
နေပြည်တော် ဇူလိုင် ၁၁
၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန - ၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင် စာရင်း ကော်မရှင်နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြော ကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြော ကြားရာတွင် ကမ္ဘာပေါ်တွင် အရေးတကြီးဖြေရှင်း ရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသား အားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် များကို အာရုံစူးစိုက်မိလာစေရန်ရည်ရွယ်၍ ကုလသမဂ္ဂ က ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဇူလိုင် ၁၁ ရက်တွင် အထိမ်း အမှတ် အခမ်းအနားများကို ကျင်းပလာခဲ့ကြောင်း။
လူသားအားလုံးကျန်းမာကြံ့ခိုင်ပြီး ဘဝအရည် အသွေး တိုးတက်ကောင်းမွန်စေရေးနှင့် သာယာဝ ပြောသည့် လူ့ဘောင်သစ် တည်ထောင်နိုင်ရေး အတွက် မျိုးဆက်ပွားကျန်းမာရေး၏ အရေးပါမှု၊ ကျား - မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ မိခင်နှင့် ကလေးကျန်းမာရေး စသည့်လူဦးရေနှင့် ကောင်းမွန် သော အလေ့အထများ မြှင့်တင်နိုင်ရန်၊ ပြည်တွင်း ပြည်ပလူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သတင်းအချက် အလက်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။
နှစ်စဉ်ကျင်းပလာခဲ့
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့အထိမ်း အမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှစတင် ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယနေ့ ကျင်းပသည့် အခမ်းအနားသည် (၃၄) ကြိမ်မြောက် အခမ်းအနား ဖြစ်ကြောင်း။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက် က ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်ပြီဟု ကုလသမဂ္ဂ က ထုတ်ပြန်ခဲ့ကြောင်း၊ ကမ္ဘာ့လူဦးရေသန်းရှစ်ထောင် ပြည့်ခြင်းသည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးတက် လာမှုကို လေ့လာကြည့်မည်ဆိုပါက သန်းတစ်ထောင် မှ နှစ်ထောင် တိုးပွားရန် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ် ကျော်၊ သန်းနှစ်ထောင်မှ သန်းသုံးထောင် တိုးပွားရန် နှစ်ပေါင်း သုံးဆယ်ကျော် ကြာမြင့်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် သန်းတစ်ထောင်တိုးရန် ဆယ်စုနှစ် တစ်ခုကျော်သာ ကြာမြင့်လာတော့ ကြောင်း၊ ကမ္ဘာ့လူဦးရေ သန်းခုနစ်ထောင်မှရှစ်ထောင် ပြည့်ရန် (၁၂) နှစ်သာကြာမြင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ လူဦးရေအလျင်အမြန် တိုးတက်လာခြင်းသည် လူများ ၏ ကျန်းမာရေး၊ အစာအာဟာရ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆေးဝါးများ တိုးတက်ကောင်းမွန် လာခြင်း၏ အကျိုးဆက်အဖြစ် လူ့သက်တမ်းများ ပိုမိုရှည်ကြာလာခြင်းကြောင့် ဖြစ်ကြောင်း။
သို့သော် ကမ္ဘာ့လူဦးရေ လျင်မြန်စွာတိုးပွားလာခြင်းနှင့်အတူ နိုင်ငံအများစုတွင် တန်းတူညီမျှမှု မရှိ ခြင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုပိုများလာခြင်း၊ စားနပ် ရိက္ခာ မပြည့်စုံခြင်း၊ ရေရှားပါးပြတ်လပ်ခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းများကြောင့် ဖြစ်ပေါ်လာ သည့် သဘာဝဘေးအန္တရာယ်ဆိုးများကို ခံစားနေကြ ရသူများလည်း တိုးပွားလာသည်ကို တွေ့ရကြောင်း။
ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် မွေးဖွား နှုန်း ကျဆင်းလာခြင်းကြောင့် လုပ်သားအင်အား ရှားပါးလာပြီး သက်ကြီးရွယ်အို များပြားလာသည့် အခြေအနေကို ရင်ဆိုင်နေကြရသကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှုနှေးကွေးသည့် နိုင်ငံများတွင် လူဦးရေ တိုးပွားမှုမြန်ဆန်လာသည့်အတွက် ၎င်းတို့၏ နေ့စဉ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမို လှုပ်ရှား ရုန်းကန်နေကြရကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် တစ်ရက်လျှင် နှစ်ဒေါ်လာ အောက်သာ ရရှိသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် တွင် ရောက်ရှိနေကြသည်ကို သတိပြုကြရမည်ဖြစ် ကြောင်း။
သဘောတူညီ
ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရန်၊ ကမ္ဘာမြေကိုကာကွယ်ရန်နှင့် လူအားလုံး၏ ဘဝနှင့် မျှော်လင့်ချက်များ တိုးတက်ကောင်းမွန်လာစေရန် စသည်တို့ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရေးယူဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့က “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ” ကို ပန်းတိုင် ၁၇ ခု၊ ဦးတည်ချက် ၁၆၉ ခုဖြင့်ရေးဆွဲထားရှိကြောင်း၊ အဆိုပါ ပန်းတိုင်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်မှုရှိစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား - မ တန်းတူညီမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံကိုလည်း ငြိမ်းချမ်းပြီး သာယာ ဝပြောသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်စေရေး ရည်မှန်းပြီး “ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း” ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း။
မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများကို ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ၍ လူဦးရေခန့်မှန်းတွက်ချက်မှုအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ ဒသမ ၇ သန်း ကျော်ရှိလာခဲ့ပြီး ၂၀၃၀ ပြည့်နှစ် တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်း ထားကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ကာလသည် လူဦးရေ ဆုလာဘ်ကို ရရှိခံစားနေချိန်ဖြစ်သည့် အတွက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်လူရွယ်များ၏ စွမ်းအားဖြင့် အမျိုးသမီးများ၏ အင်အားကို ထိရောက်စွာ ထည့်သွင်းအသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင် သက်ကြီး ရွယ်အို လူဦးရေများပြားလာမည်ဖြစ်၍ လူမှုကာကွယ် စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်နှင့် သက်ကြီးရွယ်အိုများနှင့် သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို လည်း ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း။
တစ်ဆက်တည်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များသို့ ရောက်ရှိနိုင်ရေးဆောင်ရွက်လျက် ရှိရာ လူငယ်ရေးရာမူဝါဒ၊ မြန်မာ့ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ စသည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျား- မ တန်းတူ ညီမျှမှုရှိစေရေး အမျိုးသမီးများနှင့် အမျိုးသမီးငယ် များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဖော်ဆောင် ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များ၏ ပန်းတိုင် ၅ ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကျား - မ တန်းတူညီမျှရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း - ၁၊ ပုဒ်မ - ၂၁၊ ပုဒ်မခွဲ - က နှင့် အခန်း - ၈ ၊ ပုဒ်မ ၃၄၈ တို့တွင် သတ်မှတ်ပြဋ္ဌာန်းပေးထားသည်ကို တွေ့ရမည်ဖြစ် ကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် “ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်’’ ကို လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည် ဖော်ဆောင်ရွက်မှု အစီရင်ခံစာကို ရေးသားပြုစု တင်သွင်းလျက်ရှိကြောင်း၊ အလားတူ “အာဆီယံ အမျိုးသမီးကော်မတီ” တွင် အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ “အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် များ၏ အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကော်မတီ” တွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း နိုင်ငံတကာနှင့် ဒေသတွင်း၌ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် “ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း” ကို ကျား၊ မရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း၊ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဒုတိယအဆင့် ရေးဆွဲရေးလုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံ၌ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီရန် ရည်ရွယ်ပြီး မိခင်သေဆုံးမှုများ လျော့နည်းကျဆင်းစေရေး၊ မျိုးဆက်ပွားနိုင်သောအရွယ်ရှိ အမျိုးသမီးများ အရည် အသွေးပြည့်ဝသော မိခင်ဖြစ်ရေးနှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်း လက်လှမ်းမီ ရရှိစေရေး ဦးစားပေးကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအားလုံး လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးများကို အပြည့်အဝ ခံစားခွင့်ရရှိစေရေး အတွက် “ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး နှင့် အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် မူဝါဒ” ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် “လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစ၊ ငါးနှစ်အောက်ကလေးနှင့် ဆယ်ကျော်သက်ဆိုင်ရာ ငါးနှစ်တာမဟာဗျူဟာ စီမံ ကိန်း (၂၀၂၁-၂၀၂၅)” ကိုလည်း ရေးဆွဲထားပြီး အဆိုပါ မဟာဗျူဟာစီမံကိန်းပါ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များအတိုင်း မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်
ကျား၊ မ အခြေပြု အကြမ်းဖက်မှု ခံစားနေရသော သူများအား ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှု ပေးနိုင်သည့်စင်တာများကို နေပြည်တော်၊ ပင်းတယ၊ မော်လမြိုင်၊ သထုံ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ ဖွင့်လှစ်စောင့်ရှောက်မှုပေး လျက်ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း။
ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို ချမှတ်ခဲ့ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေး များ ကာကွယ်စောင့်ရှောက်နိုင်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးကို အလေးပေးဆောင်ရွက်ရေး၊ ကျား- မ တန်းတူညီမျှမှုရှိစေရေး၊ မိသားစုစီမံကိန်း အကောင် အထည်ဖော်ရေးစသည်တို့ကို ပိုမိုတိုးမြှင့်လုပ်ဆောင် နိုင်ရေး တွန်းအားပေးသည့်အနေဖြင့် ဆောင်ပုဒ်များ သတ်မှတ်လာကြောင်း။
ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ကို ကုလသမဂ္ဂမှ ချမှတ်ထားသည့် လူဦးရေဆိုင်ရာမူဝါဒ များကို အခြေခံ၍ မိမိတို့နိုင်ငံအတွက် ဆွေးနွေး ဆုံးဖြတ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍများကို ထိရောက်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ထင်ဟပ် စေသည့် ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်း အမှတ် ဆောင်ပုဒ်သည် “ ကမ္ဘာ့လူ့ဘောင် သာယာဖို့ လူဦးရေနှင့် ဖွံ့ဖြိုးမှုဟန်ချက်ညီအောင်ကြိုးစားစို့” ဖြစ်ကြောင်း။
ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများချမှတ်
အဆိုပါ ဆောင်ပုဒ်မှ ပေးလိုသည့် အဓိကအချက် မှာ လူဦးရေ နည်းခြင်း၊ များခြင်း တစ်ခုတည်းဖြင့် နိုင်ငံတစ်နိုင်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာ၍မရဘဲ အဆိုပါနိုင်ငံတွင် ချမှတ်ထားသည့် ကောင်းမွန် မှန်ကန်သော မူဝါဒများအပေါ် အကောင်အထည်ဖော် နိုင်မှုနှင့် နိုင်ငံ၏ အခြေအနေပေါ်မူတည်၍ ကဏ္ဍ အလိုက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်မှုတို့သည် ပို၍အရေးကြီးသည် ကို အသိပေးလိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီ အောင် အသုံးချနိုင်ရန် လိုအပ်ကြောင်း။
မြန်မာနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အမျိုးသမီး များ၏ စွမ်းရည်မြှင့်တင်ရေး၊ ကျား - မ တန်းတူညီမျှ ရေး၊ မိသားစုစီမံကိန်း၊ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ကောင်း မွန်သည့် လူမှုဘဝများ ရရှိလာစေရန် ကြိုးပမ်းသွား ကြမည်ဖြစ်ကြောင်း။
ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင် ရှိလာခြင်းနှင့် အတူ လူဦးရေဆိုင်ရာ ပြောင်းလဲလာမှုကို လေ့လာ လျှင် ကမ္ဘာ့လူဦးရေသည် ဆက်လက်တိုးတက်နေဦး မည်ဖြစ်သော်လည်း လွန်ခဲ့သည့် ရာစုဝက်ခန့်က စတင်၍ ကလေးမွေးဖွားမှု ဆက်တိုက်ကျဆင်းလာ ခြင်းကြောင့် အနာဂတ်တွင် လူဦးရေတိုးနှုန်းသည် တဖြည်းဖြည်း နှေးကွေးလာနိုင်ကြောင်းလည်း ခန့်မှန်းရကြောင်း၊ မွေးဖွားမှုနှုန်းများ ကျဆင်းလာ ခြင်းနှင့်အတူ လူတို့၏ မျှော်မှန်းသက်တမ်းမြင့်လာ ခြင်းတို့ကြောင့် သက်ကြီးရွယ်အို အချိုးအစားပါဝင်မှု သည် တစ်နေ့တခြား များပြားလာနိုင်ကြောင်း။ သို့သော်လည်း မွေးဖွားနှုန်း ကျဆင်းလာသည့် နိုင်ငံ များသို့ မွေးဖွားနှုန်းများပြီး ဆင်းရဲသည့်နိုင်ငံများက ရွှေ့ပြောင်းလူဦးရေများ ဝင်ရောက်ခြင်းများ ရှိနေ သဖြင့် လူဦးရေတိုးပွားမှု ဆက်လျက်ရှိနေဦးမည် ဖြစ်ပြီး မူလရွှေ့ပြောင်းခဲ့သည့် နိုင်ငံများတွင် လူဦးရေ လျော့ကျမှုနှင့် တွေ့ကြုံနေရမည်ဖြစ်ကြောင်း။
ကမ္ဘာတစ်ဝန်း၌ မွေးဖွားစဉ် ယောက်ျားလေး အရေအတွက်သည် မိန်းကလေး အရေအတွက် ထက် ပိုမိုများပြားသော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုအသက်ရှည်စွာ နေထိုင်နိုင် ကြသည်ကို လေ့လာသိရှိရကြောင်း။
ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့ ရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း လူဦးရေဆိုင်ရာ ပြောင်းလဲလာမှုများမှ အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် လူဦးရေဆိုင်ရာ ပြောင်းလဲမှုမှ အခွင့်အလမ်းများ ရယူနိုင်ရန် ၁၀ နှစ် တစ်ကြိမ် မဖြစ်မနေဆောင်ရွက်ကြရသည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး အကြို စမ်းသပ်ဆောင်ရွက်ချက်အဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ အရေးကြီးသည့် လူဦးရေ အချက်အလက်များနှင့် မှန်ကန်သည့် ကိန်းဂဏန်း များရရှိမှသာ နိုင်ငံ၏ ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်းများ ပေါ်ထွက်ရရှိလာမည်ဖြစ် သကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီဖြစ်ပေါ်လာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေ ရေးအတွက် ကောင်းမွန်သည့် အနာဂတ်တည် ဆောက်နိုင်ရေး ဦးတည် ဆောင်ရွက်နိုင်မည်ဖြစ် သည့်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လို
ယနေ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားသို့ တက် ရောက်လာကြသူများအနေဖြင့် ကမ္ဘာ့အဆင့်မီစွာ မြန်မာနိုင်ငံ၏ လူဦးရေနှင့် ကိန်းဂဏန်းအချက် အလက်များ ရရှိအောင် လူဦးရေသန်းခေါင်စာရင်း ကောင်ယူမှုအဆင့်ဆင့်တွင် ပါဝင်ကူညီဆောင်ရွက် ခဲ့ကြသည့် ဌာန၊ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိ ကြောင်း၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း နှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ ကိုလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လို ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က မြန်မာနိုင်ငံ၌ လူဦးရေ ပြောင်းလဲမှုဖြစ်စဉ် နှင့် မူဝါဒဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင် ရေး အသိပညာပေး Video Clip ကို ပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်