၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှုစောင့်ကြည့် တိုင်းတာရေးကွန်ရက်   (Acid   Deposition  Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်  နိုဝင်ဘာလမှစတင် ဆောင်ရွက်ခဲ့ပြီး    တိုင်းဒေသကြီးနှင့်ပြည်နယ် များ၏ (ပုံ-၁)တွင်   ဖော်ပြထားသည့်  မြို့ကြီး ၄၁ မြို့ရှိ  မိုးလေဝသနှင့် ဇလဗေဒစခန်း  ၄၁ ခုတွင် ရွာသွန်းသောမိုးရေများကို စုဆောင်းကာ မိုးရေတွင်အက်စစ် ဖြစ်ထွန်းမှုအခြေအနေကို  သိရှိရန်  မိုးရေ၏ pH တန်ဖိုးများ    တိုင်းတာခြင်းလုပ်ငန်းများကို    လစဉ်ဆောင်ရွက်လျက် ရှိသည်။ 

 


၂၀၂၃ ခုနှစ်  ဧပြီလအတွင်း ရွာသွန်းခဲ့သော      မိုးရေများ၏ pH တန်ဖိုးများကို တိုင်းတာသည့်စခန်း ၄၁ ခုအနက်  မန္တလေး  (ချမ်းအေး သာစံ)၊ မန္တလေး(ချမ်းမြသာစည်)၊ မြစ်ကြီးနား၊ ပူတာအို၊ ခန္တီး၊ လားရှိုး၊ တောင်ကြီး၊ မိုင်းဆတ်၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ ဟားခါး၊ ညောင်ဦး၊ မုံရွာ၊ ပျဉ်းမနား၊ ကသာ၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ စစ်တွေ၊ ကျောက်ဖြူ၊ ဘားအံ၊ ကော့ကရိတ်၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစခန်းတို့တွင် မိုးရွာသွန်းခဲ့သည်။  မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် ၂၄ စခန်းအနက်  ၂၃ စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံး ရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထား သည့် သောက်သုံးရေအတွက်  pH တန်ဖိုး (6.5 – 8.5) အတွင်းတွင် ရှိပြီး မိုင်းဆတ်စခန်းတွင် ရွာသွန်းခဲ့သော မိုးရေ၏ pH တန်ဖိုးသည် ပုံမှန်မိုးရေ (Normal Rain) ဟု သတ်မှတ်ထားသည့် pH တန်ဖိုး (5.6 – 6.4) အတွင်းတွင်ရှိကြောင်း  တိုင်းတာရရှိခဲ့သည်။

 


မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် ၂၄ စခန်း၌ ရွာသွန်းခဲ့သော    မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေမရှိကြောင်း တွေ့ရှိရသည်။

(ပုံ-၂)