၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်

 

နေပြည်တော် မေ ၁၃

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာ ထုတ်ပြန်ခြင်းဖြင့် ဒေသအလိုက် လူဦးရေပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားရေးကွာဟချက်များကို ဖော်ထုတ်နိုင်ပြီး စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုသည့်အစီအမံများ၊ ဆုံးဖြတ်ချက် များချမှတ်ရာတွင် ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အစီရင်ခံစာပါအချက်အလက်များကိုအခြေခံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်းအခြေအနေကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက အချက်အလက်များအပေါ် အခြေခံကာ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုင်ရာ တိုင်းဒေသကြီး အစီရင်ခံစာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ အားကစားခန်းမ၌ ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် e-ID စနစ်ဖြင့် UID ထုတ်ယူဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကာယကံရှင်တစ်ဦးချင်းထံပေးအပ်ကာ မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

သတင်းစဉ်