၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

Type

 

ရွှေယမင်းဦး (ဦးစီးအရာရှိ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန)

ကမ္ဘာ့လေထု၏ဒုတိယအလွှာမှာရှိသောအိုဇုန်းလွှာ
နေမှထုတ်လွှတ်သော ခရမ်းလွန်ရောင်ခြည်များကို သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်အရ  အမျိုးအစားသုံးမျိုး ခွဲခြမ်းစိတ်ဖြာထားပါ သည်။ နေစွမ်းအင်၏ အပူနှင့်ရောင်ခြည်ဖြာထွက်ခြင်းပုံစံကို လေ့လာ ကြည့်ပါက   ခရမ်းလွန်ရောင်ခြည်များတွင်   ခရမ်းလွန်ရောင်ခြည် UV-C  သည်  စွမ်းအားအမြင့်ဆုံးဖြစ်ပြီး သက်ရှိများကို အန္တရာယ် အပြုနိုင်ဆုံး ဖြစ်သော်လည်း အိုဇုန်းလွှာက အပြည့်အဝစုပ်ယူပေးကာ အကာအကွယ်ပေးထားပါသည်။      ဒုတိယစွမ်းအားအမြင့်ဆုံး ခရမ်းလွန်ရောင်ခြည် UV-B ကိုမူ အိုဇုန်းလွှာက အပြည့်အဝစုပ်ယူပေးနိုင်ခြင်းမရှိဘဲ တချို့တစ်ဝက်ကို ကမ္ဘာမြေပေါ်သို့ ကျရောက်စေပါ သည်။ လူသားများသည် ခရမ်းလွန်ရောင်ခြည် UV-B ကို သာမန် မျက်စိဖြင့် မမြင်နိုင်သောကြောင့်  ၎င်းတို့သည် UV-B နှင့် ထိတွေ့နေရသည်ကိုသိရှိခံစားနိုင်ခြင်းမရှိပါ။ အဆိုပါ ခရမ်းလွန်ရောင်ခြည် UV-B နှင့်ထိတွေ့မိပါက လူသားများတွင် အရေပြားကင်ဆာဖြစ်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊   ကိုယ်ခံအားကျဆင်းခြင်း   စသည့်ကျန်းမာ‌ရေး ချို့ယွင်းမှုတို့ကိုခံစားရမည်ဖြစ်ပါသည်။ ခရမ်းလွန်ရောင်ခြည် UV-A သည် စွမ်းအားအနိမ့်ဆုံးဖြစ်ပြီး လူသားများကို ဆိုးကျိုးသက်ရောက် မှုမှာ   UV-B ကြောင့်   သက်ရောက်မှုထက်များစွာလျော့နည်းပြီး  အိုဇုန်းလွှာကလည်း စုပ်ယူနိုင်ခြင်းမရှိပါ။ UV-A နှင့် ထိတွေ့မှုများသည့် လူသားများသည် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုဒဏ်ကို ခံစားကြရ မည်ဖြစ်ပါသည်။ ထို့ကြောင့် နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ရသူများသည် ရှိရင်းစွဲအသက်ထက် အိုမင်းရင့်ရော် ပုံပေါက်နေကြခြင်းဖြစ်ပါသည်။
အထက်ပါအချက်များအရ ကမ္ဘာ့လေထု၏ဒုတိယအလွှာ “စထရာ တိုစဖီးယားအလွှာ”   မှာရှိသည့်  အိုဇုန်းလွှာသည် လူသားများနှင့် ကမ္ဘာမြေပေါ်ရှိ အခြားသောသက်ရှိများအတွက်  အန္တရာယ်ဖြစ်စေ သည့် ခရမ်းလွန်ရောင်ခြည် UV-B နှင့် UV-C ကို ၉၅ ရာခိုင်နှုန်းစုပ်ယူ ဟန့်တားပေးနေပေရာ လူသားများအတွက် အကျိုးကျေးဇူးကြီးမားလှသည်ဟုဆိုရပေမည်။      
အိုဇုန်းလွှာကို ကာကွယ်မှုများ ပြုလုပ်လာရခြင်း
လူသားများသည်   သက်ရှိများထဲတွင်   တီထွင်မှုဉာဏ်ရည် အမြင့်မားဆုံးသတ္တဝါဖြစ်ရာ     ကာလရွေ့လျားလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းကို   မြင့်မားအောင်   ကြိုးစားလာကြသည်။ ပြောင်းလဲလာသောရာသီဥတုနှင့်  ပတ်ဝန်းကျင်တို့နှင့်  လိုက်လျော ညီထွေစွာ သက်သောင့်သက်သာနေထိုင်နိုင်ရေး၊ အစားအသောက် များကို လိုအပ်သည့်အချိန်မှသာ စားသုံးနိုင်ရန် ကြာမြင့်စွာ သိုလှောင် ထားနိုင်ရေး၊ သွေးများ၊ ဇီဝတစ်သျှူးများ၊ ဆေးဝါးများကို သုတေသန နှင့် စမ်းသပ်မှုများပြုလုပ်နိုင်ရန် သိုလှောင်ထိန်းသိမ်းထားခြင်း၊ ဝေးလံ   ဒေသများသို့ အစားအသောက်များနှင့် ဆေးဝါးများ သယ်ယူပို့ဆောင် နိုင်ရေး၊ အချက်အလက်များကို   သိမ်းဆည်းထားနိုင်ရေး၊   စက်မှု လုပ်ငန်းများတွင် အဆင့်အတန်းမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ နေအိမ်၊ အဆောက်အဦနှင့်  ခရီးသွားယာဉ်အမျိုးမျိုး စသည်တို့အတွက်   လေအေးပေးစက်များ၊ ရေခဲသေတ္တာများမှ အစပြု၍ စက်မှုလုပ်ငန်းသုံး အေးခဲစက်ကြီးများ၊   အပူပေးစက်များစသည်တို့ကို   တွင်ကျယ်စွာ အသုံးပြုလာနေကြပေသည်။  ထို့ပြင် လူဦးရေများပြား၍ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ပြင်းထန်သည့်  နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊  အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံနှင့် ကင်ညာနိုင်ငံအစရှိသည့် နိုင်ငံများတွင်  ပြင်းထန် ရာသီဥတုဖြစ်စဉ်များကြောင့်  လေအေးပေးစက်များကို အမြောက် အမြားသုံးစွဲနေကြသည်ကို စစ်တမ်းများအရ သိရှိရပါသည်။
အဆိုပါ အေးခဲစနစ်၊ လေအေးပေးစနစ်နှင့် အပူပေးစနစ်များတွင်  အသုံးပြုသည့်  အအေးပေးဒြပ်ပစ္စည်းများဖြစ်သည့် ကလိုရိုဖလူရို ကာဗွန် (CFC)၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)၊ ဘရိုမိုကလိုရို မီသိန်း (CH2BrCl)၊ ဟေလွန်နှင့် ကာဗွန်တက်ထရာကလိုရိုဒ် (CCl4) စသည့် ဓာတ်ငွေ့များကြောင့်  အိုဇုန်းလွှာပါးလွှာပျက်စီးမှု ဖြစ်ပေါ် နေသည်ကို သိပ္ပံပညာရှင်များက ၁၉၇၀ ပြည့်နှစ် အလွန်ကာလများ တွင်  လေ့လာတွေ့ရှိခဲ့ပါသည်။  အန္တာတိကတိုက်  ကောင်းကင်ယံပေါ်ရှိ အိုဇုန်းလွှာအပေါက်ကို ၁၉၈၅ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ကြရာမှ အိုဇုန်းလွှာပျက်စီးလာသည်ကို တွေ့ရှိလာရသည့်အတွက် အိုဇုန်းလွှာ  ကာကွယ်ရေးဆိုင်ရာ   ဗီယင်နာကွန်ဗင်းရှင်းကို  ၁၉၈၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါသည်။  နောက်ပိုင်းတွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအသုံးပြုမှုကို  ထိန်းချုပ်ရန် မွန်ထရီရယ်နောက်ဆက် တွဲသဘောတူစာချုပ်ကို ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ၏ သဘော တူညီချက်ဖြင့် အတည်ပြုချမှတ်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသဘောတူစာချုပ်များတွင် အအောင်မြင်ဆုံးသဘောတူ  စာချုပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ 
ထပ်မံတွေ့ရှိရသည့်   အိုဇုန်းလွှာပျက်စီးစေသော   ဒြပ်ပစ္စည်း များကို     မွန်ထရီရယ်    နောက်ဆက်တွဲသဘောတူစာချုပ်ဆိုင်ရာ    နောက်ဆက်တွဲပြင်ဆင်ချက်များဖြင့်     ထိန်းချုပ်ရာတွင်လည်း အောင်မြင်မှုအတော်အတန်ရရှိခဲ့ရာ အန္တာတိကတိုက် ကောင်းကင်ယံ ပေါ်ရှိ အိုဇုန်းပမာဏသည် ၂၀၆၆ ခုနှစ်တွင် ၁၉၈၀ ပြည့်နှစ်က ရှိခဲ့ သောအခြေအနေသို့   ရောက်ရှိသွားကာ   အိုဇုန်းလွှာပြန်လည် ကောင်းမွန်လာမည်ကို သိပ္ပံပညာရှင်များက ခန့်မှန်းထားကြပါသည်။
အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းနှင့်အတူ   
ရာသီဥတုပြောင်းလဲမှုကို လျှော့ချခြင်း
အိုဇုန်းလွှာပျက်စီးစေသော  ဒြပ်ပစ္စည်းများအစား   အစားထိုး အသုံးပြုသည့် ဟိုက်ဒရိုဖလူရိုကာဗွန် ဓာတ်ငွေ့များသည် အိုဇုန်းလွှာ ကို  မပျက်စီးစေသော်လည်း  ကမ္ဘာ့ပူနွေးမှုအလားအလာ  မြင့်မား သောကြောင့် ရာသီဥတုပြောင်းလဲမှုကိုပိုမိုဆိုးရွားစေပါသည်။ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊    မြေပြိုခြင်း    စသည့်သဘာဝဘေးအန္တရာယ်များ  သက်ရောက်မှုကြောင့် စိုက်ပျိုးသီးနှံများအထွက်နှုန်းကျဆင်းခြင်း၊ မဖြစ်ထွန်းခြင်း၊  စိုက်ပျိုးမြေနှင့် သီးနှံများတွင် အာဟာရဓာတ်ပါဝင်မှု လျော့နည်းခြင်း၊ ဥပမာ အချို့သောသီးနှံများဖြစ်သည့်  ဆန်၊ ဂျုံ၊ ပဲစသည့် မျိုးစိတ်များတွင် Protein   ဓာတ်နှင့်   သတ္တုဓာတ်ပါဝင်မှု လျော့နည်းခြင်း၊    စသည်တို့ကြောင့်   စီးပွားရေးကျဆင်းခြင်းနှင့် လူမှုဘဝပြဿနာများကိုပါ ရင်ဆိုင်လာရပေသည်။
မွန်ထရီရယ်  နောက်ဆက်တွဲသဘောတူစာချုပ်ကို  အဆင့်ဆင့် ပြင်ဆင်လာခဲ့ရာ ပဉ္စမပြင်ဆင်ချက် ဖြစ်သည့် ကီဂါလီပြင်ဆင်ချက်သည် အားကောင်းသော မှန်လုံအိမ်အာနိသင်ရှိသည့် ဓာတ်ငွေ့များဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများ သုံးစွဲမှုကိုလျှော့ချခြင်းဖြင့်   ရာသီဥတုပြောင်းလဲမှုကို   လျှော့ချနိုင် သဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့်  ဖြစ်ပေါ်လာမည့်   ပြင်းထန် သဘာဝဘေးအန္တရာယ်များ    လျော့နည်းစေပါသည်။   ကာဗွန် ထုတ်လွှတ်မှုလျှော့ချခြင်း လုပ်ငန်းစဉ်ဖြစ်သည့် မြန်မာနိုင်ငံအမျိုးသား အဆင့်   ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်  လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (Nationally  Determined Contributions – NDC)  အတွက် အထောက်အကူပြုခြင်း  စသည့်အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ အဆိုပါပြင်ဆင်ချက်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေးဆောင်ရွက် လျက်ရှိပါသည်။  ၂၀၂၃ ခုနှစ်အထိ ကီဂါလီပြင်ဆင်ချက်သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်သည့်နိုင်ငံပေါင်း ၁၅၂ နိုင်ငံ ရှိပြီဖြစ်ပါသည်။ 
၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့
၂၀၂၃ ခုနှစ်  စက်တင်ဘာ ၁၆ ရက်၌   ကျရောက်မည့်  ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “Montreal Protocol:  Fixing  the  Ozone  Layer  and  Reducing Climate Change”  “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ် ပေး” ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း  အမှတ်ဆောင်ပုဒ်သည် မွန်ထရီရယ်သဘောတူစာချုပ်၏ ကောင်းမွန် သော အကျိုးသက်ရောက်မှုများဖြစ်သည့် အိုဇုန်းလွှာကို ပြန်လည် ကောင်းမွန်လာစေခြင်း၊ ကီဂါလီပြင်ဆင်ချက်ပါ   ကတိကဝတ်များ လိုက်နာခြင်းမှတစ်ဆင့်   ရာသီဥတုပြောင်းလဲမှုအား လျှော့ချပေး နိုင်ခြင်းတို့ကို ထင်ရှားပေါ်လွင်အောင်တင်ပြလိုခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ အပါအဝင် မွန်ထရီရယ်သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံတိုင်းတွင် နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများနှင့် ပြည်သူများအား အသိ ပညာပေးခြင်းများကို ကျင်းပဆောင်ရွက်ကြပါသည်။ 
ပြည်သူများအနေဖြင့်  အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့်  ရာသီ ဥတုပြောင်းလဲမှုလျှော့ချရေးတွင် ပူး‌ပေါင်းပါဝင်နိုင်ရန် နည်းလမ်းများ  
(က)    ယုံကြည်စိတ်ချရသည့် အအေးပေးပစ္စည်းများပါဝင်သော စက်ပစ္စည်းများနှင့်    အိမ်သုံးပစ္စည်းများကို   ဝယ်ယူသုံးစွဲ ပါ။
(ခ)    ရေခဲသေတ္တာကဲ့သို့သော   အိမ်သုံးပစ္စည်းအသစ်များကို ဝယ်ယူသည့်အခါ ၎င်းတွင် “အိုဇုန်းကို အန္တရာယ်မပြုသော” “ozone friendly” (သို့)   “HCFC ကင်းလွတ်” ‘HCFC free’ (သို့) စွမ်းအင်ခြိုးခြံချွေတာမှု   (သို့) Environmentally Friendly   စသည့်အမှတ်အသားများ   ပါ/ မပါ ကြည့်ရှု စိစစ်ပြီးမှဝယ်ပါ။
(ဂ)    မှန်ကန်သည့် အရွယ်အစားကို ရွေးချယ်ပါ၊ ပစ္စည်းအသစ် ဝယ်ယူသည့်အခါ သင်အမှန်တကယ် လိုအပ်သည့် အရွယ် အစားကို မှန်ကန်စွာရွေးချယ်ပါ။
(ဃ)    လေအေးပေးစက်၏    Condenser  နှင့် Evaporator  ကို  နေရောင်ခြည်တိုက်ရိုက်ကျရောက်သည့်နေရာတွင် တပ်ဆင်  ထားပါက ပုံမှန်သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်မည်ဖြစ်၍ အရိပ်ရမည့်နေရာတွင် တပ်ဆင်ပါ။
(င)    ညအချိန်တွင် သင့်အိမ်နှင့်အခန်းကို သဘာဝလေဖြင့်သာ အအေးခံပါ၊ ဖြစ်နိုင်ပါက လေအေးပေးစက်အသုံးမပြုပါနှင့်။
(စ)    ပန်ကာကို တွဲဖက်အသုံးပြုပါ၊ ပန်ကာကို တွဲဖက်အသုံးပြု  ခြင်းဖြင့်    သင်လိုအပ်သည့်    အအေးဓာတ်ကို   ရရှိနိုင်ပါ သည်။
(ဆ)    ကားစတင်စက်နှိုးစဉ်  ပြတင်းပေါက်များဖွင့်ထားပြီး မိနစ် အနည်းငယ်ကြာမှ လေအေးပေးစက် အသုံးပြုပါ၊ ကားကို အရိပ်ရသည့်နေရာတွင် ရပ်ပါ။
(ဇ)    အပြင်သွားသည့်အခါတိုင်း    နေရောင်ကာလိမ်းဆေး (Sunscreen) SPF 50 PA+++ ပါဝင်သော အမျိုးအစားကို အမြဲလိမ်းပါ။
အားလုံးပါဝင်ရန်လိုအပ်ခြင်း
အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့်   ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များမှာ တစ်ဦးတစ်ယောက်တည်းအင်အားဖြင့် ဆောင်ရွက်၍မရနိုင်ပါ။   မိမိတို့၏   စီးပွားရေးလုပ်ငန်းများကြောင့် ကမ္ဘာမြေနှင့် နောင်လာနောက်သားများ ပျက်စီးရသည့် အဖြစ်မျိုးမရှိရ  အောင် မိမိကစ၍ စည်းကမ်းလိုက်နာဖို့  လိုအပ်ပါသည်။ အအေးပေးစက်ပစ္စည်းတင်သွင်းရောင်းချသည့်   လုပ်ငန်းရှင်များက   အစပြု၍ တပ်ဆင်ပြုပြင်ရေးလုပ်သားများ၊ သုံးစွဲသူများအားလုံးသော အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များသည် တာဝန်သိကြရန် လိုအပ်သည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ချမှတ်ထား သည့် အိုဇုန်းလွှာပျက်စီးစေသော  ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း လုပ်ကိုင်ခြင်းအမိန့်ကို လိုက်နာရန် အထူးပင်အရေးကြီးပါကြောင်း တိုက်တွန်းပြောကြားရင်း ၂၀၂၃ ခုနှစ်   စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုရေးသား တင်ဆက်လိုက်ရပါသည်။        ။
ကျမ်းကိုးစာရင်း
Lawyers responding to climate change by legal response  international (LRI) registered charity
ozone.unep.org/ozone-day/montreal-protocol-fixing-the-zone-layer-and-reducing-climate-change
20 Questions and Answers about the ozone layer
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အိုဇုန်းလွှာအကြောင်း သိကောင်းစရာ အသိပညာပေးစာအုပ်