
နေပြည်တော် မတ် ၉
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြ လာသည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း များကို စိစစ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို အခြေခံ၍ ဘဏ္ဍာနှစ်အလိုက်၊ ကဏ္ဍ အလိုက် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြိုတင် စိစစ်တင်ပြလာသည့် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ လျာထားချက်စာရင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့နှင့် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကာ ထပ်ဆင့် စိစစ်သွားမည်ဖြစ်ကြောင်း။
အသုံးစရိတ်များကို စိစစ်ဆောင်ရွက်
ယခု အချိန်ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းကို ကောင်းစွာထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင်ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်း များ ပုံမှန်ပြန်လည် လည်ပတ်လာပြီ ဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထက် ရငွေများပိုမိုရရှိမည်ဟု ခန့်မှန်း ပါကြောင်း၊ အသုံးစရိတ်နှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းရရှိနိုင်မည့် ရငွေအပေါ် မူတည် ခွဲဝေလျာထားရမည်ဖြစ်ပြီး ဘတ်ဂျက်လိုငွေ အခြေ အနေကိုလည်း သင့်တင့်လျောက်ပတ်စွာ ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သုံးသင့် သုံးထိုက်သည့် အသုံးစရိတ်များနှင့် မသုံးသင့် မသုံးထိုက်သည့် အသုံးစရိတ်များကို စိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မဖြစ်မနေခွင့်ပြုရသည့် လစာနှင့် စရိတ်များ၊ လုပ်အားခများ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များ အပါအဝင် သာမန်အသုံးစရိတ်များနှင့် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးစားပေးသုံးစွဲရမည့် အခြေခံ အဆောက်အအုံဆိုင်ရာ အသုံးစရိတ်အပါအဝင် ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲသွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ် များ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အထောက်အကူ ဖြစ်စေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းပန်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးအစီအစဉ်များအလိုက် ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း။
စက်သုံးဆီသုံးစွဲမှုများ
တတ်နိုင်သမျှ လျှော့ချသုံးစွဲရမည်
စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ စက်သုံးဆီများ သည် ကမ္ဘာနှင့်တစ်ဝန်း ဈေးနှုန်းမြင့်တက်နေသည့် အခြေအနေဖြစ်ကြောင်း၊ ပြည်ပမှ မှာယူတင်သွင်း ရပြီး စျေးနှုန်းကြီးမြင့်သည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းစေရန်နှင့် အသုံးစရိတ်များ မြင့်မားမှုကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီ သုံးစွဲမှုများကို တတ်နိုင်သမျှ လျှော့ချသုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စက်သုံးဆီသုံးစွဲမှု များကို အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံး အတွက်ဖြစ်စေ စိစိစစ်စစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ရုံးသစ် များ၊ ဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ခြင်း များနှင့် ပတ်သက်၍ သာမန်အားဖြင့် ခွင့်ပြုမည် မဟုတ်ဘဲ လိုအပ်ချက်အပေါ်မူတည်၍ နယ်မြေဒေသ အခြေအနေ၊ လုံခြုံရေးအခြေများအရ ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးစက်ပစ္စည်း၊ ပရိဘောဂများဝယ်ယူခြင်းနှင့် ပတ်သက်၍ Luxury ပစ္စည်းများ ဝယ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ဌာန အတွက် လိုအပ်သည့်အခြေအနေနှင့် ယခင်ဝယ်ယူ ထားသည့် အခြေအနေတို့ကို စိစစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း။
ယခု ညှိနှိုင်းအစည်းအဝေးတွင် အချို့ဝန်ကြီးဌာန များအနေဖြင့် သက်ဆိုင်ရာ အကြီးအကဲများ၏ လတ်တလော ညွှန်ကြားချက်နှင့် မဖြစ်မနေ ဆောင်ရွက်ရမည့် တာဝန်ပေးချက်များအရ ထပ်မံ တင်ပြမည့်အချက်များကို ပွင့်လင်းစွာ တင်ပြ ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ် သည့်အချိန်တွင် ဌာန၊ အဖွဲ့အစည်းများ၏ လျာထား ချက်များအပေါ် အကျေအလည်ညှိနှိုင်းပြီး စိစစ်ထား ပြီး ဖြစ်သည်ဟုသိရကြောင်း၊ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ရငွေလျာထားချက်များနှင့် အသုံးစရိတ်လျာထားချက်များအပေါ်တွင် ပြင်ဆင်ရန်ရှိပါက ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း၊ လုပ်ငန်း လိုအပ်ချက်အရလည်းကောင်း၊ အမှန်တကယ် ဆောင်ရွက်ရမည့် အခြေအနေအရလည်းကောင်း တင်ပြရန်ရှိပါက ဆက်လက်တင်ပြနိုင်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ ရေးဆွဲ တင်ပြလာသော ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ရငွေ၊ သုံးငွေစာရင်းများနှင့် စပ်လျဉ်း၍စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ဌာနများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ရှင်းလင်းတင်ပြကြရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး သည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်