၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

နေပြည်တော်     သြဂုတ်     ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့်  ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့်  မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ် များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန်  လေ့လာရေးခရီးစဉ်အဖြစ်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ် ၂၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။


အဆိုပါလေ့လာရေးအဖွဲ့အား   ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်  ဇော်ဟိန်းနှင့်    တပ်မတော်အရာရှိကြီးများ၊  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ဌာန ကြီးမှူး      ဦးအောင်ရဲဝင်းနှင့်    တာဝန်ရှိသူများ၊   ကျောင်းသား  ကျောင်းသူများ၏ မိဘဆွေမျိုးများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။


အဆိုပါ လေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီး  သူရိန် ထွန်း ဦးဆောင်၍  စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်  သား၊  သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော် အဆင့် ဘက်စုံပညာထူးချွန်လူငယ်ရွေးချယ် ခံရသည့် ကျောင်းသား ကျောင်းသူ  ငါးဦး၊  အမှတ်အများဆုံး ရရှိသော ကျောင်းသား ကျောင်းသူ ၁၆ ဦး၊  ဂုဏ်ထူး သုံးဘာသာဖြင့်  အောင်မြင်သော  စစ်သည်တစ်ဦး၊ ဂုဏ်ထူးနှစ်ဘာသာဖြင့်   အောင်မြင်သော  စစ်သည် နှစ်ဦးနှင့်     ကျောင်းအုပ်ကြီး/ကျောင်းအုပ်ချုပ်မှု တာဝန်ခံ  ငါးဦးအပါအဝင် စုစုပေါင်း ၂၉ ဦးတို့ပါဝင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှ ၃၁  ရက်အထိ   လေ့လာရေးခရီးသွားရောက်ကြမည် ဖြစ်သည်။


တပ်မတော်အနေဖြင့်  တက္ကသိုလ်ဝင်စာမေးပွဲ တွင်   ထူးချွန်စွာအောင်မြင်ခဲ့သည့်   စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၊ စစ်မှု ထမ်းဟောင်းမိသားစုဝင် သား၊ သမီးများနှင့် စစ်သည် အစားခန့်  အရပ်သားအမှုထမ်းများ၏  သား၊  သမီး များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား    ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေး ခရီးစဉ်များ  စီစဉ်စေလွှတ်ပေးခဲ့သော်လည်း  ကမ္ဘာ တစ်ဝန်းဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များ ၌  ရပ်နားခဲ့ရပြီး  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်မှသာ လေ့လာရေးခရီး       ပြန်လည်စေလွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့    သွားရောက် လေ့လာကြမည့်   အုပ်ချုပ်သူများနှင့်  မျိုးဆက်သစ် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ လေ့လာရေး ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားမှုများကို ယခုလို ကြားသိရသည်-


မောင်ကောင်းထက်သာ
(ခြောက်ဘာသာဂုဏ်ထူးရှင်)
ကျွန်တော်က အ-ထ-က(၁) ဒဂုံကနေ  ခြောက် ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စာသင်နှစ် အစကနေ သင်ခန်းစာတစ်ခုချင်းစီကို ပိုင်နိုင်အောင် ကျက်မှတ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေ စာသင်ကြား ရင်  ဂရုစိုက်နားထောင်ပြီး  အတတ်နိုင်ဆုံး   မှတ်မိ အောင်ကြိုးစားခဲ့ပါတယ်။ ကိုယ့်ဘာသာ စာပြန်ကြည့် တဲ့အချိန်ကိုလည်း   အတတ်နိုင်ဆုံး  အနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်၊     စာပြန်ကြည့်ချိန်နဲ့ အနားယူချိန်မျှတအောင်    စနစ်တကျ  အချိန်ဇယား ချမှတ်ပြီး ကျက်မှတ်ခဲ့ပါတယ်။  အခုလိုရလဒ်ကောင်း အောင် ပံ့ပိုးပေးကြတဲ့ မိဘနှစ်ပါးနဲ့ ငယ်စဉ်ကနေ အခုချိန်အထိ ပညာသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမ တွေကို    ကျေးဇူးတင်ပါတယ်။   အခုလိုခရီးစဉ်ကို လိုက်ပါခွင့်ရရှိအောင်   စီစဉ်ပေးကြတဲ့   နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင် ပါတယ်။


မရှင်းသန့်မေ
(ငါးဘာသာဂုဏ်ထူးရှင်)
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်း ကျောင်းကနေ   ဂုဏ်ထူးငါးဘာသာရရှိခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လေ့လာရေးပို့ဆောင် ပေးတဲ့အတွက် ဝမ်းသာသလို ဂုဏ်လည်းယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုနိုင်ငံမျိုးကိုသွားဖို့ဆိုတာ တော်ရုံမလွယ်တဲ့အခွင့်အရေးပါ။ ဒါကြောင့်  ဒီလို ခရီးစဉ်ကို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်ထူးရဖို့ တစ်နေ့စာတစ်နေ့ ကျက်မှတ်ခဲ့ပါတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေ  သင်ကြားပြသတာကို အမြဲမပြတ်နားထောင်ပြီး     လိုက်နာခဲ့ပါတယ်။ နားမလည်တာရှိရင် အချိန်မဆွဲဘဲ ချက်ချင်းမေးမြန်း ပါတယ်။ အနာဂတ်ရည်မှန်းချက်ကတော့ နိုင်ငံတော် ကို အကျိုးပြုနိုင်တဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားမယ် လို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုခရီးစဉ်ကို သွားရောက် နိုင်အောင်   စီစဉ်ပေးတဲ့    နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။


ဒုတပ်ကြပ် သက်ပိုင်လင်း
(သုံးဘာသာဂုဏ်ထူးရှင်)
ကျွန်တော်ကတော့  ဒုတပ်ကြပ် သက်ပိုင်လင်း ဖြစ်ပါတယ်။ ကျွန်တော်က ပညာရေးကျောင်းကနေ သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ဂုဏ်ထူး ရရှိခဲ့တဲ့ဘာသာရပ်တွေကတော့   ပထဝီ၊  သမိုင်း၊ ဘောဂဘာသာရပ်တို့ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာ၊ ဆရာမတွေ သင်ကြားပြသပေးတဲ့သင်ခန်းစာတွေကို ကြိုးစားပြီး ကျက်မှတ်လေ့လာခဲ့ပါတယ်။ လိုအပ်တဲ့ သင်ခန်းစာတွေ၊ နားမလည်တဲ့  သင်ခန်းစာတွေကို ဆရာ၊ ဆရာမတွေကို မေးမြန်းပြီး အထူးကျက်မှတ် လေ့လာပြီး   အားထုတ်ခဲ့ရပါတယ်။    အဆင့်မြင့် သင်တန်းတွေ၊ တက္ကသိုလ်တွေတက်ပြီး နိုင်ငံတော် နဲ့တပ်မတော်အပေါ် အလုပ်အကျွေးပြုနိုင်တဲ့ နိုင်ငံ့ သားကောင်းဖြစ်အောင် ကြိုးစားသွားပါမယ်။ အခုလို ပြည်ပခရီးကို  ကျွန်တော်တို့   တပ်မတော်သားတွေ အနေနဲ့ သွားရောက်ဖို့မလွယ်ကူပါဘူး။ လေ့လာရေး ခရီးစီစဉ်ပို့ဆောင်ပေးတဲ့ တပ်မတော်အကြီးအကဲကို အထူးကျေးဇူးတင်ရှိပါတယ်။                

သတင်းစဉ်