၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ၊ မန္တလေးတိုင်းဒေသကြီးတွင် အောင်မြင်သူ ၁၆၀၁၈ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၇၂ ဒသမ ၅၈ ရာခိုင်နှုန်းရှိ

 

မန္တလေး   ဇွန်   ၉


၂၀၂၃  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မန္တလေး မြို့ရှိ   သက်ဆိုင်ရာ   စာစစ်ဌာန ကျောင်းများ၌   ယနေ့  ဇွန် ၉ ရက်တွင်တစ်ချိန်တည်း ထုတ်ပြန် ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသ ကြီးတွင် ဖြေဆိုသူ ၂၂၀၆၉ ဦးရှိ သည့်အနက်        အောင်မြင်သူ ၁၆၀၁၈ ဦးရှိပြီး   အောင်မြင်မှု ရာခိုင်နှုန်းမှာ   ၇၂    ဒသမ  ၅၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ 

 


ယနေ့နံနက်     ၆   နာရီမှ စတင်၍ မန္တလေးမြို့ရှိ  စာစစ်ဌာန ဖွင့်လှစ်သော          ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန် ကြေညာပေးခဲ့ရာ   ကျောင်းသား    ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမများအနေဖြင့်လည်း ကိုဗစ်-  ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များ  နှင့်အညီ စနစ်တကျကြည့်ရှုနိုင်ကြစေရန် ကြီးကြပ် ဆောင်ရွက်ပေးသည်။

 


အဆိုပါ စာမေးပွဲထုတ်ပြန်မှုနှင့်  ပတ်သက်၍   မန္တလေးတိုင်းဒေသကြီး     ပညာရေးမှူးရုံးမှ ဒုတိယ        ညွှန်ကြားရေးမှူးချုပ်   ဦးကျော်မိုးထွန်းက      “ဒီနှစ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းရဲ့ အောင်ချက်က ၇၂ ဒသမ ၅၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးမှာ မန္တလေးတိုင်းက ပထမ အဆင့်ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံဘာသာတွဲ အမှတ် အများဆုံး ၁၁ ဦးမှာလည်း မန္တလေးတိုင်းဒေသကြီး က  ခုနစ်ဦး  ပါဝင်ပါတယ်။  ဒီနေ့   အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူတွေရော သူတို့ရဲ့ မိဘတွေ အတွက်ပါ ဂုဏ်ယူပါတယ်” ဟု ပြောသည်။

 


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာ တွဲ ခြောက်ဘာသာဂုဏ်ထူးရရှိခဲ့သည့်အပြင်   မြန်မာ တစ်နိုင်ငံလုံးတွင် အဆင့်(၆)ဖြင့် အောင်မြင်ခဲ့သည့် မဆုမြတ်နိုးဇော်က “တစ်နေ့စာတစ်နေ့ကိုပဲ အဓိက ပိုင်အောင်လုပ်တယ်။ ကျန်တာကတော့   မေးခွန်း ဟောင်းတွေလေ့လာပြီး ဆရာ ဆရာမတွေ သင်ကြား ပြသမှုနဲ့အတူ  ကိုယ်တိုင်လည်း   လေ့လာသင်ယူ ကြိုးစားခဲ့ရပါတယ်။ အခုလိုတစ်နိုင်ငံလုံးအဆင့်(၆) ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဆေးတက္ကသိုလ် တက်ဖို့ရည်မှန်းထားပါတယ်။ အနာဂတ်မှာဆရာဝန် ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ ဖေဖေနဲ့မေမေ ကိုလည်း   အလွန်ကျေးဇူးတင်ပါတယ်။   ဝိုင်းဝန်း အားပေးကြတဲ့  သူငယ်ချင်းတွေကိုလည်း ကျေးဇူး တင်ပါတယ်။  ဘယ်လိုအခက်အခဲတွေပဲ   ကြုံကြုံ ကိုယ်ရဲ့အဓိကရည်မှန်းချက်၊ ကိုယ့်ရဲ့ဦးတည်ချက်လမ်းမပျောက်စေဘဲနဲ့    ဆက်လက်ကြိုးစားကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ   တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ် သော www.myanmarexam. orgတွင် ယနေ့ နံနက် ၄ နာရီ အချိန်မှစတင်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။

 


သိပ္ပံဘာသာတွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ  မနှင်းလဲ့ရည်ကလည်း   “ဆရာ ဆရာမတွေသင်တဲ့စာကို တစ်နေ့စာတစ်နေ့သေချာ လုပ်ခဲ့လို့ အခုလို အောင်မြင်ခဲ့တာပါ။ 

 


ဂုဏ်ထူးရဖို့မျှော်မှန်းမထားပေမယ့် အကောင်းဆုံး ဖြေဆိုမယ်ဆိုပြီး ကြိုးစားခဲ့တယ်။ မေမေကလည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့   ပြောတယ်။ ကျန်းမာရေးအတွက်လည်း   အားဆေးတွေအပြင် အခြားလိုအပ်တာတွေလည်း ဖြည့်ဆည်းပေးတယ်။ အောင်စာရင်းမထွက်ခင် တစ်ညလုံးလည်း အိပ်မပျော် ခဲ့ဘူး။ အောင်စာရင်းထွက်မယ့်အချိန်ကို စောင့်မျှော် ခဲ့ရတယ်။ ဒီမနက် ၄ နာရီမှာထပြီး မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ Website ကနေ အရင်ကြည့်တယ်။ သေချာ အောင်လို့ ကျောင်းကိုလည်း သွားကြည့်တယ်။  အခုလို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်တော့ အလွန်ကို ပျော်ပြီးထခုန်မိတယ်။ အမေကဆို ငိုတောင်ငိုတယ်။ သမီးက နိုင်ငံတော်ကိုအကျိုးပြုတဲ့ ဆရာဝန်မကြီး ဖြစ်ချင်တယ်။ ပထမဆုံးအနေနဲ့ သမီးရဲ့မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ သင်ကြားပြသပေးတဲ့ ဆရာ ဆရာမ တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

 


ကျောင်းသားမိဘတစ်ဦးဖြစ်သူ  ဦးဇော်မိုးလွင် က “ပထမဆုံးပြောချင်တာက  သမီးလေးက မြန်မာ တစ်နိုင်ငံလုံးမှာ အဆင့်(၆)၊ မန္တလေးတိုင်းမှာအဆင့် (၅)နဲ့အောင်မြင်တဲ့အတွက် အလွန်ကိုပျော်လည်း ပျော်တယ်။ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူပါ တယ်။ သမီးလေး ခုလိုပေါက်မြောက်အောင်မြင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ ဆရာမတွေကို ကျေးဇူးတင် ပါတယ်။ သမီးလေးက ဆရာ ဆရာမတွေ သင်ကြား ပို့ချတဲ့အတိုင်း အချိန်ဇယားနဲ့  သွားတယ်။  သမီးရဲ့ လိုအပ်ချက်တွေကိုလည်း လိုက်လံဖြည့်ဆည်းပေးခဲ့ တယ်။ သမီးလေးကိုပြောတယ်။ ဘယ်လိုအခက်အခဲ တွေပဲရှိရှိ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဖို့နဲ့ သမီးရဲ့နောက်မှာ  ဖေဖေ၊ မေမေတို့   ရှိတယ်ဆိုပြီး အမြဲအားပေးခဲ့တယ်” ဟု ပြောသည်။

 


အလားတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း များကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့် အပြင် ဝေးလံသောဒေသများရှိ   စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်  ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှလည်း ကြေညာပေးခဲ့သည်။

 


ထို့ပြင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ မန္တလေး ဗဟိုအကျဉ်းထောင်စာစစ်ဌာနမှလည်း ဝင်ရောက် ဖြေဆို သူ ၂၉ ဦး ရှိခဲ့ပြီး အောင်မြင်မှုအနေဖြင့် လေး ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်   လေးဦးတို့ဖြင့် ရာခိုင်နှုန်းပြည့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရ သည်။                                              

သတင်းစဉ်