွေ၊ ကဗျာတွေကို ဝေဖန်အကဲဖြတ်လာနိုင် ပါမယ်။ မြန်မာစကားပြေအရေးအသားတွေကို   ကျွမ်းကျင်လာပြီး ကိုယ်တိုင်စာရေးသားရာမှာဖြစ်ဖြစ်၊ အခြားသူရေးထားတဲ့ စကားပြေ တွေကို လေ့လာဆန်းစစ်ရာမှာဖြစ်ဖြစ် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစာပေသမိုင်းစဉ်ကိုသိရှိပြီး အစဉ်အလာ ကြီးမားတဲ့ မြန်မာစာပေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးတန်ဖိုး ထားတဲ့စိတ်တွေ နိုးကြားတိုးပွားလာမှာ ဖြစ်ပါတယ်။
စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာကို မဆွေးနွေးမီ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာတွေကို ဦးစွာဖော်ပြပါမယ်။  စိတ်ကြိုက်မြန်မာစာမှာ စာအုပ်(၄)အုပ် ပြဋ္ဌာန်းထားပါတယ်။ အဲဒီစာအုပ်တွေကတော့ မြန်မာ ပြဇာတ်နှင့် မြန်မာဝတ္ထုတို၊ မြန်မာစကားပြေ၊ စာအရေးအသားလမ်းညွှန်နဲ့ မြန်မာစာပေသမိုင်းတို့ ဖြစ်ပါတယ်။  ဒီပြဋ္ဌာန်းစာတွေကို ဘယ်လို လေ့လာသင့်တယ်။ စာမေးပွဲမှာ ဘယ်လိုမေးတယ်ဆိုတာကို ပြဋ္ဌာန်း စာအုပ်တစ်အုပ်ချင်း၊ မေးခွန်းတစ်ပုဒ်ချင်းအလိုက် ဆွေးနွေးပို့ချမှာ ဖြစ်ပါတယ်။
စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ် (၄)အုပ်ကို စာမေးပွဲ မေးခွန်း လွှာအနေနဲ့ မေးခွန်းကြီး (၆)ပုဒ် မေးပါတယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်းကြီးတစ်ပုဒ်၊ မှတ်စုတိုမေးခွန်းကြီးတစ်ပုဒ်၊   မြန်မာပြဇာတ်နှင့် မြန်မာ ဝတ္ထုတိုတစ်ပုဒ်၊ မြန်မာစကားပြေတစ်ပုဒ်၊ စာအရေးအသားလမ်းညွှန် တစ်ပုဒ်၊ မြန်မာစာပေသမိုင်းတစ်ပုဒ်တို့ ဖြစ်ပါတယ်။ (၃) နာရီ မေးခွန်း လွှာဖြစ်ပြီး မေးခွန်းအပုဒ်တိုင်းမှာ ပုဒ်ခွဲများ ပါဝင်ပါတယ်။ ဓမ္မဓိဋ္ဌာန် မေးခွန်းမှအပ ကျန်မေးခွန်းတွေရဲ့ ပုဒ်ခွဲတိုင်းမှာလည်း ရွေးချယ်စရာ ပါရှိပါတယ်။ မြန်မာပြဇာတ်နဲ့ မြန်မာဝတ္ထုတို ပြဋ္ဌာန်းစာအုပ်ရဲ့ မြန်မာ ပြဇာတ်အပိုင်းမှာ ကုန်းဘောင်ခေတ် မြန်မာပြဇာတ်ဆရာရဲ့ မြန်မာ ပြဇာတ်နဲ့ ခေတ်ပြဇာတ်ဆရာရဲ့ ပြဇာတ်တစ်ပုဒ်တို့ကို   လေ့လာ ရမှာဖြစ်သလို မြန်မာဝတ္ထုတိုအနေနဲ့ ကိုလိုနီခေတ်မှ မျက်မှောက်ခေတ် အထိ စာရေးဆရာတွေရဲ့   ဝတ္ထုတိုတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
ဝတ္ထုတိုကို  လေ့လာတဲ့အခါ ဝတ္ထုတိုရဲ့ သဘောသဘာဝကို ကောင်းစွာ သိထားသင့်ပါတယ်။ ဝတ္ထုဆိုတာ  လူအကြောင်း၊ လောက အကြောင်းကို စာရေးသူရဲ့ စိတ်ကူးဉာဏ်နဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ရသစာပေတစ်မျိုး ဖြစ်ပါတယ်။ ဝတ္ထုမှာ ဝတ္ထုရှည်နဲ့ ဝတ္ထုတိုနှစ်မျိုး ရှိပါတယ်။ ဝတ္ထုရှည်ကတော့ ဇာတ်အိမ်ကြီးကြီးမားမားနဲ့ ရှည်ရှည် လျားလျားရေးဖွဲ့တဲ့  ဝတ္ထုမျိုးဖြစ်ပြီး ဝတ္ထုတိုကတော့ စာဖတ်သူ တစ်ထိုင်တည်းနဲ့ ဖတ်နိုင်အောင် တိုတိုရေးဖွဲ့ထားတဲ့ စာပေမျိုးဖြစ်ပါတယ်။
ဝတ္ထုရေးဆရာက သူ့ဝတ္ထုမှာ စာဖတ်သူကို အာရုံကျက်စားစေလိုတဲ့ သဘောတစ်ရပ်၊ အချက်တစ်ချက် တစ်နည်းအားဖြင့် သူ့ရဲ့ အာဘော် တစ်ခုခုကို တစ်ကွက်ကောင်း၊ တစ်ချက်ကောင်းနဲ့ ဖန်တီးရေးဖွဲ့လေ့ ရှိပါတယ်။
ဝတ္ထုတိုမှာ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံဆိုတဲ့ အခြေခံအင်္ဂါရပ်တွေ ပါရှိပါတယ်။ ဝတ္ထုတိုတွေကို     လေ့လာရာမှာ ဒီအခြေခံအင်္ဂါရပ်တွေပေါ်မူတည်ပြီး ဝတ္ထုရဲ့အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ ကာလဒေသနောက်ခံဖန်တီးပုံ၊ အရေးအဖွဲ့၊ ရသနဲ့ အသိအမြင်ဆိုတဲ့ အစီအစဉ်တွေနဲ့ လေ့လာရမှာဖြစ်ပါတယ်။
ဝတ္ထု အာဘော် ဆိုတာကတော့ ဝတ္ထုကိုရေးသူရဲ့  ဆိုလိုချက် ဖြစ်ပါတယ်။ ဝတ္ထုတိုရေးဆရာရဲ့ ရည်ရွယ်ချက်လို့လည်း   ဆိုနိုင်ပါတယ်။ ဝတ္ထုတိုရေးသူဟာ ဝတ္ထုတိုမှာ မိမိရဲ့ဆိုလိုချက်(အာဘော်)ကို ပေါ်လွင် အောင်ရေးဖွဲ့လေ့ရှိပါတယ်။ စာဖတ်သူအနေနဲ့လည်း ဝတ္ထုတိုတစ်ပုဒ် ဖတ်ပြီးသွားတဲ့အခါ ဝတ္ထုတိုရေးဆရာဟာ ဘာကိုဆိုလိုတယ်၊ သူ့ဝတ္ထု ဟာ ဘာကိုပြောချင်တယ်၊ ဒီဝတ္ထုတိုရဲ့ ရည်ရွယ်ချက်ဟာ ဘာဖြစ်တယ် ဆိုတဲ့ ဆိုလိုချက် (အာဘော်) ကို နားလည်သွားမြဲ ဖြစ်ပါတယ်။ 
ဇာတ်လမ်းဖန်တီးပုံ ဆိုတာကတော့ ဇာတ်လမ်းဖြစ်ရပ်တွေကို ဖန်တီးတဲ့နေရာမှာ သူ့ဘက်ကိုယ့်ဘက်အားပြိုင်မှုတွေကို ဖန်တီးတာ၊ ဖြစ်ရပ်တွေကို ကြောင်းကျိုးဆက်စပ်ပြတာ၊ ရှေ့ပိုင်းမှာ မြှုပ်ထားတဲ့ မြှုပ်ကွက်တွေကို နောက်ပိုင်းမှာ ပြန်ဖော်လိုက်တာ၊ နောက်ပိုင်းမှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေကို ရှေ့ပိုင်းမှာ ကြိုတင်အရိပ် နိမိတ်ခင်းပြတာ စတဲ့ အတတ်ပညာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ် နှစ်သက်စိတ်ဝင်စားဖွယ် ဖြစ်အောင် ဖန်တီးတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဇာတ်ဆောင်ဖန်တီးပုံ ဆိုတာကတော့ ဇာတ်လမ်းမှာပါဝင်ရတဲ့ ဇာတ်ဆောင်တွေကို အသက်ဝင်လာအောင် စရိုက်သဘာဝထင်ရှား လာအောင် ဖန်တီးရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်တယ်။ ဇာတ်ဆောင် ဖန်တီးရာမှာ ဇာတ်ဆောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ ပေါ်လွင်လာအောင် ဇာတ်ဆောင်တွေရဲ့ ပုံပန်းသွင်ပြင်၊ အပြုအမူ၊ အပြောအဆို၊ ဇာတ်ဆောင်အချင်းချင်း ပြောဆိုပြုမူပုံတွေနဲ့ ပုံဖော် ဖန်တီးလေ့ရှိပါတယ်။ ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာလို့ဆိုအပ်တဲ့ ကိုယ်နှုတ် နှလုံးသုံးပါးအမူအရာကို ပေါ်လွင်အောင် ရေးဖွဲ့တာဟာ ဇာတ်ဆောင်ဖန်တီးပုံပါပဲ။
နောက်ခံဖန်တီးပုံ ဆိုတာကတော့   ဇာတ်လမ်းဖြစ်ပျက်ရာ နောက်ခံအချိန်ကာလနဲ့   နေရာဒေသတွေကို   ဖန်တီးရေးဖွဲ့ခြင်းဖြစ်တယ်။ ဝတ္ထုတိုရေးသူဟာ ဒီနောက်ခံအကြောင်းအချက်တွေကို ဝတ္ထုတိုရေးတဲ့ ခေတ်အခြေအနေ၊ စာရေးဆရာကျင်လည်တဲ့ လူမှုဝန်းကျင်အခြေအနေ တွေနဲ့ ထင်ဟပ်ပြီး ဖန်တီးရေးဖွဲ့လေ့ရှိပါတယ်။
ဝတ္ထုတိုရဲ့ အရေးအဖွဲ့ပိုင်းကို လေ့လာရာမှာတော့ စာရေးသူရဲ့ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံတို့ ပေါ်လွင်အောင် စကားသုံးနှုန်းပုံ၊ ဝါကျဖွဲ့ပုံ၊ အလင်္ကာ၊ အဆင်တန်ဆာသုံးပုံတို့ကို လေ့လာရမှာ ဖြစ်ပါတယ်။
ဝတ္ထုတိုကပေးတဲ့  ရသနဲ့ အသိအမြင် ဆိုတာကတော့ ဝတ္ထုတို တစ်ပုဒ်ကို ဖတ်ပြီးတဲ့နောက် စာဖတ်သူစိတ်ထဲ ဘယ်လိုနှစ်သက်မှုမျိုး ခံစားရပြီး ဘယ်လိုသင်ခန်းစာ၊ ဘယ်လို ဘဝအသိအမြင်မျိုး ရတယ် ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဝတ္ထုတိုမှာ ဒီအချက်ဟာ အရေးပါ တဲ့အလျောက် ဝတ္ထုတို လေ့လာသူတစ်ယောက်အနေနဲ့ ဒီအချက်ကိုလည်း အလေးထားရမှာ ဖြစ်တယ်။
ဝတ္ထုတို လေ့လာမှုအနေနဲ့   စာရေးဆရာမောင်ထင်ရဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ ထားဝယ်လုံချည် ဝတ္ထုတိုကို သာဓကအဖြစ် လေ့လာ ပြပါမယ်။
ဒီဝတ္ထုတိုဟာ လူ့သဘောလူ့သဘာဝကို ဖော်ကျူးလိုတဲ့ ရည်ရွယ် ချက်နဲ့ရေးခဲ့တဲ့  ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါတယ်။ လူသားတို့ရဲ့သဘာဝမှာ လင်နဲ့မယား   ရန်ဖြစ်တတ်တယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး မိမိနှင့် မသက်ဆိုင်ပါဘဲနှင့် သူတစ်ပါးလင်မယားအကြား ကြားဝင်ဖြေရှင်းရင် ဖြေရှင်းမိသူ မိမိသာ ဒုက္ခရောက်ရတတ်တယ်ဆိုတဲ့ လူ့သဘောလူ့သဘာဝ ကို သတိပြုမိစေလိုတဲ့ စာရေးသူရဲ့ အာဘော် ကို တွေ့ရမှာဖြစ်ပါတယ်။
ဒီအာဘော်ကို ပေါ်လွင်စေဖို့ စာရေးသူဟာ မြင်းပန်းထိမ်ဆရာနဲ့ မြင်းပန်းထိမ်မိန်းမတို့ နေ့စဉ်လိုလို ရန်ဖြစ်ရင်း လင်မယား အချစ်စမ်း တတ်ပုံ၊ အဲဒီလိုရန်ဖြစ်နေကျအတိုင်း ရန်ဖြစ်နေစဉ် မြင်းပန်းထိမ်ဆရာက သူ့မိန်းမကို နှိပ်စက်နေခိုက် ယင်းဖြစ်ရပ်ကို မြင်သွားသော ကိုဒေါင်းဟာ ဘယ်လိုမှ ကြည့်မရတော့တဲ့အတွက်  လောက်လေးဖြင့်ဝင်ပစ်ပုံ၊ ကိုဒေါင်းပစ်ခတ်လိုက်သော လောက်စာလုံးက မြင်းပန်းထိမ်ဆရာ၏ နားထင်ကို   ပြင်းထန်စွာထိမှန်သွားပုံ၊ မြင်းပန်းထိမ်ဆရာ အိမ်ထဲ ဝင်ပြေးသွားသော်လည်း ကိုဒေါင်းက အိမ်တွင်းထရံကို တဖုန်းဖုန်းမြည် အောင် လောက်လေးဖြင့် ဆက်ပစ်နေပုံ၊ နောက်ဆုံးတစ်ချက်ထပ်ပစ် မည်အလုပ်တွင် ထပ်ပစ်ခွင့်မရတော့ဘဲ မြင်းပန်းထိမ် မိန်းမကိုယ်တိုင် ကိုဒေါင်းကို လက်ရဖမ်း၍ ရဲစခန်းသို့ ခေါ်ဆောင်သွားပုံ၊ ရဲစခန်းတွင် မြင်းပန်းထိမ်မိန်းမရဲ့ အတိုင်ခံရပုံ၊ ရာဇဝတ်အုပ်မင်းက ကိုဒေါင်းအား ငွေငါးကျပ်ဒဏ်ရိုက်လိုက်ပုံ၊ ကိုဒေါင်းခမျာ သူ့အစ်မဝယ်ပေးထားသော ထားဝယ်လုံချည်အသစ်ကလေးကို အပေါင်ဆိုင်တွင် (အဆုံး) အပေါင်ခံ ၍ ဒဏ်ငွေပေးဆောင်လိုက်ရပုံ ဖြစ်ရပ်ကလေးဖြင့် ဇာတ်လမ်းဆင်ကာ သူတစ်ပါးလင်မယားအကြားကို ကြားဝင်ဖြေရှင်းမိသဖြင့် ဒုက္ခလှလှ ရောက်ရသူ   ကိုဒေါင်းရဲ့  စိတ်အမူအရာ၊   ကိုယ်အမူအရာတွေနဲ့ ဇာတ်လမ်း ဖန်တီးထားပါတယ်။ မတရားလုပ်တာကိုမြင်ပြီး မခံချင်စိတ် ကြောင့် ဝင်၍ဖြေရှင်းရာမှ ဒုက္ခရောက်ရသူ ကိုဒေါင်းရဲ့ ထားဝယ်လုံချည် အသစ်ကလေး  ဆုံးရှုံးသွားရပုံကို   ရယ်စရာဖြစ်အောင်  ဖြစ်ရပ်စဉ် ချိတ်ဆက်ပြီး ဇာတ်လမ်းဆင်ရေးဖွဲ့ထားတယ်။
ဒီဝတ္ထုတိုမှာ အဓိက ဇာတ်ဆောင် တွေကတော့ မြင်းပန်းထိမ် လင်မယားနဲ့ မခံချင်သူ ကိုဒေါင်းတို့ပဲ ဖြစ်ပါတယ်။   မြင်းပန်းထိမ် လင်မယားဟာ  ဘေးပတ်ဝန်းကျင်ကို    အားမနာဘဲ   မကြာခဏ လင်မယားချင်းရန်ဖြစ်ရင်း အချစ်စမ်းတတ်ကြပါတယ်။ အဲဒီလို  လူမြင် မကောင်း လူကြားမကောင်း ရန်ဖြစ်နေတာကို ကြားကနေ  မခံချင်ဘဲ  ဝင်ဖြေရှင်းတဲ့ ကိုဒေါင်းဟာ လင်မယားတို့ရဲ့သဘာဝကို နားမလည်တဲ့ အတွက်ကြောင့် ရဲစခန်းမှာ အမှုဖြစ်ရပြီး ဒဏ်ငွေငါးကျပ် အတပ်ခံခဲ့ရပုံ၊ ဒဏ်ငွေဆောင်စရာ ပိုက်ဆံမရှိတဲ့ ကိုဒေါင်းဟာ သူ့အစ်မ လက်ဆောင် ဝယ်ပေးထားတဲ့ ထားဝယ်လုံချည်အသစ်ကလေးကို အပေါင်ဆိုင်မှာပေါင်ပြီး ဒဏ်ငွေ ဆောင်လိုက်ရပုံ၊ နောက်ပိုင်းမှာ ပြန်၍လည်း   မရွေးနိုင်တော့သဖြင့် အဆုံးခံလိုက်ရပုံတို့ဖြင့် သရုပ်ဖော်ပြီး ထားဝယ်လုံချည်ဆိုတဲ့ လှပတဲ့ နိမိတ်ပုံကလေးဖြင့် ဇာတ်ဆောင်တို့ရဲ့ စရိုက်အမူအရာကို ပေါ်လွင်စွာ ရေးဖွဲ့ထားပါတယ်။
ကာလဒေသနောက်ခံ အနေနဲ့ကတော့     မိုးကလေးတစိမ့်စိမ့် ရွာနေတဲ့အချိန်၊ မြင်းပန်းထိမ်လင်မယား၏ အိမ်ရှေ့လမ်းမပေါ်တို့ဖြစ်ပြီး ရဲစခန်းအရောက်တွင် ရဲများဝိုင်းလာပုံ၊ လူစုလူဝေး ဖြစ်ပေါ်လာပုံတို့ဖြင့် သရုပ်ဖော်ပြီး ကာလနောက်ခံ၊ ဒေသနောက်ခံ၊ လူမှုနောက်ခံတွေကို ဖန်တီးတင်ပြထားခြင်း ဖြစ်ပါတယ်။ 
ဒီဝတ္ထုရဲ့ အရေးအဖွဲ့ပိုင်း ကို လေ့လာရာမှာတော့ ဇာတ်ဆောင် အချင်းချင်း အပြန်အလှန်ပြောစကားတွေ၊  လွယ်ကူရှင်းလင်းတဲ့ စကားသုံးတွေ၊ ဖျတ်လတ်သွက်လက်တဲ့ ရေးဟန်တွေ၊ ပေါ်လွင်ထိမိ တဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ထားပုံတွေကို   ဖော်ထုတ်လေ့လာရမှာ ဖြစ်ပါတယ်။ ရေးဟန်အနေနဲ့ကတော့ စာဖတ်သူကို စာရေးသူရှုထောင့်က ဝင်ကြည့်ခိုင်းတဲ့ ရေးဟန်မျိုးဖြစ်တယ်။
ရသနဲ့ အသိအမြင် ပိုင်းမှာတော့ လင်မယားတို့သဘာဝ ရန်ဖြစ်ရင်း အချစ်စမ်းတတ်ပုံကို နှစ်သက်ကြည်နူးစိတ်ဖြစ်ပေါ်လာစေတဲ့ သိင်္ဂါရ ရသကို ပေးစွမ်းနိုင်တယ်။ လင်မယားရန်ဖြစ်နေတာ ကြမ်းတမ်းလွန်း လှတဲ့အတွက် ရုဒ္ဒရသကို ပေးစွမ်းနိုင်ပါတယ်။ ကြားကနေ မနေနိုင် မထိုင်နိုင် လောက်လေးနဲ့ဝင်ပစ်တဲ့ ကိုဒေါင်းရဲ့ အမူအရာကိုကြည့်ပြီး အံ့အားသင့်ရတဲ့ အဗ္ဘုတရသကို  အပြည့်အဝ  ခံစားရမိနိုင်ပါတယ်။ မိမိဘက်ကဝင်ကူတဲ့ ကိုဒေါင်းကို ရဲစခန်းဆွဲခေါ်သွားတဲ့ မြင်းပန်းထိမ် မိန်းမရဲ့အပြုအမူကလည်း အံ့အားသင့်စရာဖြစ်လို့  အဗ္ဘုတရသကို ခံစားရပြန်ပါတယ်။ နောက်ဆုံးမှာ ဒဏ်ငွေငါးကျပ် ဆောင်လိုက်ရတဲ့ ကိုဒေါင်းရဲ့အဖြစ်ကတော့ သနားစရာကောင်းတဲ့ ကရုဏာ ရသခံစားရပြီး ထားဝယ်လုံချည်ကို ပေါင်ပြီး အဆုံးခံလိုက်ရတဲ့ ကိုဒေါင်းရဲ့ အဖြစ်က တော့ ရယ်စရာကောင်းတဲ့ ဟဿရသကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီလို ခံစားမိရင်း လူ့စိတ်လူ့သဘောဆိုတာ ဒီလိုပါလားဆိုတဲ့ အသိအမြင်ကို ရရှိစေတယ်။ လူဆိုတာ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်သင့်ပါလား၊ သူများလင်မယားကြားကို မဝင်သင့်ပါလားဆိုတဲ့ အသိအမြင်တွေကို ရရှိလာစေပါတယ်။
မေးခွန်းတစ်ပုဒ်ချင်း ရှင်းလင်းချက်
မေးခွန်းနံပါတ် ၁
စိတ်ကြိုက်မြန်မာစာမေးခွန်းမှာ မေးခွန်းနံပါတ် ၁ ဟာ ဓမ္မဓိဋ္ဌာန် မေးခွန်း ဖြစ်ပါတယ်။ မေးခွန်း (က)၊ မေးခွန်း(ခ) နဲ့ မေးခွန်း(ဂ) ဆိုပြီး ပုဒ်ခွဲ (၃) ပုဒ် ပါဝင်ပါတယ်။
 မေးခွန်း ၁။ (က) အနေနဲ့ မှား/မှန်ရောထွေး  အမှန်ရွေးသည့် မေးခွန်းကို မေးပါတယ်။ ပြဋ္ဌာန်းစာအုပ်အားလုံးထဲက မေးမှာ ဖြစ်ပါ တယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၁။ (က)     အောက်ပါတို့ကို မှားလျှင် (မှား)၊     (၁၀ မှတ်)
        မှန်လျှင် (မှန်) ဟု ဖြေပါ။                         
        (၁)     အီနောင်နန်းတွင်းဇာတ်တော်ကြီးကို မြဝတီ    မင်းကြီး ဦးစ ရေးသားခဲ့သည်။
    မေးခွန်း ၁။ (ခ) အနေနဲ့ကတော့ ကွက်လပ်ဖြည့်ရတဲ့ မေးခွန်း ဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်အားလုံးထဲက မေးမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၁။     (ခ)     အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။            (၁၀ မှတ်)
        (၁)     မဏိကက်ပြဇာတ်သည် တွေ့ရှိရသမျှ ပြဇာတ်များ တွင် ---------- ပြဇာတ်ဖြစ်သည်။


    မေးခွန်း ၁။ (ဂ) အနေနဲ့ကတော့ ပေးထားတဲ့    ရွေးချယ်စရာ အများထဲက အမှန်တစ်ခုကိုသာ ရွေးချယ်ရသည့်မေးခွန်း ဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်အားလုံးထဲက မေးမှာ ဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၁။     (ဂ)     အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။           (၁၀ မှတ်)
        (၁)     လှိုင်ထိပ်ခေါင်တင်သည်-----------------------------နန်းတွင်းဇာတ်တော်ကြီးကို ရေးသား ခဲ့သည်။
            (က)အီနောင် (ခ)ဣန္ဒာဝံသ (ဂ)ဝိဇယကာရီ
အခုမေးတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းပုံစံဟာ သင်ရိုးသစ်၊ မေးခွန်းပုံစံသစ်ရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ အမှန် တကယ် သဘောပေါက်၊ မပေါက်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ ပြဋ္ဌာန်းစာတွေ ကျေညက်၊ မကျေညက် ကိုလည်း ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဉာဏ်စမ်းမေးခွန်းတွေကိုလည်း ဖန်တီးမေးမြန်းနိုင်ပါတယ်။ ဒါကြောင့် အမှန်တကယ် သဘောပေါက် နားလည်ထားရင် အမှတ်ပြည့်ရနိုင်တဲ့ မေးခွန်းပုံစံဖြစ်ပါတယ်။
မေးခွန်းနံပါတ် ၂
မေးခွန်းနံပါတ် ၂ ကတော့ မှတ်စုတိုမေးခွန်းဖြစ်ပါတယ်။ မေးခွန်း (၅)ပုဒ်မေးပြီး (၄)ခုကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ တစ်ပုဒ်ကို (၅) မှတ်ပေးပြီး စုစုပေါင်း အမှတ် (၂၀) ရနိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်(၄)အုပ်စလုံးထဲက မေးမှာဖြစ်ပါတယ်။ မြန်မာပြဇာတ်ထဲက (၁)ပုဒ်၊ မြန်မာဝတ္ထုတိုထဲက (၁)ပုဒ်၊ မြန်မာစကားပြေထဲက (၁)ပုဒ်၊ စာအရေးအသားလမ်းညွှန်ထဲက (၁)ပုဒ်၊ မြန်မာစာပေသမိုင်းထဲက (၁)ပုဒ်မေးမယ်လို့ ဆိုလိုပါတယ်။  ပေးမှတ်ကတော့ (၂၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၂။     အောက်ပါတို့မှ (၄)ခုကို မှတ်စုရေးပါ။    (၂၀ မှတ်)
    (က)     ဒေဝကုမ္ဘန်ပြဇာတ်မှ ဆိုင်းဆင့်အဖွဲ့တစ်ခု
    (ခ)     ထားဝယ်လုံချည်ဝတ္ထုတိုမှ ဟာသအဖွဲ့တစ်ခု
    (ဂ)     ဥပါယ်တံမျဉ် ငါးပါး
    (ဃ)    မြန်မာစကားပြေအရေးအသားတွင် သတိပြုရေးသား ရမည့်အချက်များ
    (င)     စာပေသစ်လှုပ်ရှားမှု
ဒီမေးခွန်းကို ဖြေဆိုတဲ့အခါမှာ မတိုမရှည် အပိုအလိုမရှိ ဖြေဆို သင့်ကြပါတယ်။ အမှတ်ပြည့်ရနိုင်တဲ့ မေးခွန်းပုံစံ ဖြစ်ပါတယ်။
မေးခွန်းနံပါတ် ၃
မေးခွန်းနံပါတ် ၃ ကတော့ မြန်မာပြဇာတ်နှင့်  မြန်မာဝတ္ထုတို မေးခွန်းရှည် ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၃ (က) မှာ မြန်မာဝတ္ထုတို မေးခွန်းရှည် (၂)ပုဒ်မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ မေးခွန်နံပါတ် ၃ (ခ) မှာ မြန်မာပြဇာတ်မေးခွန်းရှည် (၂)ပုဒ်မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို   ရွေးချယ်ဖြေဆိုရမှာ   ဖြစ်ပါတယ်။   ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၃။     (က)     အောက်ပါတို့အနက် နှစ်သက်ရာ     (၁၀ မှတ်)
            တစ်ခု ကို ဖြေဆိုပါ။  
            ရာမမင်းသား လေးတင်ခန်းမှ ရာမမင်း၏ ဘုန်းလက်ရုံး နှင့် အောင်ပွဲဆင်ပုံ
            ထားဝယ်လုံချည်ဝတ္ထုတို၏ ဇာတ်လမ်းအတင်အပြ
            (ခ)     အောက်ပါတို့အနက် နှစ်သက်ရာ    (၁၀ မှတ်)
            တစ်ခု ကို ဖြေဆိုပါ။    
            ဒေဝကုမ္ဘန်ပြဇာတ်မှ ဒေဝကုမ္ဘန်၏စရိုက်
             ဗြဟ္မစရိယပြဇာတ်၏ ရည်ရွယ်ချက်နှင့် ပို့ဆောင်ပုံ 
ဒီမေးခွန်းအတွက် အကြံပေးလိုတာက မေးခွန်းက ဘာကိုတောင်းဆို နေတယ်ဆိုတာ သေသေချာချာသိအောင်အားထုတ်ပြီးမှ  ဖြေဆိုသင့်ကြ ပါတယ်။ မေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုမှ အမှတ်များများရနိုင်တဲ့ မေးခွန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။
မေးခွန်းနံပါတ် ၄
မေးခွန်းနံပါတ် ၄ ကတော့ မြန်မာစကားပြေ မေးခွန်းရှည် ဖြစ်ပါ တယ်။ အခန်း(၁) ရှေးစကားပြေ၊ အခန်း(၂) ခေတ်စကားပြေ၊ အခန်း(၃) ရသစာတမ်းတွေထဲက မေးခွန်းရှည် (၂)ပုဒ် မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို   ရွေးချယ်ဖြေဆိုရမှာ  ဖြစ်ပါတယ်။   ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၄။     အောက်ပါတို့အနက် နှစ်သက်ရာ      (၁၀ မှတ်)
        တစ်ခုကို ဖြေဆိုပါ။    
        -     တူရွင်းတောင်ဘုရားကျောက်စာပါ အကြောင်းအရာ
        -     အနုအရင့် ရသစာတမ်းသည် စကားပြေကောင်းတစ်ပုဒ် ဖြစ်ကြောင်း
ဒီမေးခွန်းအတွက် အကြံပေးလိုတာကတော့ အထက်ကမေးခွန်း လိုပါပဲ။ မေးခွန်းက ဘာကို တောင်းဆိုနေတယ်ဆိုတာ သေသေချာချာ သိအောင်အားထုတ်ပြီးမှ ဖြေဆိုသင့်ကြပါတယ်။ မေးခွန်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဖြေဆိုမှ အမှတ်များများရနိုင်တဲ့မေးခွန်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
မေးခွန်းနံပါတ် ၅
မေးခွန်းနံပါတ် ၅ ကတော့  စာအရေးအသားလမ်းညွှန်ဆိုင်ရာ မေးခွန်းရှည် ဖြစ်ပါတယ်။    စာအရေးအသားလမ်းညွှန်စာအုပ်ပါ အကြောင်းအရာ (၁၀)ခုထဲက မေးခွန်းရှည် (၂)ပုဒ်  မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၅။     အောက်ပါတို့အနက် နှစ်သက်ရာ      (၁၀ မှတ်)
        တစ်ခု ကို ဖြေဆိုပါ။                                              
        -     စိတ်ကိုရေးသောအတတ် ဆောင်းပါးမှ ပီမိုးနင်း၏ အမြင်
        -    စု၊ တု၊ ပြု ဆောင်းပါးမှ စာရေးရာတွင် နည်းမှီးခံယူသင့်သော အချက်များ
ဒီမေးခွန်းအတွက် အကြံပေးလိုတာကလည်း အထက်က မေးခွန်း လိုပါပဲ။ မေးခွန်းက ဘာကို တောင်းဆိုနေတယ်ဆိုတာ သေသေချာချာ သိအောင်အားထုတ်ပြီးမှ ဖြေဆိုသင့်ကြပါတယ်။ မေးခွန်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဖြေဆိုမှ  အမှတ်များများရနိုင်တဲ့   မေးခွန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။
မေးခွန်းနံပါတ် ၆
မေးခွန်းနံပါတ် ၆ ကတော့ မြန်မာစာပေသမိုင်းဆိုင်ရာ မေးခွန်းရှည် ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းစာအုပ်ပါ   ကိုလိုနီခေတ်စာပေနဲ့ လွတ်လပ်ရေးခေတ်စာပေ  အကြောင်းအရာတွေထဲက  မေးခွန်းရှည် (၂)ပုဒ်မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါ တယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။ 
နမူနာ
    ၆။     အောက်ပါတို့အနက် နှစ်သက်ရာ     (၁၀ မှတ်)
         တစ်ခုကို ဖြေဆိုပါ။   
        -     မြန်မာစာပေသမိုင်းမှ ကိုလိုနီခေတ် ခေတ်စမ်းစာပေလှုပ်ရှားမှု
        -     မြန်မာစာပေသမိုင်းမှ လွတ်လပ်ရေးခေတ်ဝတ္ထုများ
စိတ်ကြိုက်မြန်မာစာဟာ မေးခွန်းကြီးအနေနဲ့ (၆) ပုဒ်ပဲ ဖြေရပြီး တော့ ဓမ္မဓိဋ္ဌာန်မေးခွန်းနဲ့ မှတ်စုတိုမေးခွန်းတို့ပါဝင်ပြီး မေးခွန်းရှည် အနေနဲ့ကတော့ ပြဋ္ဌာန်းစာအုပ် (၄) အုပ်မှာ မြန်မာပြဇာတ်နှင့် မြန်မာ ဝတ္ထုတိုက (၂)ပုဒ်မေးပြီး ကျန်(၃)အုပ်က (၁)အုပ်ကို (၁)ပုဒ်စီမေးမှာ  ဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းအားလုံးဖြေဆိုဖို့ အရေးကြီးပါတယ်။ ပြဋ္ဌာန်းစာအုပ်(၄)အုပ်လုံးကို စိတ်ပါဝင်စားစွာနဲ့ စနစ်တကျလေ့လာ ကျက်မှတ်ထားမယ်ဆိုရင် မေးခွန်းအားလုံးကို အခက်အခဲမရှိ ဖြေဆို နိုင်ကြမှာ ဖြစ်ပါတယ်။
သင်ရိုးသစ်  စိတ်ကြိုက်မြန်မာစာဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူများအားလုံး ၂၀၂၄ ခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ထူးချွန်စွာဖြေဆိုနိုင်ပြီး မိမိရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ပို့ချချက်ကို ရပ်နားလိုက်ပါ တယ်။    ။