
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥပဒေအမှတ် ၂၀/၂၀၂၃)
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်
(၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်)
နိဒါန်း
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။
( ခ ) ဤဥပဒေသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းအတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်စေရမည်။
၂။ ဤဥပဒေသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေဖြစ်သည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက် ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည် ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များဖြစ်သည်။ အမျိုးသား စီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြုရေးဆွဲချမှတ်သော စိုက်ပျိုး ရေးနှင့် မွေးမြူရေးစီမံကိန်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှု စီမံကိန်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်း၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးစီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း စသည့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်။
( ခ ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်းစီးပွားရေးတစ်ရပ်လုံးအတွက် ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များဖြစ်သည်။
( ဂ ) ဘဏ္ဍာရေးနှစ် ဆိုသည်မှာ ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ နေ့အထိကာလဖြစ်သည်။
(ဃ) နှစ်ကုန်ခန့်မှန်းခြေ ဆိုသည်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ ၆ လပတ် အကောင်အထည် ဖော်နိုင်မှုနှင့် ဒုတိယ ၆ လပတ် အကောင်အထည်ဖော်နိုင်မည့်အခြေအနေတို့ကို ပေါင်းစပ် ခန့်မှန်းထားခြင်း ဖြစ်ပါသည်။
( င ) ပုံမှန်စျေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။
(စ) နှစ်အလိုက်စျေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။
(ဆ) သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများ ဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့်သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများကိုဆိုသည်။
အခန်း(၂)
စီမံကိန်းရည်မှန်းချက်များ
၄။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း၏အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၄.၁ ရာခိုင်နှုန်း တိုးတက်ရန်၊
( ခ ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ-
(၁) လယ်ယာကဏ္ဍတွင် ၂.၅ ရာခိုင်နှုန်း တိုးတက်ရန်၊
(၂) သားငါးကဏ္ဍတွင် ၂.၁ ရာခိုင်နှုန်း တိုးတက်ရန်၊
(၃) သစ်တောကဏ္ဍတွင် ၁၅.၉ ရာခိုင်နှုန်း တိုးတက်ရန်၊
(၄) စွမ်းအင်ကဏ္ဍတွင် ၁၂.၈ ရာခိုင်နှုန်း လျော့နည်းရန်၊
(၅) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၁၇.၀ ရာခိုင်နှုန်း တိုးတက်ရန်၊
(၆) စက်မှုလက်မှုကဏ္ဍတွင် ၄.၈ ရာခိုင်နှုန်းတိုးတက်ရန်၊
(၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၈.၈ ရာခိုင်နှုန်းတိုးတက်ရန်၊
(၈) ဆောက်လုပ်မှုကဏ္ဍတွင် ၃.၄ ရာခိုင်နှုန်းတိုးတက်ရန်၊
(၉) ပို့ဆောင်ရေးကဏ္ဍတွင် ၇.၃ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၂) လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၃.၄ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၆.၇ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၄.၆ ရာခိုင်နှုန်းတိုးတက်ရန်၊
(ဂ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ -
(၁) ကချင်ပြည်နယ်တွင် ၃.၆ ရာခိုင်နှုန်းတိုးတက်ရန်၊
(၂) ကယားပြည်နယ်တွင် ၄.၅ ရာခိုင်နှုန်းတိုးတက်ရန်၊
(၃) ကရင်ပြည်နယ်တွင် ၃.၆ ရာခိုင်နှုန်းတိုးတက်ရန်၊
(၄) ချင်းပြည်နယ်တွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊
(၅) စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄.၀ ရာခိုင်နှုန်းတိုးတက်ရန်၊
(၆) တနင်္သာရီတိုင်းဒေသကြီးတွင် ၂.၁ ရာခိုင်နှုန်းတိုးတက်ရန်၊
(၇) ပဲခူးတိုင်းဒေသကြီးတွင် ၅.၅ ရာခိုင်နှုန်းတိုးတက်ရန်၊
(၈) မကွေးတိုင်းဒေသကြီးတွင် ၂.၇ ရာခိုင်နှုန်းတိုးတက်ရန်၊
(၉) မန္တလေးတိုင်းဒေသကြီးတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၀) မွန်ပြည်နယ်တွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၁) ရခိုင်ပြည်နယ်တွင် ၁.၀ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၂) ရန်ကုန်တိုင်းဒေသကြီးတွင် ၅.၉ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၃) ရှမ်းပြည်နယ်တွင် ၄.၄ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၁.၂ ရာခိုင်နှုန်းတိုးတက်ရန်၊
(၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ရန်၊
(ဃ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းအရ လယ်ယာ ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၂.၃ ရာခိုင်နှုန်းမှ ၂၁.၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၈.၁ ရာခိုင်နှုန်းမှ ၃၈.၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၉.၆ ရာခိုင်နှုန်းမှ ၃၉.၇ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊
(င) နိုင်ငံပိုင်အခန်းမှ ကျပ် ၈,၃၃၇.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်၊
(စ) နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၆,၅၀၀ သန်း တင်ပို့ရန်နှင့်ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၆,၀၀၀ သန်း တင်သွင်းရန်၊
(ဆ) လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၂,၄၅၇,၁၁၈ ဖြစ်ပေါ်လာရန်။
အခန်း(၃)
အထွေထွေ
၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်းအကောင်အထည်ဖော်ကြရန် ဖြစ်သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သောလုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြား ချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။
၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာ သော စီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။
၇။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်တို့နှင့်အညီ ဆောင်ရွက်ရမည်။
၈။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရမည်။
၉။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများတင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထား သော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။
၁၀။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်သောစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့ကို အထောက်အကူပြုသောစီမံကိန်းများနှင့် နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကိုအကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက်စီမံကိန်းများ ပါဝင်ရမည်။
၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။
၁၂။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိ၊ ပြည်သူများအတွက် အကျိုးရှိမရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိမရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီးဖြစ်ရမည့် အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်း ဖြစ်ရ မည်။ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်း များနှင့် စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ်အတည်ပြုထားသည့် ဗျူဟာမြောက်စီမံကိန်းများကို နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။
၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ အတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်း ဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။
၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသည့် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ