၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အားကစားပြိုင်ပွဲများစတင်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာ  ကျောင်းသား အားကစား ပွဲတော်ကို   ဒီဇင်ဘာ  ၅  ရက်မှ  ၁၆   ရက်နေ့အထိ  နေပြည်တော် ရှိ     ဝဏ္ဏသိဒ္ဓိ   အားကစားကွင်း၊ အားကစားရုံများနှင့်    လယ်ဝေး အားကစား     လေ့ကျင့်ရေးစခန်း တို့တွင်  ကျင်းပလျက်ရှိရာ  ယနေ့  နံနက်ပိုင်းမှစတင်ပြီး အားကစား နည်းများအလိုက် ယှဉ်ပြိုင်ကစား ကြသည်။
ယနေ့   နံနက်  ၇ နာရီတွင် လယ်ဝေး    အားကစားလေ့ကျင့် ရေးစခန်း၌    ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်အဖြစ်  အမျိုးသား မီတာ ၅၀၀၀အပြေးပြိုင်ပွဲ၊ အမျိုးသား (သုံးဆင့်ခုန်) ပြိုင်ပွဲ၊ အမျိုးသမီး (သုံးဆင့်ခုန်)ပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသမီးသံပြားပစ်ပြိုင်ပွဲများကို ကျင်းပ ကြရာ အမျိုးသားမီတာ ၅၀၀၀  အပြေးပြိုင်ပွဲတွင်   မောင်မင်းဟန် ကျော်(မန္တလေး)က ပထမ၊ မောင်အောင်ကျော်လင်း(ပဲခူး)က ဒုတိယ၊ မောင်ကောင်းသက်ပိုင်ထူး (ရန်ကုန်)က တတိယရရှိကြသည်။   အမျိုး သား (သုံးဆင့်ခုန်) ပြိုင်ပွဲတွင်  မောင်အောင်ခန့်သူ(မန္တလေး)က ပထမ၊ မောင်ဘုန်းမြတ်ကြွယ် (မကွေး)က ဒုတိယ၊  မောင်မင်းသုခ(ပဲခူး)က တတိယရရှိကြသည်။ အမျိုးသမီး မီတာ၂၀၀ အပြေးပြိုင်ပွဲတွင် မညိုညို ဌေး (တနင်္သာရီ)က ပထမ၊ မချောရူပါကို(ဧရာဝတီ)က ဒုတိယ၊ မမိမော် ချမ်း(ကရင်)က တတိယရရှိကြပြီး အမျိုးသားမီတာ၂၀၀ အပြေးပြိုင်ပွဲ တွင် မောင်ခန့်ဇင်ကျော်(တနင်္သာရီ)က ပထမ၊ မောင်အောင်မင်းခန့် (ကရင်)က ဒုတိယ၊ မောင်ရဲထွဋ်အောင်(မကွေး) က တတိယရရှိကြသည်။ 
အမျိုးသမီး(သုံးဆင့်ခုန်)ပြိုင်ပွဲတွင် မသဲဖြူဝင်း(ကချင်)က ပထမ၊ မလင်းလက်ရွှေရည်(မွန်)က ဒုတိယ၊ မခင်ရတနာအောင်(မန္တလေး) က တတိယရရှိကြသည်။
အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် မအွန်ဆိုင်ခမ်း(ရှမ်း)က ပထမ၊ မရှင်ထန်းနား (စစ်ကိုင်း) က ဒုတိယ၊  မယွန်းယုယအောင်(တနင်္သာရီ)က တတိယဆုများကို ရရှိကြရာ  ပြိုင်ပွဲများအပြီးတွင် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် ကျောင်းသား အားကစားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊  ကျောင်းသားအားကစား ပွဲတော် ပြေး၊ခုန်၊ပစ်ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ အခြေခံပညာ ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာစိုးမြင့်ထွန်းတို့က ဆုများကို အသီးသီးချီးမြှင့်ပေးကြသည်။ 
ထို့ပြင် ယနေ့နံနက်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing အားကစားခန်းမ၌    ကျင်းပသည့်    အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပသည့် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊   ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပသည့် အမျိုးသား၊ အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (C)ရုံ၌ ကျင်းပသည့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲနှင့်   ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ    လေ့ကျင့် ရေးကွင်း အမှတ်(၁)နှင့်(၃)တို့တွင် ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစား ခဲ့ကြောင်း သိရသည်။                                                  သတင်းစဉ်