၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားသို့ ပင့်လျှောက်/ဖိတ်ကြားခြင်း

 

နေပြည်တော်    ဖေဖော်ဝါရီ    ၁ဝ
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို   မတ် ၅ ရက် (၁၃၈၄ ခုနှစ်၊  တပေါင်း လပြည့်နေ့) တနင်္ဂနွေနေ့   မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊  နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မတ် ၃ ရက်  နံနက် ၉ နာရီခွဲ တွင်လည်းကောင်း၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ 
အဆိုပါအခမ်းအနားများသို့ အချိန်မီကြွရောက်နိုင်ရန်အတွက် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ  ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံယူတော်မည့်  ဆရာတော်ကြီးများ၊  သီလရှင်ဆရာကြီးများအား  မတ် ၁ ရက် ထက်မစော၊ မတ် ၂ ရက်ထက်  နောက်မကျစေဘဲ  နေပြည်တော်သို့  ကြွရောက်နိုင်ပါရန်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတဓရ၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မ မဏိဇောတဓရ၊  သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်များ  ချီးမြှင့်အပ်နှင်းခြင်းခံယူမည့် သာသနာနုဂ္ဂဟလူပုဂ္ဂိုလ်များအား  မတ် ၂ ရက် ထက်မစော၊ မတ် ၃ ရက် ထက်နောက်မကျစေဘဲ နေပြည်တော်သို့ ကြွရောက်နိုင်ပါရန် ပင့်လျှောက်/ဖိတ်ကြားထားကြောင်း သာသနာတော်ထွန်းကားပြန့်ပွား ရေးဦးစီးဌာနမှ သတင်းရရှိသည်။ 
သတင်းစဉ်