
မန္တလေး ဒီဇင်ဘာ ၃၀
၂၀၂၃ ခုနှစ် အကြိုကာလတွင် မန္တလေးဈေးကွက်အတွင်း၌ ပြည်ပ ပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ကောင်းမွန်နေ ကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။ ၂၀၂၂ ခုနှစ်အကုန် နှစ်သစ်ကူးပြောင်းချိန်ကာလတွင် ပြည်ပဈေးကွက်ဝင်ပို့ကုန်များ ဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ် ပိုမိုကောင်းမွန်နေကြောင်း၊ ပြီးခဲ့သည့် နှစ်ကာလတူအချိန်က မတ်ပဲသုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှင့် မြေပဲဆန် တစ်ပိဿာလျှင်ငွေကျပ် ၃၂၀၀ သာရှိခဲ့ သော်လည်း ယခုနှစ်လက်ရှိအချိန်တွင် မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊ ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ နှင့် မြေပဲဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ကျော် ဈေးတို့ဖြင့် အရောင်း အဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့် က ပြောသည်။
“ဈေးကွက်ထဲမှာတော့ ပြီးခဲ့တဲ့ နှစ်ထက်စာရင် အန္ဒိယပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတွေ ဈေးကောင်းရ နေတယ်။ တရုတ်ပြည်ပို့ကုန်ဖြစ်တဲ့ ပဲတီစိမ်းနဲ့ မြေပဲဆန်တွေလည်း ဈေးကောင်းရရှိနေတယ်။ ဒီနှစ်ရာသီ ဥတုက အသင့်အတင့်ကောင်းမွန်တာ ကြောင့် သီးနှံတွေလည်းပုံမှန်အတိုင်း ထွက် ရှိလာပါတယ်။ ခုချိန်မှာ ပြီးခဲ့တဲ့နှစ် ကာလတူက ပေါ်ဦးပေါ်ဖျားဈေးတွေ ထက် ၃၀ ရာခိုင်နှုန်းလောက် မြင့်တက် လာပါတယ်။ လက်ရှိမှာ ပြည်ပပို့ကုန် ဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ပဲယင်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲလွန်းဖြူတွေ အားလုံးထွက်ရှိလာ ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဖောက်သည် နိုင်ငံတွေကလည်း ဝယ်ယူမှုတွေ တိုးတက်များပြားပြီး တော့ စဉ်ဆက်မပြတ် ပိုမိုဝယ်ယူမှုတွေ လည်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ မြန်မာနိုင်ငံဟာ စိုက်ပျိုး ရေးထွက်ကုန်တွေနဲ့ နိုင်ငံစီးပွားရေး ဦးမော့လာလိမ့်မယ်လို့ ခန့်မှန်းပါ တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ပြည်ပဈေးကွက် ဝင်ပို့ကုန် ပဲများနှင့် ဆီထွက်သီးနှံ များ ဈေးကွက်သို့ဝင်ရောက်လာပြီး အရောင်းအဝယ် ကောင်းမွန်နေ ကြောင်း၊ ယင်းပဲသီးနှံများကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့တွင် ရာသီမရွေးစိုက်ပျိုးကြပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ဆောင်းသီးနှံအဖြစ် တစ်ရာသီ သာ စိုက်ပျိုးကြကြောင်းလည်း သိရ သည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)