
နေပြည်တော် ဩဂုတ် ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း အပတ်စဉ် (၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (AERDTC) ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် သင်တန်းသား သင်တန်းသူ ၆၁ ဦး တက်ရောက်ကြသည်။
၁၀၀ ရာခိုင်နှုန်း စာရင်းကောက်ယူ
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံစာရင်းဇယား ကိန်းဂဏန်း များလိုအပ်သဖြင့် အရေးပါသည့် ကိန်းဂဏန်းများ ပြန်လည် တည့်မတ်နိုင်ရန် တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေ စာရင်းများ ရရှိရေးအတွက် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း ကို ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသားအဆင့် တိရစ္ဆာန် ကောင်ရေစာရင်းကို (၅) နှစ်လျှင် တစ်ကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည် ဖြစ်ပြီး တိရစ္ဆာန်ကောင်ရေစာရင်း ပြောင်းလဲမှုကို သိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်း များကို နှစ်စဉ် ကောက်ယူလျက်ရှိကြောင်း၊ ယခု ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၂၁၅ မြို့နယ်မှ ကျေးရွာအုပ်စု ရပ်ကွက်များ၏ ၂၀ ရာခိုင်နှုန်းကို ကွက်ပြည့်စာရင်း ကောက်ယူသွားမည်ဖြစ်ကာ စီးပွားဖြစ်မွေးမြူရေး ခြံစာရင်းကို ၁၀၀ ရာခိုင်နှုန်း စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း။
သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိကြမည့် နည်းပညာအတွေ့အကြုံများ ကို ဝန်ထမ်းများအား ပြန်လည်သင်ကြားပြသပေး ကြရမည့်သူများဖြစ်၍ မိမိကိုယ်တိုင်သိရှိနားလည် ရန်နှင့် မြေပြင်တွင်ကြုံတွေ့နိုင်မည့် အခြေအနေ များကို ကြိုတင်မျှော်မှန်းပြီး သင်တန်းတွင် မေးမြန်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရေး
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ပြည့်နှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက နှစ်စဉ် ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန်ကောင်ရေ စာရင်း အား မြေပြင်တွင် ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်း ကိန်းဂဏန်း တွက်ချက်နည်းဖြင့်သာ စာရင်းပြုစု မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ပြည်တွင်းအသားစားသုံး မှုတွင် အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရ ပြည့်ဝသော သားငါးရိက္ခာဖူလုံစေရန်၊ ပြည်တွင်း ပြည်ပဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ်ဆောင်ရွက် နိုင်ရန် ၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အရေးပါသည့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း၌ တာဝန်ယူ ဆောင်ရွက် ကြမည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးဌာနမှူးများ၊ ခရိုင်ဦးစီး ဌာနမှူးများနှင့် ၂၁၅ မြို့နယ်မှ မြို့နယ်ဦးစီးမှူးများ အား တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး စနစ် တကျ စီမံခန့်ခွဲနိုင်ရန် “တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆရာဖြစ် သင်တန်း” များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
သင်တန်း၌ မြေပြင်ရှိ တိရစ္ဆာန်ကောင်ရေ စာရင်းများ စနစ်တကျကောက်ယူရာတွင် အသုံးပြု သည့် မေးခွန်းလွှာနှင့် Commcare Application တို့ကို စနစ်တကျ အသုံးပြုတတ်စေရေး၊ ကောင်ရေ စာရင်း ကိန်းဂဏန်းများ မှန်ကန်မြန်ဆန်ပြည့်စုံ စွာ အစီရင်ခံတင်ပြနိုင်ရေးတို့အတွက် လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ လက်တွေ့ကွင်းဆင်း လေ့ကျင့်မှုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်းရှိ ကျေးရွာအချို့တွင် ကွင်းဆင်း၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်