၂၀၂၃ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပမည့်ကာလထုတ်ပြန်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၄


မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၃ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပမည့်ကာလ ထုတ်ပြန်ခဲ့ပြီး မတ်လမှ စက်တင်ဘာလအထိ ကျင်းပသွားမည်ဖြစ်သည်။

 


မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၃ ဘောလုံးရာသီကို ဖေဖော်ဝါရီမှ စတင်ကာ ပြုလုပ်သွားရန် စီစဉ်ထားပြီး လိဂ်ပြိုင်ပွဲများအားလုံး ပုံမှန်အတိုင်းကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်ထားသည်။  မြန်မာနေရှင်နယ်လိဂ်က  တာဝန်ယူကျင်းပမည့်   မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲကို မတ်လတွင် စတင်ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်း၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအပေါ်မူတည်၍ ကျင်းပသွားဖွယ်ရှိနေသည်။ 

 


မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ နောက်ဆုံးကျင်းပသည့်  ၂၀၂၂  ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခုနစ်သင်းဖြင့် ကျင်းပခဲ့ပြီး လာမည့်ရာသီတွင် အသင်းအရေအတွက် တိုးမြှင့်ကျင်းပနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။  မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို   လာမည့်ရာသီတွင် ငါးရာသီမြောက်ကျင်းပမည်ဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် လေးကြိမ်တွင် မြဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့က နှစ်ကြိမ်စီ ဗိုလ်စွဲထား သည်။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီ၊ ၂၀၁၇-၂၀၁၈ ရာသီ၊ ၂၀၁၈-၂၀၁၉ ရာသီကျင်းပပြီးနောက် နှစ်အနည်းငယ်ကြာကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၂ နှစ်ဝက်နောက်ပိုင်းမှ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်း ဗိုလ်စွဲပြီး ၂၀၁၈-၂၀၁၉ ရာသီနှင့် ၂၀၂၂ ရာသီတွင် အား/ကာသိပ္ပံအသင်း ဗိုလ်စွဲခဲ့သည်။                    
       

ရဲရင့်လွင်