
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ် အခါသမယမှာ နိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာချမ်းသာပြီး ကောင်းကျိုး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများ သွေးစည်း ချစ်ကြည်စွာ စုပေါင်းနေထိုင်ကြတဲ့ အမိမြန်မာနိုင်ငံဟာ အနော်ရထာ မင်းတရားကြီး လက်ထက်၊ ဘုရင့်နောင်မင်းတရားကြီးလက်ထက်၊ အလောင်းမင်းတရားကြီး လက်ထက်တို့မှာ ဘုရင့်နိုင်ငံတော်အဖြစ် စည်းလုံးညီညွတ်မှုရှိခဲ့ကြတဲ့အတွက် နိုင်ငံတော်ရဲ့ ဂုဏ်ရှိန်ရောင်ဝါ ထွန်းပြောင်ခဲ့ပါတယ်။ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှု အားနည်းနေချိန်မှာ ကိုလိုနီနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲခဲ့ပြီးနောက် ထီးကျိုး စည်ပေါက် ထီးနန်းပျောက်ပြီး တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရ ပါတယ်။ နယ်ချဲ့တွေဟာ မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍအသီးသီးမှာ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်သွေးစုပ်အမြတ်ထုတ် ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ကိုလိုနီသက်ဆိုးရှည်စေဖို့ နယ်ချဲ့များက တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသားညီအစ်ကို အချင်းချင်းသွေးကွဲအောင် စနစ်တကျ သွေးခွဲသပ်လျှိုမှုများကို ပြုလုပ် ခဲ့ကြပါတယ်။
တိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့ဦးဆောင်မှုနဲ့ ပြည်ထောင်စု ဖွား တိုင်းရင်းသားအားလုံးက သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့အတွက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားပြည်သူများရဲ့ အသက်၊ သွေး၊ ချွေးများကို စတေးပြီး ရယူခဲ့ရတဲ့ လွတ်လပ်ရေးဟာ အလွန်အရင်းအနှီးကြီးမားလှပါတယ်။ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်းမှာလည်း နယ်ချဲ့တို့ရဲ့ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်က ယနေ့ထက်တိုင် ထင်ကျန်နေဆဲဖြစ်ပြီး နိုင်ငံတော်မှာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးကပေးလိုက်တဲ့ ကြီးမြတ်တဲ့လက်ဆောင် ကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ စည်းလုံးညီညွတ်မှုတို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမတွေအားလုံး အတူတကွစည်းလုံးညီညွတ်ကြတဲ့ အခါ အောင်မြင်မှုကို မလွဲမသွေရရှိနိုင်တယ်ဆိုတာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ထင်ရှားတဲ့သာဓကပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီလက်အောက်ကို နှစ်ပေါင်း ၁၀၀ နီးပါးကာလကြာရှည်စွာ ကျရောက်ခဲ့ရသလို ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဟာလည်း ခက်ခဲရှည်ကြာခဲ့ပါတယ်။ လွတ်လပ်ရေးကို နည်းမျိုးစုံနဲ့ကြိုးပမ်းခဲ့ရာမှာ အသက်၊ ခန္ဓာစွန့်လွှတ် ရသူတွေ၊ ဘဝနဲ့ ချီပြီး ရင်းနှီးပေးဆပ်ခဲ့ရသူတွေ များစွာရှိခဲ့ပါတယ်။ သူတို့အားလုံးဟာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကိုတည်ဆောက် ခဲ့ကြသူများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲ အောင် ဆောင်ရွက်ခဲ့သူတွေလည်းဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်အားလုံးကို ဒီနေ့၊ ဒီနေရာကနေ ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံ သားအားလုံးက ဒီအခမ်းအနားမှာ ၂ မိနစ် ငြိမ်သက်ဂုဏ်ပြုခဲ့ပါတယ်။
လွတ်လပ်ရေးဆိုတာ ဖျတ်ခနဲဆုံးရှုံးသွားတတ်တဲ့ သဘောရှိပြီး ဆုံးရှုံးသွားပြီးမှ ပြန်လည်ရယူဖို့ကြိုးစားတာဟာ နှစ်နဲ့ချီပြီး ကြာရှည် တတ်တဲ့သဘော ရှိပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်ရေးနဲ့ အချုပ် အခြာအာဏာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူလက်တွဲ ပြီး ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြဖို့ အလေး အနက်ထား တိုက်တွန်းပြောကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံဟာ ရှေးယခင်ဘုရင်များ လက်ထက် ကတည်းက ပြည်ထောင်စုနိုင်ငံအသွင်နဲ့ ရပ်တည်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိပြီးနောက်မှာလည်း ပါလီမန်ဒီမိုကရေစီစနစ်၊ နိုင်ငံ တော်တာဝန်ကို ခေတ္တတာဝန်ယူခဲ့ရတဲ့ တပ်မတော်ဦးဆောင်မှုစနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်တဲ့ တစ်ပါတီစနစ်၊ တပ်မတော်အစိုးရစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ် စတဲ့စနစ်မျိုးစုံကို ကျင့်သုံးခဲ့ဖူးတဲ့နိုင်ငံဖြစ်ပါတယ်။ ဘုရင်ခေတ်ကနေ ယနေ့အထိ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေအရ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အသင့်လျော်ဆုံး နိုင်ငံရေးရည်မှန်း ချက် ၂ ရပ်ကို ချမှတ်ခဲ့ပါတယ်။
ဒီနိုင်ငံရေးရည်မှန်းချက် ၂ ရပ်က “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး ” နဲ့ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး”တို့ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ ခိုင်မာစွာ အာမခံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံသားတိုင်းရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အဓိကကျပါတယ်။ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ခိုင်မာစေဖို့ လိုအပ်တဲ့ တရားဥပဒေစိုးမိုးရေး အတွက် “ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ No One is above the Law ” ဆိုတဲ့အတိုင်း တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူအားလုံးဆန္ဒဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးလည်းကောင်း၊ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး လည်း ကောင်း ဘယ်လိုပင်အယူအဆကွဲပြားနေကြသော်လည်း မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အများဆန္ဒအတိုင်းဆောင်ရွက်ရသကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ်ပါတယ်။ မိမိနဲ့ အယူ အဆ၊ ဆန္ဒမကိုက်ညီသူကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံ ခြင်းများ၊ ဖယ်ကြဉ်ထားခြင်းများဟာ ဒီမိုကရေစီစနစ်နဲ့ လုံးဝကိုက်ညီမှု မရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာ ယုံကြည်ကိုးကွယ်ခြင်းဟာ လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုး ဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရအနေနဲ့ ပေါင်းစည်းခြင်း နှင့် သဟဇာတဖြစ်မှုပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော် တို့ သတိပြုရမှာက မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းသာ နေထိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဆိုပြီး လုံးဝမရှိပါဘူး။ လူမျိုးပေါင်းစုံ ပျံ့နှံ့နေထိုင်ကြပါတယ်။ သူ့ကျွန်ဘဝဆိုတဲ့ မုန်တိုင်းကို တိုင်းရင်းသားပြည်သူအားလုံးရဲ့ အတူ တကွ ပေါင်းစည်းနေထိုင်ကြတဲ့ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ မှုကြောင့် လွတ်လပ်ရေးဆိုတဲ့ ပန်းတိုင်ဆီကို အောင်မြင်စွာ အရောက် လှမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုစည်းလုံးညီညွတ်တဲ့ အစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်းပြီး တစ်ဦးနဲ့တစ်ဦး စိတ်ရှည်သည်းခံ မှု၊ နားလည်ခွင့်လွှတ်မှု၊ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်တို့ဖြင့် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံတော်အနေနဲ့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်လို့ ခံယူပြီး အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြော ရေးနဲ့ စားရေရိက္ခာဖူလုံရေးကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဦးတည် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျေးလက်နေ ပြည်သူတွေဖြစ်ကြပါတယ်။ နိုင်ငံသားများရဲ့လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြား ကဏ္ဍတွေမှာ နည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေရုံသာမက ပြည်ပပို့ကုန်များ ပိုမိုတိုးမြင့်လာပြီး နိုင်ငံသားများရဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေမှာဖြစ်ပါတယ်။ ပြည်တွင်းလိုအပ် ချက်ဖြစ်တဲ့ အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသူ (Importer)အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ(Exporter)အဖြစ်သို့ ရောက်ရှိတဲ့ အထိ ဆောင်ရွက်သွားဖို့ ရည်မှန်းချက်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက် သွားကြရပါမယ်။
ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ ကျွန်တော်တို့ဟာ “ကမ္ဘာကြည့် ကြည့်မြင်” ဆောင်ရွက်ကြရပါမယ်။ ကမ္ဘာမှာ လူသားတွေအတွက် အဓိက အခြေခံအကျဆုံးလိုအပ်ချက်ကတော့ စား၊ ဝတ်၊ နေရေးပါပဲ။ ကမ္ဘာ့လူဦးရေဟာ ၂၀၀၀ ပြည့်နှစ်မှာ ၆ ဒသမ ၁ ဘီလီယံခန့်၊ ၂၀၂၀ ပြည့်နှစ်မှာ ၇ ဒသမ ၈ ဘီလီယံခန့်၊ ၂၀၂၂ ခုနှစ်မှာ ၈ ဘီလီယံအထိ ဖြစ်လာပြီး နှစ်စဉ်လည်း တိုးတက်လျက်ရှိပါတယ်။ ဒီလိုတိုးတက်လာ တဲ့ လူဦးရေနဲ့ အညီ စား၊ ဝတ်၊ နေရေးလိုအပ်ချက်ဟာလည်း အချိုးကျ မြင့်တက်လာမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန် လိုအပ်ချက်တွေဟာလည်း သိသာစွာမြင့်တက်လာမှာ ဖြစ်ပါတယ်။ လူသားတို့ရဲ့ စားရေးနဲ့ ဝတ်ရေးကို စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍကပဲ အများဆုံးထောက်ပံ့ပေးနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့လူဦးရေအများပြားဆုံး နိုင်ငံများအကြားမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ ပထဝီအနေအထားဟာ ကောက်ပဲသီးနှံ မျိုးစုံ၊ သစ်သီးဝလံမျိုးစုံနဲ့ မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်း တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလိုတည်ရှိပြီး အခြေခံအချက်တွေကို ကျွန်တော် တို့ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ဖို့လိုပါတယ်။ လူသားတို့အတွက် အခြေခံလိုအပ်ချက်တွေ ဆက်လက်မြင့်တက်လာဦးမယ့်ကမ္ဘာမှာ စားနပ်ရိက္ခာလုံခြုံရေး (Food Security) ဟာလည်း အရေးကြီးလာ ပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးနဲ့ ဖူလုံရေး အတွက် အထောက်အကူပြုပေးနိုင်တဲ့ အလားအလာကောင်းများစွာ ပိုင်ဆိုင်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ တစ်ချိန်က အလေးထားပြောကြားခဲ့ ကြတဲ့ လယ်ယာစိုက်ပျိုးရေးစွမ်းအားရှိတဲ့ (Agricultural Power Country) နိုင်ငံဖြစ်လာနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။
အဓိကစိုက်ပျိုးသီးနှံများကို စိုက်ဧကတိုးချဲ့ခြင်းထက် သီးထပ် သီးညှပ် စိုက်ပျိုးမှုတိုးတက်စေအောင် ဆောင်ရွက်ခြင်းနဲ့ အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ရင် ယခုအခြေအနေထက် များစွာ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါတယ်။ အလားတူပဲ မွေးမြူရေးလုပ်ငန်း များကို စနစ်တကျမွေးမြူပြီး မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရင် ပြည်တွင်းသားငါးဖူလုံမှုသာမက ပြည်ပသွင်းကုန် အစားထိုးနိုင်ခြင်း၊ အဓိကပို့ကုန်ကဏ္ဍအဖြစ် ပါဝင်လာနိုင်စေတဲ့အထိ အကျိုးရှိစေနိုင်ပါတယ်။ ဒီလိုအခွင့်အလမ်းကောင်းများစွာရှိနေတဲ့ အတွက် ပြည်တွင်းစီးပွားရေးမြှင့်တင်မှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ
လူတိုင်း၊ နိုင်ငံတိုင်းရဲ့ လိုလားချက်၊ မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒီလိုလားချက်၊ မျှော်လင့်ချက်ကို ကျွန်တော်တို့ အရှိန်အဟုန်မြှင့်တင် ဖြည့်ဆည်းကြပါမယ်။ ကျွန်တော်တို့တစ်တွေ လုံ့လဝီရိယခွန်အား စိုက်ထုတ် ဆောင်ရွက်ဖို့သာ လိုပါတယ်။ “ဆန္ဒကြီးခြင်းဖြင့်၊ ကျွန်တော်တို့ ကြံသမျှပြီးရပါမယ်”။
ကျွန်တော်တို့ အစိုးရအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာမှာ ဖြစ်နိုင်တာတွေကို ပြည်သူလူထု တစ်ရပ်လုံးအကျိုးကိုရှေးရှုပြီး လက်တွေ့ကျကျ ဆောင်ရွက်သွား ပါမယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း တိုင်းပြည်သာယာဝပြောရေး နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ နိုင်ငံတော် အကျိုးကိုရှေးရှုပြီး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန် တဲ့ နိုင်ငံတော်နဲ့လူမှုစီးပွားဘဝကို တည်ဆောက်လျက်ရှိပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံကိုတည်ဆောက်ရာမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ သိသင့်သိထိုက်၊ ရှိသင့်ရှိထိုက်တဲ့ တွေးခေါ် မြော်မြင်မှုတွေ၊ အသိပညာဗဟုသုတတွေ ရှိနေဖို့လိုပါတယ်။ ဒီကိစ္စကို နေ့ချင်းညချင်း တည်ဆောက်လို့မရပါဘူး။ မျိုးဆက်(Generation)နဲ့ ချီပြီး မျိုးဆက်အလိုက် ဆင့်ကဲတည်ဆောက်သွားရတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ လူသားအရင်းအမြစ်ဟာ အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကို အဓိကတည်ဆောက်ကြရပါမယ်။ ကျောင်းနေအရွယ် ကလေးအားလုံး၊ ပညာသင်ယူရမယ့်အရွယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရန်နဲ့ အခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ ပညာရေးရည်မှန်းချက်ဖြစ်ပါတယ်။ အနည်းဆုံး KG+9 အဆင့် ပြီးမြောက်မှသာ သက်မွေးပညာသင်ကြားရန်အတွက် အခြေခံရသွားမှာ ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
စာသင်ကျောင်းပညာရေးကိုအားပေးသလို ကျောင်းပြင်ပ ပညာ ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားရပါမယ်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်း မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက်၊ အသက်မွေး ဝမ်းကျောင်းအလိုက် အသိပညာ၊ အတတ်ပညာများ ရှာမှီးနိုင်အောင် ဖန်တီးပေးရပါမယ်။ ပညာရှာမှီးရာမှာ အလွယ်ကူဆုံး၊ အသက်သာဆုံး နဲ့ လူအများနဲ့ရင်းနှီးပြီးဖြစ်တဲ့ စာပေဖတ်ရှုခြင်းကတစ်ဆင့် ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ “စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေး” ကို ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဟာ အနာဂတ်နိုင်ငံတော်၊ ဒီမိုကရေစီစနစ်အတွက် များစွာအခိုင်အမာ ဖြစ်စေပါလိမ့်မယ်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစား လှုပ်ရှားမှုများကို အမျိုးသားရေးအသွင်ဖြင့် တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေဖို့ လိုအပ်ပါတယ်။ မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အားကစားမှာ ထူးချွန်တဲ့ သက်ဆိုင်ရာဒေသကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုသူများ အဆင့်မှ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်ပြီး အားကစားဖြင့် နိုင်ငံနှင့်လူမျိုး ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် မျိုးဆက်သစ်များ မွေးထုတ်ရေးကို လည်း ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရပါမယ်။ ကျန်းမာရေး ကဏ္ဍမှာ လူတိုင်းလက်လှမ်းမီတဲ့ သာတူညီမျှ ကျန်းမာရေးစောင့်ရှောက် မှုစနစ်ကို ရရှိသည်အထိ ရည်မှန်းချက်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်းနဲ့ ပြည်သူများရဲ့ မျှော်မှန်းသက်တမ်း ယခုထက်ပိုမိုမြင့်မားလာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိတဲ့အတွက် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းတွေကို ခုချိန်မှာဆိုရင် လျှော့ချထိန်းချုပ်နိုင်ခဲ့ပြီဖြစ် ပါတယ်။
တိုင်းပြည်စီးပွားရေးနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးမြင့်လာဖို့ အသေးစား၊ အငယ်စားနဲ့ အလတ်စားကုန်ထုတ်လုပ်မှု MSME လုပ်ငန်း များ အောင်မြင်အောင် အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးဟာ အခြေခံကျကျ ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်သလို ပြည်တွင်း အဓိကကုန်ထုတ်လုပ်မှုများဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနဲ့ သဘာဝသယံဇာတများမှ ထွက်ရှိတဲ့ ကုန်ကြမ်းများကို အခြေခံတဲ့ ကုန်ချောထုတ်လုပ်မှုလုပ်ငန်း များလည်း တိုးမြင့်လာမှာဖြစ်ပါတယ်။
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာမှာ သဘာဝ သယံဇာတတွေကို ထုတ်ယူသုံးစွဲသင့်တာမှန်ပေမယ့်လည်း စည်းစနစ် တကျ ထုတ်ယူသုံးစွဲဖို့လိုပါတယ်။ တိုင်းပြည်နဲ့ နောင်မျိုးဆက်များရဲ့ အနာဂတ်ကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ရပါမယ်။ ယခင်က ရရှိခဲ့တဲ့ ထိခိုက်မှုများအတွက်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရ ပါမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယံဇာတများကို ထုတ်ယူ အသုံးပြုရာမှာ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ကုန်ချောအဖြစ် တိုးတက်ထုတ်လုပ်ဆောင်ရွက်ခြင်းဟာ ဝင်ငွေပိုမို ရရှိခြင်း၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖန်တီးပေးနိုင်ခြင်းနဲ့ ပြည်တွင်း ၌ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် အိမ်သုံးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံးအတွက် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာထုတ်လုပ်နိုင်ဖို့နဲ့ လုံလောက်စွာရရှိဖို့အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်တဲ့ ရေအားနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး အလားအလာရှိတဲ့ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်စီမံကိန်းတွေအပါအဝင် အဏုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး လျှပ်စစ်ကဏ္ဍအပါအဝင် အခြားအကျိုးပြုကဏ္ဍများမှာ အသုံးပြုနိုင်ရေးကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက် နေသလို ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် လူမှုရေး ဦးတည်ချက်တစ်ခုဖြစ်တဲ့ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည် ဖော်ထုတ်ပေးဖို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက် အောင်မြင်စွာ ပြန်လည်ကျင်းပပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ပန်းတိုင်ဆီ သို့ ဆက်လက်ချီတက်သွားပါမယ်။ တိုင်းရင်းသားပြည်သူအားလုံး ကလည်း ကျရာအခန်းကဏ္ဍကနေ အတူပူးပေါင်းချီတက်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ ပထဝီနိုင်ငံရေးအခြေအနေ များအရ ကျွန်တော်တို့ဟာ လွတ်လပ်ရေးရပြီးစကာလကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို နိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံအုတ်မြစ်အဖြစ် အစဉ်တစိုက် အသုံးပြုလာခဲ့ပါတယ်။ ယနေ့ခေတ်ကာလမှာလည်း ကျွန်တော်တို့အနေနဲ့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိ ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပါတယ်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ နိုင်ငံတော်ရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိ ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက် စတဲ့ ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အခြားကမ္ဘာ့နိုင်ငံတွေနဲ့လည်း နိုင်ငံ တကာ ဥပဒေများ၊ ပဋိညာဉ်များ၊ သဘောတူညီချက်များနဲ့အညီ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်လိုတဲ့ အချို့အဖွဲ့အစည်းများ၊ နိုင်ငံများရဲ့ စွက်ဖက်မှု၊ နှောင့်ယှက်လုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည် ပြီး ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ရပ်တည်သွားပါမယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားအပေါ် ရပ်တည်သွားပါမယ်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံ တကာရေးရာတွေမှာ နိုင်ငံအားလုံး တန်းတူရည်တူရှိမှုနဲ့ မိတ်ဝတ် မပျက် မိတ်ဆွေအဖြစ် ဆက်ဆံရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ အထူးသဖြင့် နီးကပ်စွာ ဆက်သွယ်ဆက်ဆံ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထား ပူးပေါင်းဆောင်ရွက်သွား ပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ “ကျွန်တော်တို့ နိုင်ငံနယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေအပေါ် ဆန့်ကျင်မယ့် မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံသွားမည်မဟုတ်” ဆိုတဲ့ အိမ်နီးချင်း နိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှု၊ အတူဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထားတဲ့မူဝါဒကို လက်တွေ့ကျင့်သုံးလျက်ရှိပါတယ်။ အလားတူ ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့လည်း နီးစပ်စွာ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်တော်တို့ အစိုးရသက်တမ်းကာလတစ်လျှောက်မှာ အမျိုးမျိုး သော ဖိအားတွေ၊ ဝေဖန်မှုတွေ၊ တွန်းထိုးတိုက်ခိုက်မှုတွေကြားထဲက မြန်မာနိုင်ငံရဲ့ ပကတိဖြစ်စဉ်မှန်အပေါ် သဘောပေါက်သိရှိပြီး ပူးပေါင်း ဆောင်ရွက်၊ ဝိုင်းဝန်းအကြံပေးခဲ့ကြတဲ့ အချို့သောနိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံများနဲ့ လူပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။
ပြည်သူလူထုရဲ့စစ်မှန်တဲ့ဆန္ဒဖြစ်ပြီး ကျွန်တော်တို့အစိုးရက ဖော်ဆောင်နေတဲ့ “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” ခိုင်မာစေရေးမှာ တတ်နိုင်တဲ့ဘက်က ဆက်လက်ဝိုင်းဝန်းပေးကြဖို့ လည်း ပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးကာလတွေမှာ ပြာပုံဘဝဖြစ်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံကို ယခုအခြေအနေထိ ရောက်ရှိစေရေးအတွက် ဘဏ္ဍာရေး၊ နည်းပညာ၊ အခွင့်အလမ်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးခဲ့တဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးကိုလိုလားတဲ့ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်တွင် စောင့်ထိန်း၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ပါတယ်။ နိုင်ငံတော်ရဲ့ပကတိ လိုအပ်ချက်ဖြစ်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေး ကျွန်တော်တို့အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် မှာ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” လို့ ထည့်သွင်းခဲ့ပြီး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိထားတာနဲ့ အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကမ်းလှမ်းခဲ့ပြီး ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ရပ်တည်သွားမယ့်အချက် ၂ချက် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်မှာ အခြေခံပြီး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေကို တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းမယ်ဆိုတဲ့ သဘောထားအမြင် များရှိတာကို တွေ့ရှိရပါတယ်။
တပ်မတော်အနေနဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်အကုန်အထိ ၄ နှစ်တာ ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို NCA လမ်းကြောင်းပေါ် လျှောက်လှမ်းကြဖို့၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရေးလမ်းကြောင်းပေါ်မှာ အမြဲရပ်တည်ခဲ့ပါတယ်။ အခုလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးထားပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့
ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုး ဆက်သစ်များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့လို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန် ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တွေဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ နောက်ဆုံးအချက်မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမယ်”လို့ ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက်လျက်ရှိ နေပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အခြေခံအချက်အလက် များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနတွေက ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းတွေကို အဆင့်လိုက် ဆောင်ရွက်လျက်ရှိပါတယ်။ မဲစာရင်း မှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။
တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေ၊ နစ်နာမှုတွေ ကို ဥပဒေပြုရေးကဏ္ဍမှာ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်မှာ တရားဝင် ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု(PR)စနစ်ဖြင့် ကျင်းပနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ဆွေးနွေးလျက်ရှိပါတယ်။ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအဝန်း လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်သူလူထုတစ်ရပ်လုံးနဲ့ လက်တွဲပူးပေါင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် အသွင်ကူးပြောင်း ပြီးနောက် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပါတယ်။ နိုင်ငံ တစ်ဝန်းမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ မြို့နယ် ၃၁၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရများလက်ထက်ကျမှ ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှု ပိုမိုပြီးနည်းပါးသွားတာကို သတိပြုဖွယ် တွေ့ရပါတယ်။ ရွေးကောက်ပွဲများ ကျင်းပရာမှာလည်း နိုင်ငံသား တစ်ဦးချင်းရဲ့ ဆန္ဒသဘောတရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စတဲ့မတရားမှုများနဲ့ ကင်းဝေးရပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။
မိတ်ဆွေအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ အသိတရား၊ သတိတရားလက်ကိုင်ထားပြီး ကျွန်တော်တို့အစိုးရရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးလုပ်ငန်း စဉ်များမှာ ပူးပေါင်းပါဝင်အားပေးပြီး မြန်မာ့ဒီမိုကရေစီအရေးကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံလိုပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ် ပြီးကာလ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေး ကြိုးပမ်းမှုသမိုင်းတွေမှာ “ ကိုယ်ကျိုးမငဲ့ တိုင်းပြည်အတွက် ” ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အများ အပြား ရှိခဲ့ပါတယ်။ ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး(GCBA)၊ တို့ဗမာအစည်းအရုံး၊ ဖဆပလ အဖွဲ့ချုပ်ကြီး၊ ရဲဘော်သုံးကျိပ်၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စတဲ့ အဖွဲ့ အစည်းများ ရှိခဲ့ပါတယ်။
လူပုဂ္ဂိုလ်တွေမှာဆိုရင်လည်း လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦး ကာလမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ကြွမ်ဘိစ်၊ ပုဂံဗိုလ်ချို စတဲ့ ပုဂ္ဂိုလ်များရှိခဲ့သလို ခေတ်လယ်ပိုင်းမှာလည်း ဦးဘဖေ၊ ဦးချစ်လှိုင်၊ ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော်၊ သခင် ကိုယ်တော်မှိုင်း၊ ဦးဖိုးကျား၊ ဆရာတင်၊ ဦးဝိစာရ၊ ဦးဥတ္တမ စတဲ့ ပုဂ္ဂိုလ် များရှိခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးကာလမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဗိုလ်မှူးကြီးဗထူး စတဲ့ပုဂ္ဂိုလ်များ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ကာလမှာလည်း နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံ့ဂုဏ်သိက္ခာကို နယ်ပယ်အသီးသီးက မြှင့်တင်ခဲ့သူတွေရှိခဲ့ပါတယ်။ ဦးနု၊ ဦးဗဆွေ၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးကျော်ငြိမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၊ ဒေါက်တာ ဘမော်၊ ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ကြီး များ စသူတို့ဟာ ထင်ရှားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ယေဘုယျ ထင်ဟပ် ပေါ်လွင်အောင်သာ ဥပမာဆောင် ပြောကြားခဲ့တဲ့အတွက် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများစွာ ရှိနေဦးမှာဖြစ်ပါတယ်။ ၎င်းအဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များဟာ မည်သို့ပင် အယူဝါဒကွဲပြားခဲ့ကြသည် ဖြစ်စေ၊ ခံယူချက်ကွဲပြားခဲ့ကြသည်ဖြစ်စေ နိုင်ငံတော်ကို တည်ဆောက်ခဲ့ကြသူများဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ခဲ့သူများ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ကို ခေတ်အဆက်ဆက်ကြိုးပမ်း တာဝန်ကျေခဲ့သူများ၊ နိုင်ငံအတွက် အသက်ခန္ဓာ စွန့်လွှတ်ခဲ့သူများကို ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်ခြင်းဖြင့် ဂုဏ်ယူအသိအမှတ်ပြုခဲ့ပါတယ်။ ဒီအခမ်းအနားနဲ့လည်း ထပ်ဆင့် ဂုဏ်ပြုလိုက်ပါကြောင်း ပြောကြားလိုပါတယ်။ သူတို့ဟာ ကျွန်တော် တို့ရဲ့ ရင်ထဲမှာ အမြဲတည်ရှိနေမှာ ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိတယ်ဆိုတာ ကျွန်တော် တို့ ဖြတ်သန်းခဲ့တဲ့သမိုင်းက ပြဆိုခဲ့ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကို ပြည်တွင်းအားနဲ့သာ အဓိကထား တည်ဆောက်ကြရပါမယ်။ မြေပေါ် မြေအောက်နဲ့ ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ် ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံဟာ မဖွံ့ဖြိုးမတိုးတက်စရာမရှိပါဘူး။ ကျွန်တော်တို့ ညီညွတ်ရင်၊ ကြိုးစားရင် ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်းမှသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံအထိ မလွဲဧကန် ရောက်ရှိမှာ ဖြစ်ပါတယ်။ (၇၅)နှစ်တာကာလအတွင်း အခက်အခဲပေါင်းများစွာ ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့မှုအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ (၇၅)နှစ်မှသည် နှစ်ရာ၊ ထောင်မက ကမ္ဘာ တည်သရွေ့ နိုင်ငံတော်ကြီး ဝင့်ကြွားစွာ ထာဝရတည်တံ့နေဖို့ ကျွန်တော်တို့အားလုံး နိုင်ငံချစ်စိတ်၊ မြန်မာစိတ်နဲ့ ကြိုးစားလုပ်ဆောင် သွားကြဖို့ တိုက်တွန်းလိုပါတယ်။ “ကမ္ဘာတည်သရွေ့၊ မြန်မာတည်ရှိ ရပါမယ်”။
ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား-
နိဂုံးချုပ်အနေဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်ဖြစ်သော-
• စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊
• တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ရေး၊
• နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝ တည်ဆောက်ရေး၊
• အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး၊
• လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးနှင့် တိုင်းရင်းသား အားလုံး အချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေးတို့အတွက် နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံး ရဲ့ စုပေါင်းစွမ်းပကားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကျန်းမာရွှင်လန်းကြပါစေ။ အားလုံးကို ကျေးဇူးတင် ပါတယ်။